Wednesday, December 4, 2013

တွေ့ဆုံ ဆွေးနွေးရေး ဖိတ်ကြားခြင်း နှင့် အစိုးရ တပ်အင်အား တိုးချဲ့ချထားမှု

 
ဒီဇင်ဘာလ အတွင်း တွေ့ဆုံဆွေးနွေးရန် အစိုးရ ငြိမ်းချမ်းရေးစင်တာမှ ကမ်းလှမ်း နေချိန်တွင် ပလောင်ဒေသ၌ အစိုးရစစ်အင်အား တိုးချဲ့ ချထားလျှက်ရှိ ကြာင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းက ဆိုပါသည်။

“ နမ့်ဆမ်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်မှာ ဆိုရင် အရင်က တမြို့နယ်ကို တပ်ရင်း (၃)ရင်း ချထားရာကနေ အခု (၅) ရင်း အထိ တိုးလာနေတယ်။ ပေါင်းလိုက်ရင် အနဲဆုံး (၁၅)ရင်းလောက်ကို တိုးထားတာ တွေ့ရတယ်။ တဖက်မှာလည်း အချိန်အားတာနဲ့ အစိုးရ ငြိမ်းချမ်းရေး စင်တာနဲ့ ကျနော်တို့ တွေ့ဖို့ ပြောထား တာရှိတယ်” ဟု ဆိုပါသည်။

(TNLA) တပ်ရင်းနှင့် ဆိုင်ထားသည့် နေရာတိုင်း တွင်လည်း အစိုးရ တပ်အင်အား ထပ်မံဖြည့် ထားသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ အထူးသဖြင့် ပန်ဆေး ကျော်မြင့်ကုန်း၊ နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည် နယ်စပ်ဘက် သွားသည့်လမ်းကြောင်း ဖက်တွင် အစိုးရတပ်ရင်း ၁၀ တပ်ရင်းခန့် ထပ်တိုး ခဲ့သည်ဟု ဒေသခံများက ပြောဆို နေကြောင်း ဆိုပါသည်။

ဤသို့ကြောင့် အချိန်မရွေး တိုက်ပွဲဖြစ် လာနိုင်ဖွယ် ရှိသည်ဟု ဆိုပါသည်။ ဤလုပ်ရပ်သည် အစိုးရမှ စစ်ရေးအရ ဖိအားပေးနေခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး တာအိုက်ဖုန်းက သုံးသပ်ခဲ့ပါသည်။

ဖိအားပေး လာနိုင်ဖွယ် အကြောင်းရင်းမှာ အစိုးရ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ၏ မြစ်ကြီးနား တွေ့ဆုံပွဲမှ တင်ပြသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းသည် တိုင်းရင်းသား လက်နက်ကိုင်ဖက်မှ လက်ခံရန် ခက်ခဲသဖြင့် ဆက်လက် ဖိအားပေးရန် ဖြစ်လာ နိုင်ကြောင်း ဆိုပါသည်။

ဤကဲ့သို့ စစ်ရေးအရ ဖြတ်လေးဖြတ် စစ်ဆင်နိုင်ရန် ပထမ အဆင့်အဖြစ် ကျေးရွာနားသို့ လက်နက်ကြီး ပစ်ခတ်ခြင်းဖြင့် လူထုများ ထွက်ပြေး စေခဲ့ပါသည်။ ဒုတိယအားဖြင့် လူသူမရှိသော ကျေးရွာကို ခြေကုတ်ယူပြီး အဆင့်ဆင့် အဆက်မပြတ် စစ်ဆင်သည့် နည်းကို အသုံးပြုဖွယ်ရှိပါကြောင်း၊ တိုက်ပွဲများ ရေရှည် လာပါက (TNLA) ရပ်တည်ရန် ခက်ခဲ လာနိုင်သည့် နည်းကို ကြံရွယ်ထား ဟန်ရှိပါသည်။

ထို့နည်းတူ ပလောင်နှင့် ကချင်ပြည်နယ်စပ်တွင် တပ်အင်အား တိုးချဲ့ချထားခြင်းဖြင့် အချင်းချင်း အဆက်ပြတ်စေရန် စီစဉ်ထားပုံ ရကြောင်း၊ ကချင်ဖက်ခြမ်း တွင်လည်း တပ်အင်အား တိုးချဲ့ထားပြီး လူထုကို မောင်းထုတ် ပြီးကာမှ လူမရှိသော ကျေးရွာကို အခြေခံပြီး ဒုက္ခသည် ရိက္ခာဖြင့် ခြေကုတ် ယူထားကြောင်း ဆိုပါသည်။

အစိုးရတပ် များသည် ကချင်ပြည်နယ် မံစီမြို့နယ် ဖက်ခြမ်းတွင် လူထုအား နည်းအမျိုးမျိုးဖြင့် ကျေးရွာမှ မောင်းထုတ် ထားပြီး အချိန်မရွေး စစ်ဆင်နိုင်ရန် ပြင်ဆင်ထား သလို ပလောင် ဖက်ခြမ်းရှိ ကွတ်ခိုင်၊ နမ်းခမ်းနှင့် နမ့်ဆမ် မြို့နယ်တွင်လည်း အချိန်မရွေး တိုက်ပွဲ ဖန်တီးနိုင်သည့် အခြေအနေ ဖြစ်စေရန် အစိုးရဖက်မှ ပြင်ဆင်ထားပါသည်။

ဤကဲ့သို့ စစ်ရေးအရ ပြင်ဆင်နေသည့် တချိန်ထဲတွင် တဖက်တွင်လည်း ပလောင်အဖွဲ့နှင့် ဒီဇင်ဘာလအတွင်း တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ကြားထားသလို ကချင် လွတ်လပ်ရေး အပါဝင် အခြား လက်နက်ကိုင် အင်အားစု များနှင့် ကရင်ပြည် နယ် ဖါးအံမြို့၌ တွေ့ဆုံ ဆွေးနွေးရန် ရှိနေပါသည်။

ထိုသို့စီစဉ် ထားသော်လည်း တပ်ဖွဲ့များ လျှော့ချခြင်း မရှိဘဲ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေဆဲ ရှိနေပါသည်။ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) သည် အစိုးရ ကိုယ် စားလှယ်များနှင့် ထပ်မံ ဆွေးနွေး သည့်အခါ အစိုးရတပ်များ လျှော့ချရေး ကိုသာ ထပ်မံတင်ပြရန် ရှိသည်ဟု ဆိုပါသည်။

မည်သို့ပင်ဆိုစေ (PSLF/TNLA) သည် အစိုးရနှင့် ဆွေးနွေးခြဲ့ပီးတိုင်း တိုက်ပွဲ လျှော့ချရေးနှင့် တပ်ဖွဲ့လျှော့ချ ရေးကို အကြိမ်ကြိမ် တင်ပြခဲ့ဘူး သော်လည်း ထူးခြားခြင်း မရှိဟု ဆိုနိုင်ပါသည်။

မြန်မာနိုင်ငံသည် အလှည့်ကျ အာဆီယံ ဥက္ကဌ နိုင်ငံဖြစ်ပါသည်။ အာဆီယံ ဆီးဂိမ်း အားကစားပွဲအပြင် လာမည့် ဇန္နာဝါရီလတွင်လည်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများ ကျင်းပရန်ရှိပါသည်။ ဤကဲ့သို့သော နိုင်ငံမျိုးတွင် ပြည်တွင်းစစ်ဖြစ် နေသည်မှာ နှစ်ပေါင်း (၆၀)ကျော် ကြာလာခဲ့ပါပြီး။ ယနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ အစိုးရ၏ လက်ရှိ စစ်ရေး လှုပ်ရှားမှုများသည် ပြသနာကို ငြိမ်းအေး စေခြင်းထက် တိုးပွား လာဖွယ်ရာသာ ရှိစေမည် ဖြစ်သည်။
 
သတင်းရင်းမြစ် - ရွှေဟင်္သာ သတင်းဌာန

0 comments: