Friday, December 20, 2013

ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် ဂျပန်တက္ကသိုလ်တို့ ပူးပေါင်း၍ ပညာရေး မူဝါဒနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Nagoya University နှင့် ပူးပေါင်း၍ ပညာရေး မူဝါဒနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြစဉ်
 
ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် ဂျပန်နိုင်ငံရှိ Nagoya University တို့ ပူးပေါင်း၍ ပညာရေး မူဝါဒနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆွေးနွေးခဲ့ကြောင်း ရန်ကုန်ပညာရေး တက္ကသိုလ်မှ သိရသည်။

ဆွေးနွေးရာတွင် ဂျပန်နိုင်ငံမှ ပညာရေး မြှင့်တင်မှု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ပညာရေး မူဝါဒများနှင့် ဥပဒေများ အကြောင်းနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် အဓိက စိန်ခေါ်နေသည့် အကြောင်းအရာများကို ဆွေးခဲ့ကြပြီး မြန်မာနိုင်ငံမှလည်း လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ ပညာရေးမူဝါဒများနှင့် ဥပဒေများ အကြောင်းအရာများနှင့် ရင်ဆိုင်နေရသည့် ပညာရေး စိန်ခေါ်မှုများ အကြောင်းကို ပြန်လည်
ဆွေးနွေးခဲ့ကြသည်။

''မြန်မာနိုင်ငံ အနေနဲ့ လက်တွေ့ကျတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသား ပညာရေးမူဝါဒနဲ့ ဥပဒေကို ရေးဆွဲဖို့ အတွက် စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Nagoya University မှာက အထူးသဖြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုကို အထူးဆောင်ရွက်တဲ့ ဌာနရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ အချိန်မှာ သူတို့အနေနဲ့ ဘယ်လိုအခန်း ကဏ္ဍကနေ ဆောင်ရွက်ရမလဲ ဆိုတာကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲ ရလဒ်အရ ဂျပန်နိုင်ငံ၊ အာရှနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်တဲ့ အခါတိုင်းမှာ အချို့သော ပြုပြင်ပြောင်းလဲမှုတိုင်းမှာ တစ်ခါတစ်ရံမှာ အကောင်းဆုံးလို့ထင်တဲ့ အချက်တွေဟာ ထပ်ပြီးပြုပြင် ပြောင်းလဲဖို့ လိုအပ်တဲ့ ပုံစံမျိုးတွေ ဖြစ်သွားတတ်ပါတယ်။

အဲဒီလိုမျိုး သူတို့တွေ တွေ့ကြုံခဲ့ကြတဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့ အနေနဲ့ အလွယ်တကူ လေ့လာနိုင်ဖို့အတွက် သူတို့တွေရဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်'' ဟု ရန်ကုန်ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မင်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံမှ Nagoya University နှင့် Aichi Institute of Technology မှ ပညာရှင်များ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။ မြန်မာ-ဂျပန် ပညာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ်နှင့် Nagoya တက္ကသိုလ်တို့ ပူးပေါင်း၍ Research Centre တစ်ခုအား ယခင်အင်းဝ စာအုပ်တိုက် တည်နေရာတွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို လုပ်ဆောင်လျက်ရှိပြီး Nagoya University မှ ပါမောက္ခအချို့ ရန်ကုန်ပညာရေး တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် လာရောက်တာဝန် ထမ်းဆောင်လျက် ရှိနေကြောင်း သိရသည်။

Copy from - Eleven Media Group

0 comments: