Monday, November 25, 2013

UNFC အတွင်းရေးမှူး နိုင်ဟံသာနှင့် တွေ့ဆုံခြင်း

===========================
(by Mizzima)
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ သုံးနှစ်ဝန်းကျင် ရောက်လာချိန်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများ၊ ယင်းနှင့် တိုက်ရိုက် ဆက်စပ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ပတ်သက် သည့် တွေ့ဆုံဆွေးနွေးမှုများ၊ သဘောထားထုတ်ဖော်ပြောဆိုမှုများ အရှိန်မြှင့်လာခဲ့သည်။

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းနိုင်ငံရေးပါတီများ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ နိုဝင်ဘာ ၂၂၊ ၂၃ရက်များတွင် တွေ့ဆုံနိုင်ရန် အစိုးရက ပထမဆုံး စီစဉ်ပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲမှာ ပါဝင်ခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲဆိုင်ရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားများ သိရှိနိုင်ရန်နှင့် အပစ်အခတ်ရပ်စဲရေးအတွက် တပ်မတော်၏ လက်ရှိအခန်းကဏ္ဍ၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန် သဘောထားအမြင်များနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အတွင်းရေးမှူး နိုင်ဟံသာ၏ အမြင်သုံးသပ်ချက်များကို မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို UNFC တစ်ဖွဲ့လုံးအနေနဲ့ ဘယ်လိုမြင်လဲ။

ဒီလိုပါ။ လိုင်ဇာသဘောတူညီချက် မချခင်မှာ အဲဒီအစည်းအဝေး မလုပ်ခင်မှာ MPC ကနေပြီးတော့မှ အစိုးရရဲ့ ရပ်တည်ချက်ဆိုပြီးတော့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောထားပေါ့နော်။ စာတစ်စောင် ပေးလာတယ်။ အဲ့ဒီစာက သိပ်တော့ အမြင်မကွဲဘူး။

အစိုးရဘက်ကရော၊ တိုင်းရင်းသားတွေဘက်ကရော လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးမူကြမ်းမှာ နှစ်ဖက်ကွဲလွဲနေတဲ့ အဓိက စိန်ခေါ်ချက်က ဘာဖြစ်မလဲ။

အဓိကတော့ စစ်တပ်ဘက်က လက်ခံဖို့ အရေးကြီးတယ်ဗျ။ သူတို့က တပ်ဘက်ဆိုင်ရာ လုံးဝ အပြင်မခံ ချင်ဘူး။ တပ်ဘက်ကိစ္စ လုံးဝ အထိမခံချင်ရင် ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံလည်း မဖြစ်နိုင်ဘူး ဗျ။ ကနေ့ ၂၀၀၈ ဖွဲ့စည်းပုံကိုကြည့် တပ်ဘက်က အာဏာအများကြီး ယူထားတယ်။

ဒါဆိုရင် အပစ်အခတ်ရပ်စဲဖို့က ဘယ်လောက်ထိ ကြာဦးမယ်ထင်လဲ။

ဒီပုံစံအတိုင်းဆိုရင်တော့ အန်ကယ်တို့ကတော့ လုံးဝ လက်မခံနိုင်ဘူး။ ဒါကို ဘယ်လိုပြင်နိုင်မလဲပေါ့ဗျာ။ ဖြစ်နိုင်ဖို့ ဆိုတာကတော့ အစိုးရအပေါ်မှာ အများကြီးမူတည်တယ်။ အစိုးရဘက်မှာတောင် အမြင်မတူ ဘူး။ သူတို့လည်း ခန့်မှန်းလို့ရမှာပါ။ အစိုးရဘက်ကတော့ ဦးအောင်မင်းတို့၊ သမ္မတဦးသိန်းစိန်တို့ဘက် ကတော့ အများကြီး အမြင်တွေ ပြောင်းလဲလာတယ်၊ နီးစပ်လာတယ်ပေါ့။ ဒါပေမဲ့ တပ်မတော်ပိုင်းက မပြောင်းလဲသေးဘူး။

ကေအိုင်အိုက ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ဒီကိုရောက်နေတဲ့အချိန်မှာပဲ ဟိုမှာက ပစ်နေခတ်နေတယ်။ အဲ့ဒါကရော ဘာကြောင့်လို့ ထင်လဲ။

အဲဒါလည်း အစိုးရဘက်က နိုင်ငံရေးဆွေးနွေးပွဲတစ်ခု လုပ်တိုင်း၊ လုပ်တိုင်းမှာ တစ်ခါမဟုတ်ဘူးနော်။ ဆွေးနွေးပွဲလုပ်တိုင်းမှာ တပ်က သွားပြီးတော့ ပစ်နေတယ်။ အဲဒါက သံသယဖြစ်စရာဖြစ်နေတယ်။ ဒါက ခြုံပြီးပြောမယ်ဆိုရင် အစိုးရနဲ့စစ်တပ်နဲ့ အမြင်တူတယ်လို့ ပြောမယ်ဆိုရင်တော့ ဒါက ဖိအားတစ်မျိုးပဲ။ တကယ်လို့ အစိုးရနဲ့စစ်တပ်နဲ့ အမြင်မတူဘူးဆိုရင်တော့ ဒါက အနှောင့်အယှက်ပေးတဲ့သဘောပဲ။

ပြီးသွားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တဲ့ ချင်းမိုင် ဆွေးနွေးပွဲမှာရော ဘာတွေပြောဖြစ်ကြလဲ။

ဒါလဲ တရားဝင်ပွဲမဟုတ်ဘူးလေ။ ပြောရမယ်ဆိုရင်တော့ သူတို့လဲ အန်ကယ်တို့ရဲ့ ရပ်တည်ချက်တွေ၊ လိုလားချက်တွေ ဘာလဲ၊ ဘာလဲဆိုတာ သိသာအောင်လို့ အန်ကယ်တို့ကလဲ ရှင်းပြတယ်။ သူတို့ကလဲ မေးတယ်။ နောက် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးဖြစ်ဖို့၊ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ကိုဘယ် လိုနည်းလမ်းရှာမလဲဆိုတာလည်း အမြင်တွေ ဖလှယ်ကြတယ်။

လာမယ့် ဒီဇင်ဘာမှာလုပ်မယ့် ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တွေ့ဆုံမယ့် ဘားအံဆွေးနွေးပွဲမှာရော ဘာတွေဆွေးနွေးကြမလဲ။ ဘားအံဆွေးနွေးပွဲက အပစ်အခတ် ရပ်စဲရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ဆွေးနွေးပွဲရော ဖြစ်လာနိုင်သလား။

အဲဒါကတော့ အန်ကယ်တို့ဘက်က အဆိုပြုထားတဲ့ သဘောထားအပေါ်မှာ သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာ အဲဒီမှာ စောင့်ကြည့်ရမယ်။ သူတို့ဘက်က တင်ပြထားတဲ့ မူအပေါ်မှာ အန်ကယ်တို့ဘက်ကလည်း တုံ့ပြန်ရမယ်လေ။ အဲဒီမှာ အမြင်နှစ်ခုကတော့ တုံ့ပြန်ရမယ်။ ဒါပေမဲ့ အဲဒီအဆင့်မှာလည်း ကြည့်ရတာကတော့ အပြည့်အ၀တော့ နားလည်မှု ရသွားပြီဆိုတဲ့ အနေအထားမျိုးတော့ ရောက်နိုင်ဖို့ မရှိသေးဘူး။ ဟိုဘက်ကလည်း ထပ်လျှော့၊ဒီဘက်ကလည်း ထပ်လျှော့ဆိုရင်တော့ နည်းနည်းတော့ နီးလားမလားဘဲ။
 
Copy from - Mizzima

0 comments: