Friday, January 24, 2014

ပအိုဝ်းနှင့် ရှမ်းပြည် ဆိုတာ

 
ရှမ်းပြည် ဆိုတာ ဗမာပြည်မနှင့် မပူပေါင်းသည့် အချိန်ထိ လွတ်လပ်တဲ့ အချုပ်ခြာအာဏာပိုင်တဲ့ တိုင်းရင်းသား ပေါင်းစု နယ်တခု ဖြစ်ပါတယ်။ အိမ်နီးချင်း စီယံ (ထိုင်း)၊ ဗမာ၊ လာအို ၊ တရုတ်တို့နှင့် ကူးလူဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။
...

ရှမ်းပြည်ကို ယောဘူယျအားဖြင့် လူမျိုးတစ်မျိုးတည်း (ရှမ်း) ကို အခြေခံပြီး ပေါ်ပေါက်လာတာ၊ စုဖွဲ့ခဲ့တာ မဟုတ်ဘူးဆိုတာ ၁၉၂၂ အောက်တိုဘာလမှာ ပေါ်ပေါက်လာခဲ့တဲ့ ဖယ်ဒရယ်ဆိုတဲ့ ဘုံသဘောတူညီချက်က ထင်ရှားတဲ့ သက်သေပါပဲ။ ရှမ်းပြည်ဆိုတာ သီးခြားလွတ်လပ်တဲ့ စော်ဘွားများပိုင်တဲ့ နယ်မြေ ၃၃ နယ် ပေါင်းစုပြီး “ရှမ်းပြည်နယ်များ” ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။ “ရှမ်းပြည်နယ်များ” မှာ သီးခြားလွတ်လပ် တဲ့ တောင်ပိုင်းရှိ စော်ဘွားနယ် အများစုနှင့် စုဖွဲ့ပေါင်းစည်းထားတာပါ။ အရင်ကဆို စော်ဘွားနယ်တွေကာ မတူညီတဲ့ အုပ်ချုပ်ရေး စနစ်တွေနဲ့ ၄င်းတို့ဒေသကို ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်ခဲ့ကြတာပါ။ နောက်ပိုင်းမှ သီးသန့်နယ်၊ ပအိုဝ်းနယ် အပါအ၀င် စော်ဘွားနယ်တွေပေါင်းလိုက်ပြီး “ဖယ်ဒရယ် ရှမ်းပြည်နယ်များ” ကို တည်ထောင်ခဲ့ကြတာပါ။ အဓိက ဖွဲ့
စည်းရတဲ့ ရည်ရွယ်ချက်က ဒီနယ်တွေ အပြန်အလှန် ဟန်ချက်ညီညီ ဖွံဖြိုး တိုးတက်ရေးကို အာမခံ လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

စော်ဘွားများပိုင် ၃၃နယ် ထဲမှာ သထုံနယ် (ယခု အခေါ် ဆီဆိုင်နယ်)ကာ စော်ဘွားနယ်တွေထဲမှာ ထင်ရှား ခဲ့တဲ့ နယ်တစ်နယ် ဖြစ်ပါတယ်။ နယ်မြေဒေသ ကြွယ်ဝချမ်းသာမှု၊ အုပ်ချုပ်သူစော်ဘွား စစ်ခွန်ကြည်ရဲ့ ရိုးစင်တဲ့ ဂုဏ်သတင်းကျော်စောမှု၊ ဘက်မလိုက်မှု နှင့် ပအိုဝ်းတောင်သူလူမျိုးများ အချက်အခြာအကျဆုံး သီးသန့် နေထိုင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ထို့ပြင် ပအိုဝ်း-တောင်သူ စော်ဘွားများကိုယ်တိုင် အစဉ်အဆက် ဆက် ဆီဆိုင်နယ်ကို အုပ်ချုပ်ခဲ့ပါတယ်။ ရှမ်းပြည် စော်ဘွာများအားလုံး အာဏာမလွဲမှီအချိန်ထိ ဆီဆိုင်နယ်၏ နောက်ဆုံး စော်ဘွာမှာ စစ်အောင်မြင့်၊ စစ်ခွန်ကြည်ရဲ့ သားဖြစ်ပါတယ်။ ရှမ်းပြည် ဗမာပြည်မနှင့် ပူးပေါင်းရေး၊ မပူးပေါင်းရေး၊ ပင်လုံစာချုပ်အရေးနှင့် ပတ်သတ်ပြီး သထုံမြို့စား စပ်ခွန်ကြည်၏ အခန်းကဏ္ဍာနှင့် ရှမ်းပြည် ထောင်စုအရေး သုံးသပ်ချက်များမှာ ရှမ်းပြည်သမိုင်းမှာ အရေးပါ၊ ထင်ရှားလှပါတယ်။

ဆီဆိုင်နယ်ဟာ ရှမ်းပြည်ဖယ်ဒရယ် မဖြစ်မှီအချိန်ထိ သီးသန့် ပအိုဝ်းနယ်ဖြစ်သော်လည်းပဲ ပအိုဝ်းတွေ ဆီဆိုင်နယ်မှာပဲ နေထိုင်နေကြတာ မဟုတ်ပါဘူး။ ရှမ်းပြည်တောင်ပိုင်း ရှမ်းစော်ဘွားများ အုပ်ချုပ်တဲ့ နယ်မြေတိုင်းမှာ ပအိုဝ်းများမှာ အခြားသော တိုင်းရင်းသားထက် အများဆုံး နေထိုင်နေကြပါတယ်။ အထူးသဖြင့် ၁၈၉၇ ခုနှစ်အရ မြေလတ်နယ်ဆို တဲ့ တောင်ပိုင်းနယ် ၁၆ နယ်ပါဝင်တဲ့ စမောင်ခမ်း၊ ကျော်ကူစီဝမ်၊ ကုမ်း၊ လွယ်အိမ်၊ လွယ်လုံ (ပင်လောင်း)၊ လွယ်မော်၊ မော်၊ မော်နိုင်၊ မိုင်းရှမ်း၊ နန်းကိုင်၊ နန်းခုတ်၊ ပန်မိုင်း၊ နန်းတုတ်၊ ပင်းတယ၊ ပွေးလှ၊ ရမ်ကမ်နယ်တွေထဲမှာ လူဦးရေ ၁၀၇၅၀၀ ဦးရှိသည့်အနက် ပအိုဝ်းက (၄၂၉၃၃)၊ ဓနု (၂၉၇၁၃)၊ တောင်ရိုး (၁၃၉၀၆) ၊ ရှမ်း (၆၅၇၂) နှင့် အခြားသော လူမျိုးစု နေထိုင်ကြပါတယ်။ ဒါပေမယ့် အုပ်ချုပ်သူများက ရှမ်းစော်ဘွားများဖြစ်ကြပြီး၊ အုပ်ချုပ်ခံများမှာ အခြားတိုင်းရင်းသားအများစု ဖြစ်နေပါတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် ရှမ်းပြည်ထောင်စုကို ဖွဲ့စည်းခဲ့တာက သီးသန့်လူမျိုးကို အခြေမခံပဲ သီးခြားစီဖြစ်နေတဲ့ သီးသန့်နယ်တွေကိုသာ အခြေခံပြီး ဖွဲ့စည်းခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။

ဒါကြောင့် ယခင်သမိုင်းအခေါ် “ရှမ်းပြည်နယ်များ” ဆိုတာ လွတ်လပ်တဲ့ သီးသန့်နယ်တွေနဲ့ စုပေါင်းဖွဲ့စည်း ခဲ့တာပါ။ သီးသန့် လူမျိုးတစ်မျိုး၊ တစ်စုကို အခြေမခံပဲ လွတ်လပ်သီးခြားနယ်တွေမှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားများ၏ အရေးကို အခြေခံပြီး “ပြည်ထောင်စု ရှမ်းပြည်နယ်များ” ဆိုတာ သမိုင်းမှာ ဖြစ်လာခဲ့တာပါ။

Khun Nipaoh(FB) သတင်းမှ

0 comments: