Wednesday, November 13, 2013

အစိုးရနှင့် KIA တပ်ရင်း ၁၂ ကြားဖြစ်ပွားနေသော တိုက်ပွဲကြောင့် KIA အရာခံဗိုလ်တဦးကျ

 
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) လက်အောက် တပ်ရင်း (၁၂) ဒေသ မဘိန်းမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်၍ပြင်းထန်ဖြစ်ပွားနေကာ နိုဝင်ဘာလ ၁၀ ရက်နေ့က ဆဂနမ်ခွမ် (Saga Nam Hkum) တွင်ဖြစ်ပွားသောတိုက်ပွဲတွင် KIA အရာခံဗိုလ် တဦးကျဆုံးခဲ့သည်။

အဆိုပါ တပ်ရင်း (၁၂) အရာခံဗိုလ်အင်ခွမ်အောင်မိုင် (Nhkum Awng Mai) သည် အစိုးရဖက်မှ စခက-၂၁ (ဗန်းမော်) လက်အောက် နည်းဗျူဟာ (၃) မှ စစ်အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ထိခိုက် ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း KIA တပ်ရင်း (၁၂) တပ်ရင်းမှူးဗိုလ်မှူး ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့အတည်ပြုသည်။

“နေ့တိုင်းပစ်နေကြတာ ၂ နာရီကနေ ၃ နာရီထိ နှစ်ဖက်တပ်ကနေ ပြင်းထန်စွာ ပစ်ခတ်တိုက် ခိုက်ချိန်မှာ ကျဆုံးသွားတာ။ သူတို့ဘက်က ဘယ်လောက်သေတယ် ဒဏ်ရာရတယ်ဆိုတာ တိကျမသိဘူး။ တပ်ရင်း ၁ ခုတော့ကုန်ပြီ။ သူတို့ကထိုးစစ် ကျနော်တို့က ခံစစ်ဆိုဖြစ်တယ်”

အစိုးရတပ်မှ သေဆုံး ဒဏ်ရာရသူများရှိပြီး ၄င်းတို့ကို ဂျေခမ်းဘက်သို့ ပို့ဆောင်ကာ ယမန်နေ့တွင် ဂေါင်ရွန် (Gawng Run) ဘက်သို့ ဆက်လက်ခေါ်ဆောင်နေကြောင်းသိရသည်။

အစိုးရတပ်သည် KIA တပ်မဟာ (၃) ဖက်သို့ ဗျူဟာစနစ်ဖြင့် ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၂ လခန့်ရှိပြီဖြစ်သောကြောင့် ထိုအနီးမှ ရွာပေါင်း ၁၀ ရွာကျော်ကို ထွက်ပြေးတိမ်းရှောင်နေရကာ နှစ်ဖက်တပ်မှ နေစဉ်ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

ယမန်နေ့ ၁၀ နာရီချိန်တွင်လည်း မုန်းဒိန်ပါ (Mung Ding Pa) တွင် အစိုးရတပ် စခက ၂၁ အောက် နည်းဗျူဟာ ၁ နှင့် KIA တပ်ရင်း ၁၂ ကြား မိနစ် ၃၀ ကျော်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ KIA တပ်ဆုတ်ထားလိုက်ရကြောင်း သိရသည်။

ဆက်လက်၍ ဆဂနမ်ခွမ် (Saga Nam Hkum) မှ အစိုးရတပ်များသည် KIA တပ်ရင်း ၁၂ တပ်ဖွဲ့များ ရှိသည့် ပဂါကောင် (Paga Kawng) သို့ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အစိုးရတပ်များသည် KIA တပ်ရင်း ၁၂ ဒေသရှိ လမ်းများကို ဖယ်ခိုင်းပြီး တပ်နေရာချ နောက်တန်း ခြေကုတ်စခန်းများပြုလုပ်ကာ ရှေ့တန်းတွင် တိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသိရသည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: