Wednesday, February 26, 2014

တအောင်းအမျိုးသမီးအဖွဲ့အစည်းမှ လျစ်လျူရှူခံ အကြပ်အတည်းနှင့်ပတ်သက်၍ရှင်းလင်း

 
Tuesday, February 25, 2014

တအောင်းအမျိုးသမီးအဖွဲ့အစည်းသည် ပလောင်လူမျိုးများ၏ စစ်ဘေးဒုက္ခများ ခံစားနေရသော အခြေအနေများနှင့် ပတ်သက်၍ လျစ်လျူရှူခံ အကြပ်အတည်းဆိုသည့် ခေါင်းစဉ်တစ်ခုအား ဖေဖော်ဝါရီ ၂၅ရက်က ရွှေဂုံတိုင်လမ်း၊ တော်ဝင် နှင်းဆီခန်းမတွင် ရှင်းလင်းသွားခဲ့သည်။

တအောင်းအမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဖြစ်သူ မလိုည်းပိုးငယ်က “အခုချိန်ဟာ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အချိန်ဖြစ်တယ် ဒါပေမဲ့ ကျွန်မတို့စီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ခိုက်နေတဲ့ ဗမာစစ်တပ်တွေကို ဖယ်ရှားပေးသင့်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၂ခုနှစ်နောက်ပိုင်း စစ်ပွဲတွေ ပိုမိုပြင်းထန်လာတော့ ဒေသခံပြည်သူတွေအနေနဲ့ အိုးအိမ်ကိုစွန့်ခွာ ထွက်ပြေးနေရတာကို တွေ့ရတယ် နေ့စဉ်နှင့်အမျှ စိုးရိမ်မှုတွေနဲ့ပဲ နေထိုင်နေရတယ် လွှတ်လပ်မှုဆိုတာ အခုချိန်ထိမရသေးဘူး အစိုးရက ပြည်သူတွေရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ ပြည်သူတွေရဲ့ အသံကို နားထောင်သင့်ပါတယ် အခုစစ်ဘေးဒဏ်ဒုက္ခတွေ ခံစားနေရတဲ့ ပလောင်လူမျိုးတွေဟာ ပုံမှန်ထောက်ပံ့မှုလည်း မရဘူး၊ ဒီတော့ အစားအသောက်အတွက်လည်း အရမ်းခက်ခဲတယ် ပလောင်လူမျိုးတွေဟာ လက်ဖက်စိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်ကျတာဖြစ်လို့ မတ်လမှာ လက်ဖက်ဖွင့်တဲ့ ရာသီဖြစ်တယ် ဒီတစ်လအတွင်းမှာ လက်ဖက်ခူးဖို့ အခွင့်အရေး မရဘူးဆိုရင် တစ်နှစ်လုံးစာ အတွက် ဒုက္ခခံရဖို့ရှိနေတယ် ဒီအတွက် အစိုးရဖက်ကနေ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးဖို့လိုပါတယ်”ဟု ပြောသည်။


 ရှမ်းပြည်နယ် မြောက်ပိုင်း တအောင်း(ပလောင်)ဒေများတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ စ၍ စစ်ပွဲများဖြစ်ပွားခဲ့ပြီး ပလောင်ပြည်သူလူထု ထောင်ပေါင်းများစွာသည် ပြည်တွင်း စစ်ပြေးဒုက္ခသည်များ ဖြစ်ခဲ့သည်။ ယင်း ပလောင်ပြည်သူလူထုများသည် စစ်ဒဏ်ကြောင့် သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အိုးအိမ်များ ပျက်စီးရခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အမျိုးသမီးငယ်များ မုဒိန်းကျင့်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ
အနှောင့်အယှက် ပေးခံရခြင်းများ ကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်။

ပလောင်ဒေသတွင် ၂၀၁၂ ခုနှစ်၌ အစိုးရတပ်ရင်းပေါင်း ၁၆ရင်းသာ ရှိခဲ့ပြီး ယခုကာလတွင် အစိုးရ တပ်ရင်းပေါင်း ၃၀ ကျော် အခြေစိုက်လာသည်ကို သိရသည်။ ၎င်း စစ်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဇူလိုင် ၃၁ရက်က ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၁၁ရက်အကြာတွင် အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယင်းထိုးစစ်ဆင်မှုများကြောင့် ပလောင်ပြည်သူလူထုများမှာ ပြည်တွင်း ဒုက္ခသည်များ အဖြစ်ယခုထိတိုင် ဒုက္ခခံစားနေရပြီး စစ်ပွဲ၏ သားကောင်းများဖြစ်နေ၍ တအောင်းအမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂)ဖြစ်သူ မလိုည်းပိုးငယ်က နိုင်ငံတော်အစိုးရ အနေဖြင့် စစ်မီးများငြိမ်းသတ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်သင့်သည်ဟု တိုက်တွန်း ပြောကြားခဲ့သည်။

တအောင်းအမျိုးသမီးအဖွဲ့ကို ၂၀၁၃၊ ဇန်နဝါရီ ၂၃ရက်က တအောင်းအမျိုးသမီး စုံညီတွေ့ဆုံပွဲအပြီးတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခုအချိန်တွင် တအောင်းအမျိုးသမီး အဖွဲ့အစည်းသည် ၎င်းအဖွဲ့အစည်း တည်ထောင်ပြီးနောက်ပိုင်းတွင် အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစဉ်၊ ကျန်းမာရေး လုပ်ငန်းစဉ်၊ ပညာရေး လုပ်ငန်းစဉ်၊ တအောင်းစာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးနှင့်ဝင်ငွေလည်ပတ် စီးဆင်မှု လုပ်ငန်းစဉ်၊ မှတ်တမ်းနှင့် သုတေသနဌာနတို့အား အသီးသီးလုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်

ချစ်မင်းထွန်း
သတင်းရင်းမြစ် - မြန်မာ့ခေတ်

0 comments: