Monday, December 23, 2013

မပြောင်းလဲနိုင်သေးသော ပညာရေး မူဝါဒများကြောင့် များစွာစိတ်ပျက်မိခြင်း

   
 ̏ပညာရေးသည် နိုင်ငံ၏အသက်၊ ပညာရေးနလံထူမှ တိုင်းပြည်နလံထူမယ်˝ဟု အများပြည်တို့ ထပ်တလဲလဲ ပြောဆိုနေချိန်ဝယ် … ။ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီသည် လက်ရှိကျင်းပနေသည့် ပညာရေးစနစ်ကို မူသစ်တစ်ခုဖြင့် အစား ထိုး ပြုပြင်ပြောင်းလဲရန် စီစဉ်လျှက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ထိုသတင်းမှာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲစနစ်ကို မြို့နယ်နှင့် တိုင်းဒေသကြီးအဆင့်ဖြင့် မြှင့်တင်ကျင်းပ သွားရန် စီစဉ်နေတယ်ဆိုတဲ့ သတင်းပါ။ ထိုသတင်းအတိုင်း ပညာရေးမူစနစ်ကို စနစ်သစ်မူအဖြင့် ပြဋ္ဌာန်းပေးခဲ့ မည်ဆိုလျှင် … ။
 
            ပညာရေးမူဝါဒများနှင့် ပတ်သက်၍ အမှားများစွာရှိခဲ့သော မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွက် သမိုင်း အထောက်အထားများကို အကိုးအကားယူ၍ ပြန်လည် သုံးသပ်သင့်ဟု ထင်မြင်မိသည်။ ဥာဏ်မီသမျှ ပြန်လည် သုံးသပ်ပြရသော် ယခုလက်ရှိပြဋ္ဌာန်းထားသော အခြေခံပညာရေးစနစ်သည် ခေတ်နှင့် ရင်ဘောင် တန်းနိုင်သော အရည်အချင်းများ အားနည်းနေခြင်း။ အချိန်နှင့်တပြေးညီ အလျင်အမြန် ပြုပြင်ပြောင်းလဲ ပေးသင့်ပါလျှက် ပြုပြင်ပြောင်းလဲပေးရန် နှေးကွေးနေခြင်း၊ နှစ်ပေါင်း ခြောက်ဆယ်နီးနီး ကျင့်သုံးသွားခဲ့သော ပညာရေးမူဝါဒများရဲ့ အားနည်းချက်၊ အားသာချက်များကို စနစ်တကျ ပြန်လည် မသုံးသပ်နိုင်ခြင်း စသော အကြောင်းများကြောင့် မပြောင်းလဲနိုင်သေးသော ပညာရေးမူဝါများအတွက် များစွာစိတ်ပျက်နေမိခြင်းပါ။
 
            မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကို ပြန်လည် ခြုံငုံ သုံးသပ်ကြည့်လျှင် မှားယွင်းစွာ ကျင့်သုံးခဲ့သော ပညာရေးစနစ်ကြောင့် တိုင်းပြည်၏ ပညာရေးသည်  အဖတ်ဆယ်လို့ မရနိုင်လောက်အောင် ပျက်စီးသွားခဲ့ ရသည်။ ဒီအခြေအနေများကိုလည်း သမိုင်းက ဆက်လက်ပြောနေဆဲပါ။ ဒီနေရာ၌ ပညာရေး သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ပြနေရခြင်းမှာ ပညာရေးနှင့် ပတ်သက်၍ အမှားကျုးလွန်ခဲ့သူများကို အပြစ်တင်ရန် မဟုတ်ပါ။ သမိုင်းသစ်၌ ထိုအမှားမျိုးကို နောက်ထပ် မကျူးလွန်မိဖို့ သမိုင်းသင်ခန်းစာများကို တင်ပြခြင်းသာဖြစ်တယ်။
 
            မြန်မာနိုင်ငံတွင် ၁၉၆၂-ခုနှစ်များ နောက်ပိုင်း၌ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်စနစ်နှင့်အညီ ပညာရေး မူဝါဒများကို ပြုပြင်ပြောင်းလဲခဲ့၍ တိုင်းပြည်လည်းဆင်းရဲ၊ လူမျိုးလည်းနိမ့်ကျ၊ ကောင်းမွန်တဲ့ ပညာရေး စနစ်များလည်း ပျောက်ကွယ်သွားခဲ့ရတယ်။ အများစုသော ပြည်သူတွေရဲ့ ဘ၀အဆင့်အတန်းများလည်း အရှေ့တောင်နိုင်ငံများတွင် အမြင့်ဆုံးအခြေနေမှ အနိမ့်ဆုံးအခြေနေသို့ ကျဆင်းသွားခဲ့ရတယ်။  ဒီလိုဖြစ်သွားရ ခြင်းဟာ ဘယ်သူကြောင့်လဲ။ မေးခွန်းထုတ်စရာပါ။ အဖြေက မှားယွင်းတဲ့ ပညာရေးမူဝါဒများကြောင့် ဖြစ်ရ တာပါလို့ တိုတိုကျဉ်းကျဉ်းပဲ ဖြေဆိုလိုခြင်းပါ။
 
            စနစ်ဆိုတာ တစ်ဦးတစ်ယောက်တည်းနှင့် လုပ်၍မရပါ။ ဘယ်လိုပဲ အာဏာရှင်အလိုကျ ပြုပေးရပါ တယ်ပြောပြော ထိုသူတစ်ယောက်တည်းနှင့် ပညာရေးမူဝါဒများကို ပြောင်းလဲချင်တိုင်း ပြောင်းလဲ၍မရပါ။ အလိုတော်ရိတွေ၊ ဘုန်းတော်ကြောင့် သင့်မြတ်လှကြောင်းပါ-ဆိုသူတွေ၊ သူတို့နှင့်ပတ်သက်တာမှန်သမျှ မပြော ချင်တော့၍ နှုတ်ပိတ်နေသူတွေ၊ တိုင်းပြည်အပေါ်မှာ သစ္စာစောင့်စည်းမှုနှင့် စေတနာထားမှုများ အားနည်း သူတွေ၊ ဒီလိုလူတွေ မရှိပဲနဲ့ ဘယ်လိုနည်းနှင့်မှ ပြုပြင်ပြောင်းလဲ၍ မရနိုင်ပါ။
 
            ပညာရေးဆိုတာ တိုင်းပြည်အတွက် အရေးကြီးတဲ့ သော့ကြီးတစ်ချောင်းပါ။ ထိုကြောင့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးရာမှာ မြန်လွန်းလျှင်လည်း လွဲချော်နိုင်သလို၊ နှေးလွန်းပြန်လျှင်လည်း ကြန့်ကြာသွားနိုင်ခြင်းပါ။ ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်အသွင်ကို ကူးပြောင်းလာခဲ့တာ သုံးနှစ်သက်တမ်း ရှိခဲ့ပြီဖြစ်သော်လည်း အခြေခံပညာရေးအတွက် ထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှုမျိုးကို မတွေ့ရသေးပါ။ ပညာရေးမူဝါဒများ ပြုပြင်ပြောင်းလဲရန် နှေးကွေးလွန်းနေသည့်အတွက် ဘေးထွက်ဆိုးကြိုးတွေ များစွာဖြစ်ပေါ်နေခြင်းပါ။
 
            ဥပမာ၊ ပညာရေးစနစ်နစ်နှင့်ပတ်သက်၍ စဉ်းစားစရာတွေ အများခြင်းရှိလာနိုင်ခြင်းပါ။ တိုင်းပြည်မှာ ပြဌာန်းပေးထားတဲ့ ပညာရေးစနစ် ညံ့ဖျင်းနေရခြင်းဟာ ပညာရေးမူဝါဒကြောင့်လော၊ သင်ကြားပေးနေတဲ့ ဆရာ ဆရာမများရဲ့ အရည်အချင်းများ ညံ့ဖျင်းနေ၍လော၊ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အခြေခံပညာရေးအဆင့်အတန်းက အားနည်းလွန်းနေ၍လော။ အဖြေထုတ်ရန် ခက်ခဲနေတဲ့ အနေအထားမျိုးမှာ ရှိနေဆဲပါ။ ဘေးထွက်ဆိုးကျိုးအနေနှင့် သင်ကြားပေးနေရသော ဆရာ၊ ဆရာမများနှင့် ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်တွေကုန်သလောက် လူတွေ ပင်ပန်းသလောက် ခရီးမရောက်နိုင်ပဲ ပညာတတ်မြောက်မှု အပိုင်းမှာလည်း ရာခိုင်နှုန်း အလွန်နည်းပါးနေခြင်းဆိုတဲ့ ဘေးတွက်ဆိုးကျိုးများနှင့် ရင်ဆိုင်နေကြရခြင်းပါ။  
 
            ထိုကြောင့် နိုင်ငံတော်၌ အချိန်သင့်၊ အခါသင့် ပြုပြင်ပြောင်းလဲပေးရမဲ့ အရေးများထဲတွင် ပညာရေးကို ရှေ့တန်းမှာထား၍ စဉ်းစားပေးရမဲ့အရေးဆိုတာ နိုင်ငံခေါင်းဆောင်များ သတိမူနိုင်ကြဖို့ပါ။
           
 ပညာရေစနစ်ကို မြှင့်တင်ပေးနိုင်ရန် ပညာရေးမူဝါဒများအတွက် ပြည်သူ၊ ပြည်သားများမှ ၀ိုင်းဝန်း စဉ်းစားပေးကြရာဝယ် … ။ ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာအရည်အချင်းများ တိုးတက် ကောင်းမွန်လာ နိုင်စေရန် TCA စနစ် (ဆရာဗဟိုပြု သင်ကြားနည်းစနစ်)၊ CCA စနစ် (ကျောင်းသား ဗဟိုပြု သင်ကြားနည်း စနစ်) များကို ဆွေးနွေးတင်ပြလာကြခြင်းပါ။
 
            တိုင်းပြည်အတွက် ပညာရေးမူဝါဒများကို စနစ်တကျ ပြဋ္ဌာန်းပေးနိုင်ခြင်းမရှိပဲ CCA စနစ်ကို ချက်ချင်းကြီးဆိုသလို ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်သေးပါ။ CCA စနစ်ကို ချက်ချင်းကြီးဆိုသလို ပြဋ္ဌာန်း ပေးလိုက်မည်ဆိုလျှင် အမှားတစ်ခုကို ထပ်မံပြုလုပ်လိုက်သလို ဖြစ်သွားနိုင်ခြင်းပါ။ စနစ်တိုင်းမှာ အားနည်းချက်၊ အားသာချက်များ ရှိနေခြင်းပါ။ CCA စနစ်မမှာလည်း အားနည်းချက်၊ အားသာချက်တွေ ရှိနေသလို၊ TCA စနစ်မှာလည်း အားနည်းချက်တွေ၊ အားသာချက်တွေ ရှိနေခြင်းပါ။ ပညာရေးစနစ် ဟောင်းများ၌ TCA စနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင်း ကျောင်းသားများရဲ့ ပညာအရည်အသွေးများ နိမ့်ကျသွားရတယ်လို့ ထင်မြင်ယူဆသူတွေလည်း ရှိနေခြင်းပါ။ တကယ်တော့ TCA စနစ်ကြောင့်မဟုတ်ပဲ အာဏာရှင်စနစ်ရဲ့မူအရ ဆွေးနွေးမခံပဲ ထင်ရာစိုင်းခဲ့တဲ့ ပညာရေးမူဝါဒများကြောင့် ကျောင်းသားများ၏ ပညာအရည်ချင်းများ ကျဆုံးသွားရခြင်းပါ။ ထိုထိုသို့သောအခြေအနေများကြောင့် ဆရာ၊ ဆရာမများရဲ့ သင်ကြားရေး စွမ်းရည်ဖြစ်တဲ့ ပညာအရည်အချင်းကို ဦးစွာပထမ မြှင့်တင်ပေးနိုင်ခြင်း မရှိပဲ ကျောင်းသားဗဟိုပြု CCA စနစ်ကို တိုက်ရိုက်ကြီးဆိုသလို ပြုပြင် ပြောင်းလဲပေးလိုက်မည်ဆိုလျှင် ကျောင်းသားများရဲ့ ပညာအရည် အချင်းများ မြင့်မားလာဖို့အတွက် အထောက်အကူများစွာ ပေးနိုင်ကြဦးမည်မဟုတ်ပါ။  
 
            အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံ၏ ပညာရေးစနစ်၌ မူလတန်း၊ အလယ်တန်း၊ အထက် တန်းဆရာ ဖြစ်လိုသော ပုဂ္ဂိုလ်များသည် (၁) ဘွဲ့ရပြီးသူဖြစ်ရမည်။ (၂) ဆရာဖြစ်သင်တန်းကို (၂)နှစ်တက်ရောက်ပြီး၊ စာသင်ကြားခွင့်ပါမစ် (certificate) လက်မှတ်ရရှိသူဖြစ်ရမည်။ ထိုကဲ့သို့သော အရည်အချင်းပြည့်ဆရာများကိုသာ ကျောင်းဆရာ၊ ဆရာမများ ခန့်အပ်ထား၍ အမေရိကန်ရဲ့ ပညာရေးစနစ် သည် ကမ္ဘာ့တန်းဝင် ပညာရေးစနစ်ဖြစ်နေခြင်းဖြစ်တယ်။ ထိုအပြင် ထိုနိုင်ငံရဲ့ ပညာရေးစနစ်သည် ကျေးလက်တောရွာများမှာနေ၍ ပညာကို သင်ကြားကြရသည်ပဲဖြစ်စေ၊ မြို့ကြီးပြကြီးများမှာနေ၍ ပညာကို သင့်ကြားခွင့်ရသည်ပဲဖြစ်စေ ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည်အချင်းများသည် ထူးထူးခြားခြားကြီး ကွာခြားနေခြင်းမျိုးမရှိပဲ တန်းတူရည်တူ ရှိနေသည်ကို တွေ့ရှိနိုင်ပေသည်။
 
            ထိုကြောင့် ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာအရည်အချင်းများ မြင့်မားနိုင်ဖို့အတွက် ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းများ မြင့်မားနိုင်ဖို့က ပို၍အရေးကြီးကြောင်း တင်ပြလိုခြင်းပါ။ ဆရာ၊ ဆရာမ များ၏ ပညာအရည်အချင်းဟုဆိုရာတွင် မြန်မာနိုင်ငံ၌ ပညာအရည်းအချင်းပြည်မီ ဆရာ၊ ဆရာမများစွာ ရှိနေ ခြင်းကို ငြင်းဆိုရန်မရှိပါ။ သို့သော် အများစုသော ဆရာ၊ ဆရာများမှာ အရည်အချင်းမပြည်မီခြင်း၊ ပညာရေးအတွက် ကိုယ်တိုင်က လေ့လာအားထုတ်မှု နည်းပါးနေခြင်း၊ စေတနာထက် အကျိုးတရားကို မျှော်ကိုး နေတတ်ခြင်း စသော အကြောင်းတရားများကြောင့် နိုင်ငံရဲ့ပညာရေးစနစ်သည် တစ်နည်းအားဖြင့် အားနည်းနေခြင်းလည်း ဖြစ်နိုင်ပါသည်။
 
            အခြေခံပညာရေးစနစ်ကို မြှင့်တင်ပေးရန်ဆိုတဲ့ရည်ရွယ်ချက်ဖြင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်း တင်စာမေးပွဲစနစ်ကို မြို့နယ်နှင့် တိုင်းဒေသကြီးအဆင့်ဖြင့် မြှင့်တင်ကျင်းပသွားရန် စီစဉ်မပေးမီ ကျေးလက် တောရွာများ၌ ယခုလက်ရှိ ပညာသင်ကြားပေးလျှက်ရှိကြသော ဘွဲ့ရ၊ ဘွဲ့မရ ဆရာ၊ ဆရာမများ၏ ပညာရေး အဆင့်အတန်းများ သတ်မှတ်စံနှုန်း မီ၊ မမီ ဦးစွာပထမ စစ်ဆေးကြည့်သင့်သည်။ စစ်ဆေး ကြည့်မည်ဆိုလျှင် ̏လေးတန်းနှင့်ပြိုင် ဘယ်သူနိုင်˝ဆိုတဲ့အဖြေကို သိနိုင်ခြင်းပါ။
 
            အဆင့်ရှိတဲ့ပညာရေးစနစ်မျိုးဆိုတာ အရာရာတိုင်းကို အလွတ်မကျက်မှတ်ပဲ သင်ကြားပေးနိုင်ခြင်း၊ ဆရာပေးလိုက်သည့် သင်ခန်းများကို ကိုယ်တိုင်ပြုလုပ်နိုင်ခြင်း (ကျူရှင်မလိုခြင်း)၊ ပညာသင်ကြားနည်းစနစ်၌ မေးဖြေပြုလုပ်၍ သင်ကြားပေးခြင်း၊ အုပ်စုဖွဲ့၍ သင်ကြားပေးခြင်း၊ ပရိုဂျက်များကို အုပ်စုအလိုက်ပြုလုပ်စေ၍ အတန်းရှေ့သို့ထွက်၍ အခြားကျောင်းသားများအား နားလည်သဘောပေါင်အောင် ဆွေးနွေးတင်ပြနိုင်ခြင်း၊ ဘာသာရပ်အတွက် လိုအပ်လာလျှင် ကွင်းဆင်း၍ ကိုယ်တိုင် လေ့လာသင်ကြားရခြင်း၊ သင်္ချာဘာသာရပ်တို့လို၊ သိပ္ပံဘာသာရပ်တို့လို ဘာသာရပ်များ၌ သင်ခန်းစာတစ်ခုမှ ရှေ့သင်ခန်းစာတစ်ခုသို့ ကူးပြောင်းတိုင်း ကျောင်းသား၊ ကျောင်းသူများ ထိုသင်ခန်းစာ၌ နားလည်မှု ရှိ၊ မရှိ သိရှိနိုင်ရန် ဆရာ၊ ဆရာမများမှ ကွစ်စ် (Quiz) မေးခွန်းမျိုး (၅-၁၀ မှတ်တန် မေးခွန်းမျိုး) ကို မေး၍ စစ်ဆေးခြင်း စသည် စနစ်များပါဝင်သော ပညာရေးမျိုးကို အဆင့်ရှိတဲ့ ပညာရေးစနစ်မျိုးဟု ပြောကြားလိုခြင်းပါ။
 
            အဟောင်းကို ပြင်၍ အသစ်ကို တည်ဆောက်ခြင်းအလုပ်ဆိုတာ ဆောက်လုပ်ဝန်ကြီးဌာနမှ ပြုလုပ်ရ မည့် အလုပ်မျိုးဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်ရမည့်အလုပ်မျိုးမဟုတ်ပါ။ ပညာရေး ၀န်ကြီးဌာနမှ စီမံကွပ်ကဲ၍ ပြုလုပ်ရမည့်အလုပ်မျိုးဆိုတာ ပညာရေးမူဝါဒရေးဆိုင်ရာ စနစ်ဟောင်းများသည် ခေတ်နှင့်မလျှော် ညီတော့ခြင်း၊ ဘေးထွက်ဆိုကျိုးများက များပြားနေခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည် အသွေးများ ညံ့ဖျင်းနေခြင်း၊ သင်ကြားပေးသူ၊ သင်ယူသူ နှစ်ဖက်လုံး၌ စိတ်ဓာတ်ခွန်အားများ ကျဆုံးခြင်း၊ အလွတ်ကျက်မှတ်ရသောစနစ်ဖြစ်၍ အချိန်တိုင်း၌ စာအုပ်နှင့်မျက်နှာ မခွာရသောကြောင့် ကိုယ်လက်လုပ်ရှား ချိန်မရှိခြင်း၊ ထိုကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးများ အားနည်းစေခြင်း စသော ဘေးထွက်ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျ သိနိုင်ကြဖို့ပါ။
 
            ထိုကဲ့သို့ ဘေးထွက်ဆိုကျိုးများရှိနေသော ပညာရေးစနစ်ကို ရှေ့နောက်ပြောင်း၍ (ဥပမာ၊ ၁၉၇၀-ခုနှစ်ကပညာရေးစနစ်ကိုဖျက်သိမ်းပြီး၊ ၁၉၈၀-ခုနှစ်ပညာရေးစနစ်နှင့်အစားထိုး၊ တဖန် ၁၉၉၀-ခုနှစ်၌ ၁၉၈၀-ခုနှစ် ပညာစနစ်ကို ဖျက်သိမ်း၊ ၁၉၇၀-ခုနှစ် ပညာရေးစနစ်နှင့်အစားပြန်ထိုး၊ ပြောင်းလို့မပြီးနိုင်အောင်ရှိနေတဲ့ ပညာရေးစနစ်မျိုးကို ဆိုလိုပါသည်။) ပြောင်းလဲနေရုံမျှဖြင့်တော့ အဆင့်အတန်းရှိသော ပညာရေးစနစ်မျိုး ဖြစ်မလာနိုင်ခြင်းကို စေတနာဖြင့် တိုင်းပြည်အတွက် တင်ပြပေးခြင်းပါ။ မူဆိုတာ ကြိုက်ရင်ယူ၊ မကြိုက်ရင် ပယ်နိုင်ဖို့ပါ။ သို့သော် စနစ်တစ်ခုကို ယူခြင်း၊ မယူခြင်းဆိုတာ ပညာနှင့်သာ ဆုံးဖြတ်ရမဲ့အလုပ်မျိုးဖြစ်တယ် ဆိုတာ ပညာရေးဌာနမှ အကြီးအကဲများ၊ ၀န်ထမ်းများ သိရှိနိုင်ကြဖို့ပါ။ ချမ်းသားစွာ အိပ်စက်နိုင်ကြပါစေ။
 
ဒေါက်တာဓမ္မပိယ (ITBMU)
Copy from - moemaka.blog

0 comments: