Tuesday, November 19, 2013

နေပြည်တော်၌ ပြုလုပ်သော NLD ၏ ဖွဲ့စည်းပုံဆိုင်ရာ ရှင်းလင်းပွဲ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ကောက်ယူပွဲကို နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် နိုဝင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် ရှင်းလင်း ပြောကြားခဲ့ပြီး ဆန္ဒမဲပေးသူ ၈၈ ရာခိုင်နှုန်းကဖွဲ့စည်းပုံကို ပြင်ဆင်ရန် ထောက်ခံခဲ့သည်။
 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ လူထုသို့ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လူထုသဘောထား ရယူပွဲသို့ နေပြည်တော်ခရိုင် အတွင်းရှိ ပါတီဝင်များ၊ ဒေသခံများ နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပြီး ၁၅၀၀၀ ခန်.က ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်သည်။
 
ယင်းလူထုသဘောထား ကောက်ခံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကြေညာစာတမ်းကို ဖတ်ကြားခြင်း၊ အဖွဲ့ချုပ်မှ ဥပဒေပညာရှင်များဖြစ်သူ ပြည်သူ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် အချက်များ၊ နိုင်ငံသား တို့၏ အခွင့်အရေးများကို ပြန်လည် ကန့်သတ်ထားသော ရှေ့နောက်မညီညွတ်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
 
ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ၄င်း၏သဘောထားကို ပြောကြားခဲ့ပြီးနောက် ပြင်ဆင်ရန် သို့မဟုတ် အသစ် ပြန်လည်ရေးဆွဲရန် အတွက် လက်ထောင်စနစ်ဖြင့် ဆန္ဒမဲကောက်ခံခဲ့ရာတွင် ထိုသို့ ၈၈ ရာခိုင်နှုန်းက ပြင်ဆင်ရန် ထောက်ခံခဲ့ခြင်းဖြစ်သည်။
 
Copy from - EMG

0 comments: