Saturday, January 25, 2014

တအန်းတပ်ရင်း ၂၅၆ နှင့်တိုက်ပွဲတွင် မြန်မာ ၅၀၆ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးကျဆုံး


၂၅ ရက် ဇန်နဝါရီလ ၂၀၁၄။

ယနေ့ နံနက် ၈း၃၀ နာရီခန့်အချိန်တွင် မြန်မာတပ်ရင်း ၅၀၆ စစ်ကြောင်းနှင့် တအန်းတပ် ၂၅၆ တပ်ခွဲ (၃) စစ်ကြောင်းတို့ နမ့်ဆန်မြို့နယ် အနောက်ကင်းအုပ်စု ဟိုလရွာအနီးတွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် ဖြစ်ပွားခဲ့ကြရာ မြန်မာတပ် မှ စစ်ကြောင်းမှူး ဗိုလ်မှူး နှင့်တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့သည်။
 
ခမရ ၅၀၆ တပ်ရင်းမှူး မှာ ဒုဗိုလ်မှူးကြီး မျိုးဇော်လတ် ဖြစ်ပြီး စစ်ကြောင်းကို ကိုယ်တိုင် ဦးစီးကွပ်ကဲကာ ဒေသခံ လူထုများအား ဖမ်းဆီးခြင်းရိုက်နှက်ခြင်းများကို ရက်စက်ကြမ်းကြုတ်စွာ ဆောင်ရွက်သူဖြစ်သည်။ ပန်စရီရွာမှ နမ့်ဆန်မြို့ဖက်သို့ မြန်မာစစ်ကြောင်း အပြန်စစ်ချီလာစဉ် ဟိုလရွာမှ ထွက်ခွာလာသည့် တအန်းတပ်ဖွဲ့နှင့်တွေ့ဆုံရာ တအန်းတပ်ဖွဲ့မှအပေါ်စီးနေရာရရှိပြီး ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြပြီး
တအန်းတပ်ဖက်မှ ပြောက်ကျားစံနစ်ဖြင့် အမြန်ပစ် အမြန်ဖျောက်ကာ တိုက်ပွဲ အဆုံးသတ်ခဲ့သည်။
 
တအန်းတပ်တို့သည် နောက်တောင်ကုန်း တနေရာတွင်နေရာယူပြီး ဆက်လက် စောင့်ဆိုင်းခဲ့သော်လည်း မြန်မာတပ်မှ စစ်ကြောင်းမှူး ကျဆုံးသဖြင့် တပ်ပျက်ကာ ထိုနေရာမှ နောက်ကြောင်းပြန် ဆုတ်ခွာခဲ့ကြသည်။
 
ဆုတ်ခွာသွားသော မြန်မာစစ်ကြောင်းကို တအန်းတပ်မှ ထပ်မံ လိုက်လံ ပစ်ခတ်ခြင်း မပြုခဲ့ချေ။
 
နမ့်ဆန်၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA ဗျူဟာ (၂) သည် ကျောက်မဲ-မိုးကုတ်-မိုးမိတ် ဒေသတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်အတွက် ဘိန်းခြံများ လိုက်လံ ဖျက်ဆီးနေပြီး လက်အောက်ခံ ၂၅၆ တပ်ရင်းမှာ ထိုလှုပ်ရှား ဗျူဟာတွင် လုံခြုံရေး တာဝန်ယူလှုပ်ရှားနေလျှက်ရှိသည်။
 
မြန်မာတပ်ဖွဲ့များသည် တအန်းတပ်ဖွဲ့ ပတ်ပတ်လည်လည် စစ်ကြောင်းများ တိုးချလာပြီး TNLA ပြောက်ကျား လှုပ်ရှားမှုပျက်စေရန် ထိုးစစ်ဆင်လျှက်ရှိသည်။
 
နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် တအန်းအမျိုးသား တော်လှန်ရေးနေ့ ကျင်းပခဲ့သဖြင့် ဟိုမိန်း ရွာသူရွာသားများ၊ မန်လုံး ရွာလူကြီးများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုဒေသတွင် လှုပ်ရှားရန် စေလွှတ်ထားသည့် တပ်များကို နမ့်ဆန်မြို့မှ တိုက်ရိုက်ကွပ်ကဲနေသည့် ကျောက်မဲအခြေစိုက် စကခ (၁) မှူးဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ဇော်ဦး ကို ၂၃ ရက် ဇန်နဝါရီလတွင် တာဝန်မှရုပ်သိမ်းပြီး ဗိုလ်မှူးကြီးဝင်းလွင် အားယာယီ တာဝန်ပေးထားကြောင်းလည်း သိရှိရပါသည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁ ၄၉၅၁

0 comments: