Wednesday, April 2, 2014

သထုံတွင်ပိတ်မိသည့်သမီးလေးတို့အဖွဲ့ ဒုံသမိတံတားအနီး ညအိပ်ရပ်နားရမည်

(ဓာတ်ပုံ ရှင်းလင်းချက် - သမီးလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနဲ့ အင်းမတီးကျေး ရွာတွေက အိမ်ထောင်စု ၈၀ ဟာ DKBA ထိန်းချုပ်နယ်မြေ အတွင်းက ကျောက်ခက်ကျေးရွာကို ဧပြီလ ၁ ရက်နေ့က DKBA အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြောင်းရွှေ့စဉ် - Photo : Kyaw Zaw Win, Lar Wah Shee/RFA )

လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှ နှင်ထုတ်ခံရသည့် ရွာသား ၂၀၀ ခန့်ကို DKBA  အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် မြ၀တီမြို့နယ်သို့ ခေါ်ဆောင်သွားရာတွင်  ကရင်ပြည်နယ် နယ်နိမိတ်အ၀င်တွင် တားဆီးခံရပြီး နောက် ခေါ်ဆောင်သွားသည့် အဖွဲ့နှင့် ပြည်နယ်အစိုးရ တို့အကြား ဆွေးနွေးညှိနှိုင်းသော်လည်း ပြေလည်မှုမရသေးဘဲ ယင်းတံတားအနီးတွင်ပင်  ညအိပ်စခန်းချရပ်နားရမည် အခြေအနေ ရောက်နေကြောင်း သိရှိရသည်။

မိုးမခ သတင်းထောက် က သတင်းပေးပို့ရာတွင် “နေ့ခင်းကတည်းက ဘားအံကိုပေးဝင်ဖို့ ဒီကေဘီအေနဲ့ အစိုးရဘက်က တာဝန်ရှိသူအချို့နဲ့ ညှိတာ မရဘူး၊ နောက်ညနေပိုင်း သစ္စာတောင် ဆရာတော်ကြွလာပြီး ၀င်ညှိလည်း မရဘူး၊ နောက်ဆုံးတော့ ဒုက္ခသည်တွေ အဲဒီနေရာမှာပဲ ညအိပ်ဖို့ ပြင်ဆင်နေတယ်။ တနေ့လုံးနေပူထဲမှာ နေကြရတော့ ကလေးတွေ အမျိုးသမီးတွေ နဲ့ ကိုယ်ဝန်ဆောင်တွေပါတော့ ဆေးဝါး အကူအညီလိုအပ်တာတွေရှိမယ်” ဟု ပြောသည်။

ညနေ ၆နာရီခွဲ နောက်ဆုံး သိရှိရသည့် သတင်းများအရ DKBA  အဖွဲ့မှ ဗိုလ်မှူး ဆန်းအောင် နှင့် ကရင်ပြည်နယ် ၀န်ကြီးချုပ်တို့ ဆွေးနွေးမှုအပြီး ဒုံသမိတံတားပေါ် ဖြတ်သန်းခွင့်ပြုသော်လည်း  DKBA  နယ်မြေသို့ သွားရောက်ခွင့်မပြုကြောင်း ပြည်နယ်အစိုးရက ပြောဆိုသည်ဟု သိရသည်။

Copy from - moemaka.

0 comments: