Saturday, February 8, 2014

ငါတို့အိမ်ဘယ်မှာလဲ

ဓာတ်ပုံ- ကျော်ဇင်သန်း
ညနေခင်း ကျောင်းဆင်းချိန်။ စာသင်ခန်းထဲမှ လွတ်လပ်ပေါ့ပါးစွာ ပြေးထွက်လာသော ကလေးငယ်တစ်ဦး။ လွယ်အိတ်ကို ခပ်တိုတိုထုံးချည်လိုက်သည်။ အင်္ကျီလက်ကို ပင့်တင်သည်။ ပြီးတော့ အိမ်ဆီသို့ခြေလှမ်းသွက်သွက်ဖြင့် ပြန်သွားနေသည်။ သူ့စိတ်ထဲမှာ အိမ်ကပြင်ပေါ် ကျောင်းလွယ်အိတ်ကို ပစ်တင်မည်။ ဒီလိုဆိုလျှင် အမေကတော့ သူ့ထုံးစံအတိုင်း “ဟဲ့ ကပြက်ကချော်ကောင်လေး ဘယ်သွားဦး...မှာလဲ”ဟု အော်ဦးမှာသေချာသည်။

ဒါပေမဲ့ အမေ့ကိုတော့ သူပိုင်သည် “ဒီနားလေးတင်ပါ အမေရ”ဆိုပြီး လစ်ထွက်လျှင်ရသည်။ အရပ်ထဲက အခြားသူငယ်ချင်းတွေနှင့် ကစားမည်။ ဘုန်းကြီးကျောင်းရှေ့ မြေကွက်လပ်မှာ ညနေတိုင်း သူနှင့်ရွယ်တူကလေးတွေစုပြီး ဘောလုံးကန်နေကျ။ ပြီးတော့ ရေကိုတ၀ကြီးချိုးမည်။ အမေချက်ထားမည့် ထမင်းဟင်းကို ဗိုက်ဆာဆာနှင့်စားမည်။ ထို့နောက်မှ ကျောင်းကပေးလိုက်သည့် အိမ်စာလုပ်မည် စသည့်စိတ်ကူးတစ်ထွေးကြီးနှင့် သူ့ခြေလှမ်းတွေ သွက်လက်လွန်းလှသည်။

သို့သော် အိမ်ပြန်ရောက်သည့်အခါ သူ့စိတ်ကူးကမ္ဘာပြိုပျက်သွားသည်။ နေ့စဉ် သူပြန်လာနေကျ ကျေးလက်လမ်းကလေး၏ ဘေးဘီဝဲယာမှ ရှုခင်းသည် ခါတိုင်းနေ့တွေကနှင့်မတူ။ ရွာပတ်ဝန်းကျင်သည် သွေ့ခြောက်နေသည်။ အပျက်အစီးပုံတွေကြားထဲမှာ သူနေ့စဉ်မြင်နေကျ လူကြီးတွေကလည်း မျက်နှာမကောင်းကြ။ တချို့ကတော့ ပိုင်ဆိုင်သမျှကို အ၀တ်ဟောင်းတစ်ခုနှင့် စုရုံးထုပ်ပိုးပြီး ဦးတည်ရာမဲ့ခြေလှမ်းများဖြင့် သွားနေကြသည်။ မိန်းမကြီးအချို့ကတော့ ငိုလျက်ရှိသည်။

ရွာထဲမှာလည်း သူတစ်ခါမှာမမြင်ဖူးသည့်လူတွေကို တွေ့ရသည်။ သူတို့က ဓာတ်ပုံတွေရိုက်သည်။ အချို့က ဗီဒီယိုကင်မရာကြီးတွေနှင့်။ ရုတ်တရက် ရွာထဲမှာ ရုပ်ရှင်များလာရိုက်ကြသလားဟုပင် ထင်မိသေးသည်။ ဒါပေမဲ့ ဟုတ်ပုံမရ။ မင်းသား၊ မင်းသမီးဆိုလျှင် ရွာထဲမှာ မိန်းမပျိုတွေ၊ အဒေါ်ကြီးတွေက ဒီအတိုင်းနေမှာမဟုတ်။ သူတို့ရွာ မင်းသမီး၊ မင်းသားလာတယ်ဆိုပြီးတော့ သိပ်ပျော်နေကြမှာ။

တစ်နေရာမှာတော့ ရဲသားကြီးတွေကို တွေ့ရသည်။ သူတို့လက်ထဲမှာလည်း တုတ်ကြီးတွေနှင့်။ သူတို့မျက်နှာတွေ ခပ်တင်းတင်း။ လူတိုင်းကို မျက်လုံးဒေါက်ထောက်ပြီး ကြည့်နေသည်။ ရွာထဲကလူတွေကို အော်ဟစ်ပြီး အမိန့်တွေပေးနေသည်။ သူတို့၏မျက်လုံးတွေကလည်း ဘယ်သူ့ကိုမှမသင်္ကာသည့် မျက်လုံးမျိုး။ သူက မတ်တတ်ရပ်ပြီး ကလေးပီပီ စပ်စုသည်။ ထိုအခိုက် သူ့ကိုလှမ်းကြည့်နေသည့် ရဲသားတစ်ယောက်နှင့် မျက်လုံးချင်းဆုံမိသည်။ သူချက်ချင်း မျက်နှာအောက်ငုံ့လိုက်သည်။ ကြက်သီးတွေပင်ထလာသည်။ အိမ်ပဲ တန်းတန်းမတ်မတ် ပြန်တာကောင်းသည်ဟု သူတွေးသည်။

လမ်းလျှောက်လာရင်း တွေ့နေရသည့် မြင်ကွင်းများကြောင့် သူစိုးရိမ်လာသည်။ ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကလေးတစ်ဦးအနေနှင့် ဒီ့ထက်လည်း ပိုမတွေးတတ်။ သူ့အိမ်ရှိရာသို့ ပြန်လာသည်။ ခက်သည်။ သူ့အိမ်နေရာကိုလည်း သူမမှတ်မိတော့။ အားလုံးက အပျက်အစီးပုံကြီးတွေ၊ အိမ်တစ်လုံးဖြိုဖျက်ပြီးနောက် တိုင်လုံးကြီးတွေက လေထဲမှာ မိုးတိုးမတ်တတ်။ ငါ့အိမ်ဟာ ဘယ်မှာပါလိမ့်။ မနက်က ငါကျောင်းမသွားခင်ကလေးတင် ရှိနေခဲ့သေးသည့် ငါ့အိမ်။ ငါတို့အိမ်၊ ငါ့ကစားဖော်
သူငယ်ချင်းများရဲ့ အိမ်တွေဘယ်မှာလဲ။

ခဏနေတော့ အဖေ့ကိုတွေ့သည်။ အမေ့ကိုတွေ့သည်။ အဖေက အံကြိတ်ရလွန်းသဖြင့် မေးရိုးကြီးပင်တင်းမာနေသည်။ အေပၚအက်ႌမပါ။ ရင်ဆို့ဆီမှ ချွေးကလေးတွေသီးနေတာ အထင်းသားမြင်ရသည်။ အမေကတော့ တစ်နေ့လုံးငိုထားပုံပါပဲ။ မျက်ခွံတွေမို့မောက်လျက်ရှိသည်။ အဖေ့ပုဆိုးဟောင်းတစ်ထည်ကို ခေါင်းမှာပတ်စည်းထားသည်။ သို့သော် ကပိုကရို။ အမေ့ဆံပင်တွေက ထုံးချည်ထားခြင်းမရှိသဖြင့် ဖရိုဖရဲဖြစ်နေသည်။

ခြောက်သွေ့နေသည့် အမေ့နှုတ်ခမ်းက အနည်းငယ်မျှ လှုပ်သွားသည်။ “သား”ဟု ခေါ်လိုက်သည်ဟု ထင်သည်။ သို့သော် အမေ့အသံထွက်မလာ။ နှုတ်ခမ်းလှုပ်ရုံမျှသာ။ သူအခုထိ ကျောင်းလွယ်အိတ်ကိုလွယ်ထားတုန်း။ အမေဘာဖြစ်နေသလဲ။ အမေဘာဖြစ်နေသလဲ။ ငါတို့အိမ်ဘယ်ရောက်သွားသလဲ စသည့်မေးခွန်းတွေက လည်ချောင်းဝမှာ။ အမေ့ကို မေးချင်သည်။ အဖေ့ကို
မေးချင်သည်။ ဘာဖြစ်နေကြတာလဲဗျာ။ မေးချင်သည်။ ဒါပေမဲ့ အခြေအနေတွေကို သူနားမလည်သေးပါ။

နောက်ထပ် မိနစ်အနည်းငယ်ကြာသည်အထိ သူတို့သားအမိသားအဖသုံးဦးစလုံး အပျက်အစီးပုံကြီးနားမှာ တွေဝေပြီးရပ်နေမိကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရုံကလွဲပြီး စကားသံထွက်မလာ။ ခဏနေတော့မှ အဖေက မတ်တတ်ရပ်နေရာမှ သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ အိမ်ခေါင်မိုးမှ ၀ါးလုံးတစ်လုံးပေါ်သို့ ဒူးထောက်မိသဖြင့် အဖေ့ကိုယ်လုံးကြီး အနည်းငယ်ယိုင်တိုင်တိုင်ဖြစ်သွားသည်။ သို့သော်လည်း အဖေက မြေကြီးပေါ်လက်ထောက်ထားလိုက်သဖြင့် ကိစ္စမရှိ။ အဖေလက်ဝါးမှာတော့ ဖုန်တွေကပ်ပါလာသည်။

အဖေက သူ့ကိုသိုင်းဖက်လိုက်သည်။ ရုတ်တရက်ရုန်းမည်ဟု စဉ်းစားလိုက်သေးသည်။ ဟုတ်တယ်လေ။ အဖေ့လက်ဖ၀ါးမှာ ဖုန်တွေမဟုတ်လား။ သူ့အင်္ကျီဖြူကလေးညစ်ထေးမှာကို စိုးမိသည်။ မနက်ကျလျှင်လည်း ဒီအင်္ကျီဖြူကိုပဲ ပြန်ဝတ်ရမည်။ အမေက ကျောင်းစိမ်းဘောင်းဘီနှင့် အင်္ကျီဖြူကို နှစ်ရက်တစ်ထည်ပဲဝတ်ရမည်၊ ထို့ကြောင့် မညစ်ပတ်စေနှင့်ဟု ပြောထားသည်။ သို့သော်လည်း အဖေက သူ့ကို အခုလိုကြင်ကြင်နာနာဖက်ခဲသည်မို့ မငြင်းချင်။ ထို့ကြောင့် အဖေ့ရင်ခွင်ထဲ အလိုက်သင့်တိုးဝင်နေလိုက်သည်။ ဖုန်တွေ၊ သဲတွေ၊ ချွေးတွေ ပေချင်လည်းပေပါစေတော့။

ထိုအခိုက် အမေ့ဆီမှ “ဟင့်”ဆိုသည့် ရှိုက်သံထွက်လာသည်။ သေချာသည်။ အမေငိုနေပြီ။ “ဟင့်”ဆိုသည့် အသံက ဆင့်ကာဆင့်ကာ ကြားရသည်။ အမေငိုသည့်အခါတိုင်း သူ့ရင်ထဲမှာလည်း အလိုလိုဝမ်းနည်းတတ်သည်။ ထို့ကြောင့် အမေစိတ်ဆင်းရဲမည့်အလုပ်ဆိုလျှင် သူအမြဲတမ်းရှောင်ခဲ့သည်။ ယခု အမေငိုနေပြန်ပြီ။ မငိုပါနဲ့အမေရယ်ဟု သူချော့ချင်သည်။ ခက်တာက အမေဘာကြောင့် ငိုနေသည်ကို သူမသိ။ အမေငိုနေသည်ကိုသာ သူမသိသည်မဟုတ်။ သူတို့အိမ်ကလေး ဘယ်ရောက်သွားသလဲဆိုတာကိုလည်း အခုထိမသိရသေး။ ချွေးတွေသီးခဲနေသည့်အပြင် တင်းမာနေသည့် အဖေ့မျက်နှာကိုကြည့်ပြီး ဘာတွေဖြစ်နေတာလဲဆိုသည်ကိုလည်း သူ့အနေဖြင့် မမေးရဲ။ သိပ်ခွကျတာပဲ။

အဖေက သူ့ကျောကလေးကို ခပ်ဖွဖွပုတ်နေသည်။ အရင်နေ့တွေတုန်းကသာ အခုလို အဖေက တယုတယဖြင့် ပွတ်သပ်ပေးနေလျှင် သူသိပ်ပြီးပျော်မိမှာ။ အခုတော့ ဇဝေဇ၀ါ ဖြစ်နေသည်။ သူတို့ အိမ်ဘယ်မှာလဲ။ မနက်က သူ့ဘောလုံးကလေးကို အိမ်ရှေ့ကပြင်ထောင့်က သောက်ရေအိုးစင်ပေါ်မှာ တင်ထားခဲ့သည်။ ဟိုတစ်နေ့က သူငယ်ချင်းတွေနဲ့ ဘောလုံးကန်နေစဉ် အဲဒီဘောလုံးကလေးကို သူခဏငှားလာခဲ့တာဖြစ်သည်။ ယခုညနေ ပြန်ပေးမည်ဟုလည်း ကတိထားခဲ့သည်။ ခက်ပြီ။ အခုဘောလုံးလည်း ပျောက်နေသည်။ အင်းလေ။ အိမ်ပါ ပျောက်နေမှတော့ ဘောလုံးတစ်လုံး ပျောက်သွားတာကလည်း ဘာမှမဆန်း။ ဒါပေမဲ့ သူ့တို့ ကလေးတစ်သိုက်ကြားမှာ ကတိမတည်သူလို့တော့ အထင်သေးမခံချင်ပါ။ သို့ဖြစ်ရာ ဘောလုံးကိုလည်းရှာရမည်။ အိမ်ဘယ်ရောက်သွားတာလဲဆိုတာကိုလည်း စုံစမ်းရမည်။

တင်းတင်းကျပ်ကျပ်ဖက်ထားသော အဖေ့လက်မောင်းကြီးတွေကြားထဲမှာ သူရုန်းလိုက်သည်။ အဖေကလည်း သူ့လက်ကို အသာလေးဖြေလျှော့ပေးပါသည်။ အမေကတော့ ငိုကောင်းနေဆဲ။ အမေ့မျက်နှာကို သူမော့ကြည့်လိုက်သည်။ အမေ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေအိုင်ထွန်းနေသည်ဟု သူထင်လာသည် မျက်လုံးကြီးကလည်း နီရဲနေသည်။

“ကလေးရှေ့မှာ သိပ်လည်းငိုမနေပါနဲ့တော့ကွာ”အဖေ့ဆီမှ အသံထွက်လာသည်။ အမေက “အေးပါတော်”ဟု တိုးတိမ်စွာပြန်ဖြေသည်။ ထို့နောက် ခေါင်းပေါင်းထားသည့် အဖေ့ရေလဲပုဆိုးကလေးဖြင့် မျက်ရည်စများကို ပွတ်လိုက်သည်။ မျက်ရည်တွေခြောက်သွားသော်လည်း မို့နေသည့် မျက်ခွံ၊ ရဲနေသည့် မျက်လုံးများကတော့ ကျန်သေးသည်။ ဒါပေမဲ့ အမေငိုမနေဘူးဆိုလျှင် သူပျော်ပါသည်။

“သားတို့အိမ် ဘယ်ရောက်သွားတာလဲ အဖေ”နောက်ဆုံးမှာတော့ ရင်ထဲမှာ အုံကျင်းဖွဲ့နေသည့် မေးခွန်းပေါင်းများစွာအနက်မှ အသိချင်ဆုံးမေးခွန်းတစ်ခုကို သူမေးလိုက်နိုင်သည်။ အဖေက ချက်ချင်းမဖြေပါ။ စဉ်းစားနေပုံရသည်။ သူ့သား မူလတန်းကျောင်းသားတစ်ဦး အကောင်းဆုံးနားလည်နိုင်မည့်အဖြေကိုပေးရန် စကားလုံးရွေးချယ်ရတာ အတော်တော့ ခက်ခဲသည်။ ဟုတ်သည်။ “အိုးမဲ့အိမ်မဲ့”ဆိုသည့်စကားလုံးကို အစားထိုး၍ပြောဆိုရင် တောသူတောင်သားဖြစ်သည့် အဖေ့မှာလည်း အခြားဝေါဟာရသစ်မရှိပါ။ အိမ်ခြေမဲ့သွားသူတစ်ယောက်၏ခံစားချက်ကို စကားလုံးများဖြင့် ထုတ်ဖော်ပြောဖို့အတွက်မူ အဆရာထောင်ချီ၍ ခက်ခဲလိမ့်မည်။

အဖေက သူ့သား၏မျက်နှာကို တွေပြီးကြည့်နေသည်။ ပြောရန်စကားလုံးတွေက လည်ချောင်းဝမှာ တစ်ဆို့လျက်ရှိသည်။ ဒီရွာမှာ သူတို့နေထိုင်ခဲ့သည်။ နိမ့်ပါးလှသည့် ၀င်ငွေကလေးကို ခြစ်ခြုတ်စုပြီးနောက် မြေကလေးတစ်ကွက် ၀ယ်နိုင်ခဲ့သည်။ ထို့နောက် သင့်တော်သပ်ရပ်သည့် အိမ်ကလေးဆောက်သည်။ ဒီရွာမှာ အခြေကျနေတာပင် သူ့သားကလေးတစ်သက်။ ယခု သူ့သားကလေးပင် ရွာကစာသင်ကျောင်းမှာ စာသင်နေပြီ။

သို့သော် ရွာကလေးသည် တပ်ပိုင်မြေဆိုပြီး သူတို့ကို အာဏာပိုင်တွေက ရွှေ့ခိုင်းသည်။ မဖယ်ဘူး၊ မရွှေ့ပေးဘူးဆိုလျှင် ပစ္စည်းတွေကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်သည်။ သူတို့လည်း ကြောက်ကြသည်။ ခက်သည်မှာ သူတို့ရွာမှာမနေရလျှင် ဘယ်အရပ်ဒေသကို ရွှေ့ပြီးနေရမည်လဲ မသိရခြင်းဖြစ်သည်။ သို့ဖြင့် သူတို့ မရွှေ့မိကြ။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ တပ်ပိုင်မြေဟုဆိုသော သူတို့ရွာကလေးသို့ သက်ဆိုင်ရာက အင်အားသုံး၍ လာရောက်ဖယ်ရှားကြသည်။ အိမ်ခြေအဆောက်အအုံများကိုလည်း
မြေထိုးစက်ကြီးတွေနှင့်ဖျက်သည်။ သူတို့အိမ်ထောင်ပရိဘောဂအတော်များများလည်း ပျက်စီးကုန်ပြီ။ တချို့ကတော့ ရှိစုမဲ့စုကလေး ကောက်သင်းကောက်ပြီး ခြေဦးတည့်ရာထွက်သွားကြပြီ။

ဒီစကားတွေကို အဖေက သူ့သားအား ပြောပြချင်သည်။ သူတို့မှာ အိမ်မရှိတော့ပြီဖြစ်ကြောင်း။ ဘယ်မှာသွားနေရမည်ကိုလည်း မသိကြောင်း သားဖြစ်သူကို ရင်ဖွင့်လိုသည်။ သားကလေးကတော့ သူ့အဖေကို ကြည့်နေဆဲ။ အဖေကလည်း သားမျက်နှာကို စူးစိုက်ကြည့်နေသည်။ အစောပိုင်းက မျက်ရည်တွေခြောက်ပြီဟုထင်ရသည့် အမေ့မှာလည်း သားနှင့်ခင်ပွန်းသည်တို့ကိုကြည့်ပြီး မျက်ရည်တွေ နောက်တစ်ခေါက်သွန်စီးလာပြန်သည်။

အပြင်မှာ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်းထူထပ်လာပြီ။ အဝေးမှာ ကြယ်ကလေးတစ်ပွင့်ကိုပင် လှမ်းမြင်နေရသည်။ သားကလေးကတော့ ကျောင်းလွယ်အိတ်ကို လွယ်ထားသည်။ အဖြူ၊ အစိမ်းကျောင်းဝတ်စုံကိုလည်း အခုထိ မချွတ်ရသေး။ စိတ်ထဲမှာတော့ သူ့အိမ်ဘယ်ရောက်သွားသလဲဆိုသည့်အဖြေကို ရှာဖွေနေသည်။ ပုစ္ဆာတိုင်းမှာ အဖြေရှိသည်ဟု ဆရာမကတော့ ပြောဖူးသည်။ ဒါပေမဲ့ သူမယုံချင်တော့ပါ။ စာသင်ခန်းပြင်ပမှာ သူနားမလည်နိုင်သည့်၊ မရေရာသည့် လောကကြီးတစ်ခုရှိနေသေးကြောင်း ဒီညနေမှာ သူခံစားမိလာသည်။

ဟုတ်သည်။ မနက်ကပင် တည်ရှိနေသေးသည့် သူ့ကျောင်းလွယ်အိတ်ချိတ်ရမည့် အိမ်နံရံကလေး ဘယ်ရောက်သွားလဲ သူမသိတော့ပါ။ သူ့သူငယ်ချင်းတွေနှင့် ကစားရမည့် ဘောလုံးကလေးလည်း မရှိတော့။ သူတို့အိမ်ဘယ်ရောက်သွားပြီလဲ။ သူတို့ရွာမှာ ဘာတွေဖြစ်ကုန်တာလဲ။ သူ့မေးခွန်းကို အဖေမဖြေချင်လည်းနေပါစေ။ ဒါပေမဲ့ လောလောဆယ် အရေးတကြီး သိချင်နေမိသည့် နောက်ထပ်မေးခွန်းတစ်ခုတော့ အရဲစွန့်၍မေးမိလိုက်သည်။

“သားတို့ ဒီည ဘယ်မှာအိပ်ရမှာလဲ အဖေ”

(မှတ်ချက် - ဖေဖော်ဝါရီ ၄ ရက်က တပ်ပိုင်မြေဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အင်အားသုံးဖယ်ရှားခြင်းခံခဲ့ရသော ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာမှ နားခိုစရာအိမ်ခြေမဲ့သွားသော ကလေးငယ်များသို့ ဤဆောင်းပါးကို ရည်ညွှန်းပါသည်)

ဓာတ်ပုံ- ကျော်ဇင်သန်း

ရေးသားသူ- ၀င်းဇော်လတ်
Copy from - 7Day News Journal

0 comments: