Sunday, February 2, 2014

ဂျပန်တို့သည် ဖန်ဆင်းရှင်များ မဟုတ်ကြပါ။


 နှစ်သစ်ကူးချိန်မှာ ဂျပန်နိုင်ငံ HIROSHIMAမြို့က (Hiroshima  Peace Memorial Museum, (平和記念資料館東館) ) လို့ခေါ်တဲ့HIROSHIMA ငြိမ်းချမ်းရေး အမှတ်တရ ပြတိုက်ကို ရောက်တော့ ဒုတိယ ကမ္ဘာစစ်အတွင်းက ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့များကို အနုမြူဗုံးကျဲခံလိုက်ရတဲ့အတွက် လူပေါင်းသိန်းနဲ့ချီပြီး အနှေးနဲ့အမြန်ဆိုသလို သေကြေပျက်ဆီးခဲ့ကြရပုံများ၊ ဆိုးရွားလှတဲ့ အနိဌာရုံမြင်ကွင်းများကို သွေးပျက်ဖွယ်ရာ တွေ့မြင်ခဲ့ရတယ်။

အဲသည့် အနုမြူဗုံးဒဏ်ရဲ့ ဆိုးကျိုးကို ဂျပန်နိုင်ငံမှာ ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့များမှာသာ မကဘဲ ယခုအခါမှာဆိုရင် ဂျပန်တနိုင်လုံးပါ ခံနေရစဲဖြစ်ပါတယ်။

ကျွန်ုပ်ဂျပန်ရောက်စက သတိထားမိတာတွေထဲက တခုဖြစ်တဲ့  ဂျပန်နိုင်ငံမှာ ဥာဏ်ရည်မမှီတဲ့ ကလေးသူငယ်များ၊ ကိုယ်လက်အင်္ဂါ မသန်မစွမ်းကြသူများ ဦးရေဟာ သာမာန်တိုင်းပြည်ထက် ပိုပြီးများပြားနေတာဟာ ဘာကြောင့်လဲလို့ ဆရာ ဆရာမတွေကို မေးကြည့်တော့ အခုချိန်ထိ အဲလိုဖြစ်နေရတာဟာ အနုမြူဗုံးဒဏ်ရဲ့ ဆိုးကျိုးတွေပဲလို့ ဖြေကြပါတယ်။

အဲသည့်က စလို့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့ရပြီး တနိုင်ငံလုံးနီးပါးဟာ ပြာပုံဘဝကိုရောက်ခဲ့ရပါတယ်။
သူတို့တွေ စစ်ရှုံးပြီး လူလုံးမလှဖြစ်ကြရ၊ ငတ်ကြ ပြတ်ကြ ဖြစ်ကြရတာဟာ ကျွန်ုပ်တို့ မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ရတဲ့ အခြေအနေထက် အများကြီးဆိုးရွားတာပေါ့။တကယ့်ကို စားစရာမရှိလို့၊ နေစရာမရှိလို့ သေကြေပျက်ဆီးခဲ့ကြရတာပါ။

ဂျပန်နိုင်ငံရဲ့ ပထဝီအနေအထားအရ လူက စနစ်တကျမစိုက်ဘဲ အလေ့ကျပေါက်တဲ့ စားလို့ရတဲ့ အသီးအနှံပင်၊ မြေဆီမြေနှစ်ဥ ဆိုတာတွေမရှိသလောက်ကို နည်းပါးတယ်။
ကျွန်ုပ်တို့ မြန်မာပြည်လို အစေ့ကျဲလိုက်တာနဲ့ အပင်ထပေါက်တဲ့ တိုင်းပြည်မဟုတ်ဘူး။

ရာသီဥတုကလည်း ဆိုးရွားလိုက်တာမှ တနှစ်ပတ်လုံး အဝတ်အထည် ကိုယ်တခုနဲ့ အိပ်ချင်ရာအိပ်ဆိုပြီး ထိုးအိပ်လို့မရဘူး။ မိုးမလင်းခင်မှာပဲ ခဲတောင့်ပြီး ရေခဲရိုက်ပြီးသားလို ဖြစ်သွားနိုင်တယ်။ နေပူလို့လည်း အရိပ်ခိုစရာ အရိပ်ရပင်ရယ်လို့ မြင့်မြင့်မားမား စွင့်စွင့်ကားကား မရှိဘူး။

မြစ်ချောင်းအင်းအိုင်လည်း လွန်စွာမှ ပါးရှားလွန်းလို့ အခုချိန်ထိ ရေချိုငါးကို ဂျပန်လူမျိုးတွေ မစားတတ်ဘူး။ သဘာဝက သူတို့ကို ဘာမှ လုပ်ပေးမထားဘူး။

ကျွန်ုပ်မြန်မာပြည်မှာ ရှိစဉ်က မိတ်ဆွေတဦးဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ဘာသာစကား သင်တန်းကျောင်းတခုက အသက် ၆၀ ကျော်အရွယ် ဂျပန်လူမျိုး ကျောင်းအုပ်ဆရာကြီးက မြန်မာပြည်ကို ရောက်လာပါတယ်။

သူလိုချင်တဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ဖို့ ဗိုလ်ချုပ်ဈေးကို ကျွန်ုပ်က လိုက်ပို့ရပါတယ်။ ဈေးထဲဝင်ဖို့ ကားပေါ်က ဆင်းလိုက်ပြီဆိုရင်ပဲ နိုင်ငံခြားသား ပါလာမှန်းသိတော့ ဈေးအဝင်အဝက ပို့စကတ်ရောင်းတဲ့ ကလေးလေးတွေက ဂျပန်အဖိုးကြီးနားစုပြုံရောက်လာကြပြီး ပို့စကတ်တွေ အလုအယက် ရောင်းကြပါတယ်။

အဖိုးကြီးက သူတတ်နိုင်သလောက်အားလုံးဆီက မျှဝယ်ပေးတယ်။ ပြီးတော့ လမ်းရောက်တော့ ကျွန်ုပ်ကို မေးတယ်။ အဲသည့်ကလေးတွေရဲ့ မျက်လုံးအကြည့်ကို သတိထားမိလားတဲ့။

ဈေးရောင်းချင်နေပုံကလွဲလို့ ထူးထူးခြားခြား သတိမထားမိပါဘူးလို့ အရိုးသားဆုံးပဲ ကျွန်ုပ်ဖြေလိုက်ပါတယ်။ သူကဆက်ပြောတယ်။


ငါ သူတို့အရွယ်တုန်းက ငါတို့တိုင်းပြည်ကိုလာတဲ့ အမေရိကန်စစ်သား ဖြူဖြူဖွေးဖွေး ကြီးတွေကို ငါအဲလိုအကြည့်မျိုးနဲ့ မော့ကြည်ဖူးတယ်တဲ့။ စိတ်ထဲမှာလည်း သူတို့က ချမ်းသာတဲ့ တိုင်းပြည်က လာတာထင်တယ်။ အစားကောင်းအသောက်ကောင်းစားရလို့ အရပ်ကြီးတွေကလည်း အမြင့်ကြီးတွေပဲနော်လို့ တွေးမိသတဲ့။

ငါကြီးလာရင်လည်း ငါ့တိုင်းပြည်ကိုရော၊ ငါ့ကိုယ်ငါရော အဲသည်လိုမျိုး ဖြစ်အောင်ကြိုးစားမယ်လို့လည်း ကလေးဘဝကတည်းက ဒဏ်ရာရ ကျားနာတကောင်လို စူးစူးနက်နက် ရည်မှန်းချက်ထားခဲ့သတဲ့။

ပြောချင်တာက ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ အနှစ်(၆၀)ကျော်က ပြာပုံထဲက နိုင်ငံတခုပါ။ သီးပင်စားပင်မဲ့၊ မြေပေါ်မြေအောက် သယံဇာတမဲ့၊ လူ့စွမ်းအား အရင်းအမြစ်တွေ ရစရာမရှိအောင် ဖျက်ဆီးဆုံးရှုံးခံခဲ့ရသော ဂျပန်နိုင်ငံဟာ ယခုချိန်ထိ ဆင်းရဲနေဦးမည်ဆိုလည်း အပြစ်ဆိုစရာ သိပ်မရှိလှပါဘူး။

ခေတ်နောက်ကျစရာ ရှိလျှင် ဂျပန်လောက် ခေတ်နိုင်ကျစရာကောင်းသော တိုင်းပြည်မရှိသလောက်ပါပဲ။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော် ၃၀နီးပါးကပင် ကမ္ဘာ့ထိပ်တန်းစီးပွားရေး အကောင်းဆုံး နိုင်ငံစာရင်းထဲမှာ ပါနိုင်ခဲ့ပြီ။ ကမ္ဘာပေါ်တွင် အလွန်ချမ်းသာ ကြွယ်ဝသော ကမ္ဘာ့စက်မှုအဖွံ့ဖြိုးဆုံး နိုင်ငံကြီးတစ်နိုင် ဖြစ်နေခဲ့ပြီ။

ကမ္ဘာမှာ ဂျပန်အလံအတွက် နေရာမရှားတော့ဘူး။

" ကျွန်ုပ်တို့ မြန်မာပြည်နှင့် ဂျပန်ပြည်ကို သဘာဝကြီးက ပေးထားသော အနေအထားအရ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် .....
ဂျပန်နိုင်ငံသည်  မြန်မာနိုင်ငံထက် ကျဉ်း၏။ (တဝက်သာသာလောက်သာ ရှိ၏)"

" ဂျပန်နိုင်ငံတွင် သီးပင်စားပင် မဖြစ်ထွန်း။
မြန်မာပြည်နိုင်ငံတွင် သစ်စေ့ကိုစားထားသော ငှက်၏မစင်ကပင် အပင်ပေါက်နိုင်၏။"

" ဂျပန်နိုင်ငံတွင်မည်သည့် အဖိုးတန် တွင်းထွက် သယံဇာတမျှမထွက်။
မြန်မာနိုင်ငံတွင် ရွှေတွင်းငွေတွင်း၊ ပယင်းဒုတ္ထာ၊ ပတ္တမြား၊နီလာ၊ကျောက်စိမ်း အစရှိသော ရတနာအစုံထွက်၏။ ခဲမဖြူ ၊အဖြိုက်နက်မှစ၍ ရေနံ၊သဘာဝဓါတ်ငွေ့ အဆုံး သုံးလို့ရသမျှ အကုန်ထွက်၏။"

" ဂျပန်နိုင်ငံတွင် မြစ်ချောင်းအင်းအိုင် ပါးရှားလှသောကြောင့် တောတောင်၊ စိမ့်စမ်း နည်းပါးကာ သစ်တောထွက် သယံဇာတများ ၊ တောတွင်းတိရိစ္ဆာန်များ လွန်စွာနည်းပါးလှ၏။ ဝါးပင်ကိုပင် သူတို့ဆီမှာ မခုတ်ရက်။ သူတို့ဆီက ကလေးများ ဆင်ကိုမြင်ဖူးစေရန်
အိန္ဒိယမှ ဝယ်ထားရ၏။
မြန်မာနိုင်ငံတွင် ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းရိုးမ သုံးခုပေါင်းလိုက်လျှင်ပင် ဂျပန်နိုင်ငံကို လွှမ်းလို့ရ၏။ "

" ဂျပန်နိုင်ငံတွင် ငမိုးရိပ်ချောင်းလောက်ကို မြစ်ဟု ခေါ်ဝေါ်ကာ တယုတယ ထားကြ၏။
မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကို ရောင်းစားဖို့ကြံစည်၏။ "

ထာဝရဘုရားသည် လောကကြီးကို ဖန်ဆင်းသည်ဟု ဆိုလျှင် ဘုရားသခင်သည် မြန်မာနိုင်ငံကို မျက်နှာလိုက်သည်..ဟု ရုရှတို့က ဆို၏ လို့ စာအုပ်တခုထဲတွင် ကျွန်ုပ်ဖတ်ဖူးသည်။

ထိုမျှလောက် မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် အဖိုးတန် သယံဇာများ ထွန်းကားသော တိုင်းပြည်တပြည်ဖြစ်ပါလျက် ကိုယ့်ထက် အစစ အရာရာ ခေါင်းပါး၊ ပါးရှား၊သေးငယ်လှပါသော ဂျပန်နိုင်ငံကဲ့သို့ အဘယ်ကြောင့် ကမ္ဘာ့ထိပ်တန်း နိုင်ငံ တနိုင်ငံ မဖြစ်ရပါသနည်း။

ရှင်းပါသည်။ ထိုတိုင်းပြည်တွင် နေထိုင်သော လူများကြောင့် ဖြစ်ပါသည်။ ဒီ့ထက်ပို၍ အတိအကျ ပြောဆိုရပါလျှင် ထိုတိုင်းပြည်တွင် နေထိုင်သော တိုင်းသူပြည်သားတို့၏ အခြေခံစိတ်ဓါတ်ကြောင့် ဖြစ်ပါသည်။

ဒါဆို မေးစရာရှိပါသည်။ ဂျပန်လူမျိုးတွေက ဘယ်လိုစိတ်တွေများ ထားကြလို့လဲ။ အရေးအကြီးဆုံးလို့ သူတို့ လူမျိုးများ ခံယူထားသော အခြေခံ စိတ်ဓါတ်ဟာ (မျိုးချစ်စိတ်) ဖြစ်တယ်။ နောက်တခုက (စည်းလုံးညီညွတ်မှု) ။

အဲသည့်  (မျိုးချစ်စိတ်) နဲ့ (စည်းလုံးညီညွတ်မှု) ကို အခြေခံပြီးဖြစ်ပေါ်လာတဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစားချင်စိတ်၊ တကိုယ်ကောင်း မဆန်တဲ့စိတ်၊ အများအကျိုးအတွက် ကြည့်သောစိတ်၊ သည်းခံနိုင်စိတ်တွေဟာ ဂျပန်လူမျိုး ကလေးသူငယ် ကျားမ မရွေး လူတိုင်းလူတိုင်း လိုလို မှာ ရှိနေတယ်။

ရှိတာမှ တော်ရုံတန်ရုံ ရှိတာမဟုတ်ဘူး။ ပက်ပက်စက်စက်ကို ရှိတာ။ အလွန့်အလွန်ကို ရှိတာ။

အဲသည့်စိတ်တွေက သင်ပေးလိုက်တဲ့ စည်းကမ်းရှိတတ်လာခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကိုယ်နှုတ် အမူအယာ ယဉ်ကျေးခြင်း၊ လူမှုရေး နားလည်သိတတ်ခြင်း၊ လူ့အခွင့်အရေးကို တန်ဖိုးထားခြင်းတာတွေဟာလည်း ကလေးလေးတွေမှာကအစ ရှိနေတာကို မြန်မာလူမျိုးတယောက် အနေနဲ့ ကြည့်ရင် တကယ့်ကို အံ့သြဖွယ်ရာကို တွေ့ရတယ်။

တကယ်တမ်း ပြောကြမယ်ဟေ့ဆိုရင်.. ကျွန်ုပ်တို့မြန်မာတွေဟာ ဂျပန်လူမျိုးတွေထက် တိုင်းပြည်အနေအထားအရသာ အစစအရာရာ သာတာ မဟုတ်ပါဘူး။ လူ့စွမ်းအား အရင်းအမြစ် နေရာမှာလည်း တဦးချင်းစီအလိုက် စီစစ်ကြည့်ရင်တောင် မြန်မာလူမျိုးတွေက မှတ်ဥာဏ်နေရာမှာ၊ ဖြတ်ထိုးဥာဏ် သန်တဲ့နေရာတွေမှာ ယေဘုယျအားဖြင့် သာမာန်ဂျပန်လူမျိုးတွေထက်သာပါတယ်။

ဒါနဲ့များ ဆင်းရဲမှုနဲ့ ချမ်းသာမှုက ကွာချင်တိုင်းကွာနေလိုက်တာဟာ အတော့်ကို အသဲယားစရာ ကောင်းလှပါတယ်။

ယခုအခါမှာ ကျွန်ုပ်တို့တိုင်းပြည်တွင်လည်း မျိုးချစ်ခေါင်းဆောင်များက တိုင်းပြည်ကောင်းစားဖို့ ကြိုးစားနေပါပြီ။ ဒီအချိန်ကစလို့ ကျွန်ုပ်တို့တွေဟာလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လိုအပ်နေတာတွေကိုပြုပြင်လိုက်မယ်ဆိုရင် နောင်(၁၀)နှစ်လောက်မှာ စင်္ကာပူ၊ မလေးရှား၊ထိုင်းလောက်၊ နောင် (၂၀)နှစ်လောက်မှာ တရုတ်နိုင်ငံလောက်၊ နောင် အနှစ် (၃၀)လောက်မှာ ဂျပန်လောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ။  

ရေကုန်ရေခမ်းသာ တက်ညီလက်ညီ ကြိုးစားလိုက်စမ်းပါလေ။ ကျွန်ုပ်တို့မှာ ခေါင်းဆောင်ကောင်းတွေ ရှိနေပြီပဲ။

ဗိုလ်ချုပ်က သူ့ခေတ်သူ့အချိန်တုန်းကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာကို အမှီလိုက်ဖို့ နှစ်ပေါင်း (၅၀)လောက် ကြိုးစားရမယ်လို့ ပြောခဲ့ပါတယ်။
အနှစ်(၅၀)ဆိုတော့ရော ဘာဖြစ်လဲ။ ကြိုးစားမှာပဲပေါ့။ ကြိုးစားရင် ဖြစ်ကိုဖြစ်ပါတယ်။  မြေဆူ လူဖျင်းဆိုတဲ့ စကားကို ပယ်ဖျက်ပြီး ကျွန်ုပ်တို့ မဖျင်းကြောင်း၊ မပျင်းကြောင်း၊ သက်သေပြဖို့ အချိန်တန်ပါပြီ။

ဒီတော့ ကျွန်ုပ်အနေနဲ့ကတော့  ဂျပန်လူမျိုးတွေက သူတို့တိုင်းပြည်ကို ကမ္ဘာမှာ ဂျပန်ဟေ့လို့ ကြွေးကြော်နိုင်လောက်အောင် အစွမ်းထက်လှတဲ့ သူတို့ရဲ့ စိတ်ဓါတ်၊ နည်းစနစ်ကောင်းတွေကို တတ်နိုင်သလောက် ကျွန်ုပ် တိုင်းပြည်အတွက် သယ်ဆောင်သွားရမှာပဲ။

ကျွန်ုပ်တိုင်းပြည်ကို ပို့ရမှာပဲ။ လိုချင်သူများယူကြပါ။ ဂျပန်ကလာတဲ့ လျှပ်စစ်ပစ္စည်းတော့ မဟုတ်ပါ။ ဂျပန်ကလာတဲ့ တိုင်းပြည်ကောင်းစားနည်းပါ။ ယနေ့ခေတ်လူငယ်များ ဟင်းစားလောက်နဲ့ မတင်းတိမ်ကြဘဲ ကွန်ချက်ကို ရအောင်ယူနိုင်ကြပါစေ။

ယခု ဒီဆောင်းပါးမှာတော့ တခေတ်တခါက ဂျပန်လူမျိုးတို့၏ ဆိုးရွားလှတဲ့ အနုမြူဗုံးဒဏ်ခံရပုံတွေကိုပဲ လေ့လာလိုက်ကြပါဦး။
ဒါမှသာ နောက်ဆောင်းပါးတွေ ဖတ်တဲ့အခါကျရင် ကျွန်ုပ်ပြောတာတွေကို ပိုမိုနားလည်ပြီး လက်ခံဖြစ်လိမ့်ထင်ပါတယ်။

အေးနန္ဒာအောင်(Japan)
 ချက်ချင်းမသေဘဲ ကျန်နေခဲ့သူများ
ဗုံးမကျမီမြင်ကွင်း
 ဗုံးကျပြီး မိနစ်ပိုင်းအတွင်း ပြာပုံဖြစ်သွားသောဟီရိုရှီးမားမြို့
 ချာတိတ်အမည်ရှိ ဗုံးပုံစံ နမူနာ
 ဗုံးကျချိန်
 အရှင်လတ်လတ် တစ်စစီ ပဲ့ကျသော အသားအရေများ

0 comments: