Monday, December 23, 2013

ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာရင် ၈၈ တွေရဲ့သမိုင်း ဘယ်တုန်းကမှ မရိုင်းခဲ့ဘူးဆိုတာ ယုံကြည်လိုက်ပါ မိတ်ဆွေ။


 
၂၅ နှစ်တာ နိုင်ငံရေး ခရီးကြမ်းကို ဖြတ်သန်းခဲ့ကြတဲ့ ၈၈ မျိုးဆက်တွေမှာ ကိုယ်ပိုင် နိုင်ငံရေးအမြင် ၊ ကိုယ်ပိုင် နိုင်ငံရေး ခံယူချက်တွေ ကိုယ်စီ ရှိကြပါတယ်။
 
အထူးသဖြင့် ၈၈၈၈ ကာလကတည်းက ဗကသ ၊ အကသ ၊ လူ့ဘောင်သစ် အစရှိသဖြင့် အဖွဲ့အစည်းတွေကို တည်ထောင်ကြရာမှာ ကိုယ့်အဖွဲ့အစည်းရဲ့ မူဝါဒလမ်းစဉ် တွေကို ကိုယ့်ဘာသာကိုယ် ရေးဆွဲချမှတ်ခဲ့ကြတယ်။ လိုအပ်တဲ့ ငွေရေးကြေးရေး အတွက် လမ်းဘေးမှာ အကြော်ရောင်း ရှာဖွေခဲ့ကြရတယ်။ အဖွဲ့အစည်း ရပ်တည်မှု အတွက် ကိုယ့်အား ကိုယ်ကိုးခဲ့ကြရတယ်။ ဒါကြောင့် ဒီနေ့ ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ ၈၈ မျိုးဆက်တွေဟာ နိုင်ငံရေးပြဿနာတစ်ရပ်ကို ရှာဖွေချဉ်းကပ် အဖြေရှာကြရာမှာ တစ်ဦးနဲ့တစ်ဦး နိုင်ငံရေးအယူအဆ ကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။
 
၈၈၈၈ပန်းတိုင်ဆီသို့ ချီတက်ကြရာမှာ နည်းဗျူဟာအရ လျှောက်တဲ့လမ်းချင်း တူချင်မှ တူမယ်။ မဟာဗျူဟာကတော့ အားလုံး အတူတူသာလျှင် ဖြစ်ပါတယ်။ ပုံမှန်အချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ရဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ် အားမလို အားမရ ဝေဖန် ထောက်ပြမှုတွေရှိချင် ရှိခဲ့ကြမယ်။ ဒီ ဝေဖန်ထောက်ပြမှု တွေ အားလုံးဟာဒေါ်စု နဲ့ NLD အပေါ် ချစ်တဲ့စိတ်ကို အရင်းခံတယ်လို့ မြင်ပါတယ်။ မည်သို့ပင် ဆိုစေNLD ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ပါတ်သက်လို့ အယူအဆ တူသည် ဖြစ်စေ ၊ မတူညီသည် ဖြစ်စေ အရေးကြုံလာပြီဆိုရင် NLDကို ဝန်းရံခဲ့ကြစမြဲ ဖြစ်ပါတယ်။
 
NLD ပါတီ မိုးထဲရေထဲမှာ ရုန်းကန်နေရချိန် ၊ပြည်သူ့ကိုယ်စားလှယ် ဆိုသူတွေ NLD နဲ့ဒေါ်အောင်ဆန်းစုကြည်ကို စွန့်ခွာသွားကြချိန်မှာ ဒေါ်စု လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတာ ပြည်တွင်း ၊ ပြည်ပက ၈၈ မျိုးဆက်တွေ ဖြစ်ပါတယ်။
 
နယ်က NLD ပါတီဆိုင်းဘုတ်တွေ တစ်ခုပြီးတစ်ခု ပြုတ်ကျနေချိန်တွေမှာ လက်ချိုးရေတွက်လို့ရတဲ့လက် ကျန်အမာခံ ပါတီဝင်တွေနဲ့ လက်တွဲပြီး NLD ကို ကျားကန်ပေးခဲ့ကြတာ ၈၈ မျိုးဆက်တွေ ဖြစ်ပါတယ်။
 
NLD နဲ့ ၈၈ မျိုးဆက် တွေဟာ အရေးကြုံလာတိုင်း သွေးစည်းခဲ့ကြစမြဲဆိုတာ ( ၂၅ ) နှစ်တာသမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
 
ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာရင်၈၈ တွေရဲ့သမိုင်း ဘယ်တုန်းကမှ မရိုင်းခဲ့ဘူးဆိုတာ ယုံကြည်လိုက်ပါ မိတ်ဆွေ။
 
( ကိုဘုန်းဆွေ )

0 comments: