Friday, April 25, 2014

ထောင်သေးတာ နဲ့ထောင်ကြီးတာပဲ ကွာတဲ့ အပြောင်းအလဲကို တွေ့ သွားတဲ့ ဦးဝင်းတင်××××

အပြင်ရောက်တော့လည်း ထောင်ကိုပဲ ရောက်နေပြန်ပါပကောလား။ ထောင်ကြီးတာနဲ့ ထောင်သေးတာပဲ ကွာတယ် ပေါ့လေ။

ကျွန်တော် ထောင်ကျလို့ အိမ်ခန်းက ဖယ်ရှားခံရတယ်။ အငြိမ်းစားလစာ ရိက္ခာခံစားခွင့် ဆုံးရှုံးရတယ်၊ ထောက်လှမ်းရေး စစ်ကြောရေး လက်ချက်နဲ့ သွားတွေ အားလုံး ပြောင်သလင်းခါခဲ့တယ်။ ထောင်ဆန်ကြမ်းထမင်းနဲ့ ထောင်ဟင်းရွက်ပြုတ်ရည်ကို မသေရုံတမယ် သွားဖုံးနဲ့ မြုံခဲ့ရတယ်။ အဲဒီလို နေခဲ့ရတာ ရှစ်နှစ်တိတိကြာတယ်၊ ဒုက္ခရောက်ပုံတော့ ပြောမပြတတ်အောင်ပါပဲ။ အစာအိမ်ရောဂါ စွဲခဲ့ရတယ်။ အူကျရောဂါကို ငါးနှစ်လုံးလုံးခွဲစိတ်ကုသခွင့် မပေး။ ဆေးရုံမတင် ဖြစ်ချင်ရာဖြစ် ပစ်ထားခံခဲ့ရတယ်။ နောက်ဆုံးခွဲစိတ်တော့ နောက်ကျလွန်းနေပြီ၊ အူတွေ ပူးကက်ကျပ်ညပ်ဖြစ်နေပြီ၊ အာရုံကြောတွေနဲ့ ထွေးရောယှက်တင်ဖြစ်ကုန်ပြီ၊ ခွဲစိတ်ဒဏ်ကြောင့် ပေါင်းတစ်ဖက် နာကျင်ကိုက်ခဲ အမြဲ ဖြစ်နေရပြီ၊ မွေးရာပါ ပစ္စည်းတခု ဆုံးပါးခဲ့ရပြီ၊ နှလုံးရောဂါကို ထိရောက်လုံလောက်တဲ့ ကုသလမှု မပေးခဲ့လို့ အခု ဒီရောဂါက သေရွာပို့တဲ့အဆင့်ရောက်နေရပြီ၊
 
နှစ်နှစ်ဆယ်ပြည့်လုနီးပါး လုံးလုံး ကျွန်တော့်ကို တိုက်ပိတ်ထားခဲ့တယ်။ အခြား နိုင်ငံရေးအကျဉ်းသား၊ ရာဇ၀တ်အကျဉ်သားတွေနဲ့ သာမက ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ထားခဲ့တယ်။ ဘေးအခန်းက လူတွေနဲ့ စကားပြောဖို့ အသာထား လှမ်းအော်ရင်တောင် မကြားရအောင် ကျွန်တော်နဲ့ တခြား လူနေအခမ်းတွေ ကြားမှာ အနည်းဆုံး သုံးခန်းလေးခန်း (သုံးဆယ်နှစ်ပေ-လေးဆယ့်ရှစ်ပေ) ခြားထားခဲ့တယ်။

 နှစ်ပေါင်းနှယ်ဆယ်ဆိုတဲ့ အဟောသိကံကာလရှည်ကြီးက ကျွန်တော့်ရဲ့ ဘ၀ နေ၀င်ချိန် လူစင်မီမှုကို ကိုက်ဖဲ့ဝါးမျိုသွားတယ်၊ စာအုပ်မဖတ်ရ၊ လူသူ မတွေ့ရ၊ စကားမပြောရ၊ လှုပ်ရှားသွားလာ မလုပ်ရ။ ၀ါသနာ အလုပ်တွေ၊ (ပန်းချီ၊ ဂီတ၊ စာရေးစာဖတ်၊ အိမ်မျှော်) တွေ ဆုံးရှုံးရ။

 တိုတိုပြောရရင် ကျွန်တော်ရဲ့ လူ့သက်တမ်းထဲက လေးပုံတစ်ပုံလောက်ကို နင်းချေဖျက်ချေ အမှုန့်ချေ ရေမျှာပစ်ခဲ့တယ်ဗျာ။ နှမြောလိုက်တာ။ နှမြောလိုက်တာ။ အသည်းနာပါရဲ့။ နှလုံးနာပါရဲ့။ စိတ်နာပါရဲ့။
ကောင်းကြသေးရဲ့လားဗျာတို့လို့ လောကကြီးကို အော်ဟစ်တိုင်တည်လိုက်ချင်တယ်။

အသက်ရှစ်ဆယ်မှာ ကျွန်တော် နေစရာအိမ်မရှိဘူး။ သုံးစရာငွေမရှိဘူး။ တွေးစရာခေါင်းမရှိဘး။ အကြံမဲ့ ဥာဏ်မဲ့ နလမဲ့တုံးဖြစ်နေပြီး၊ လှုပ်စရာ အားမရျိဘူး၊ ရောဂါတွေ တစ်သီတစ်တန်းနဲ့ အိုနာကျိုးကန်းဖြစ်နေပြီး၊ ခိုစရာ ကွန်းမရှိဘူး။ ကျောင်းကန်ဘုရား၊ ဆွေအိမ်မျိုးအိမ်၊ မိတ်ဆွေ သူငယ်ချင်း အိမ်၊ ဥယျာဉ်ပန်းခြံ၊ ရုံးပြင်ကနား၊ ဈေးကျောင်း၊ ပြခန်း၊ ဆေးရုံ၊ သုသာန်တွေကိုတောင် စိတ်လွတ်လူလွတ် သွားလာ ၀င်ထွက်လုပ်လို့မရဘူး။ သွားလို့ မရဘူး။ သတင်းထောက်လှမ်းရေး တပ်သားတွေ၊ မော်တော်ဆိုင်ကယ်တွေ နောက်က တဘုံးဘုံး တန်းလန်း။

 ကျွန်တော်ထောင်ထဲက ထွက်လာခဲ့တယ်။ အပြင်ရောက်တော့လည်း ထောင်ကိုပဲ ရောက်နေပြန်ပါပကောလား။ ထောင်ကြီးတာနဲ့ ထောင်သေးတာပဲ ကွာတယ် ပေါ့လေ။
ဦးဝင်းတင်
(ဦးဝင်းတင်၊ ဘာလဲဟဲ့ လူ့ငရဲ အမှာစာမှ..)

0 comments: