Thursday, November 7, 2013

အပစ်အခတ်ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံဆောင်ရွက်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရဘက်က အသစ်ရေးဆွဲခဲ့သော အပစ်ရပ် စာချုပ်မူကြမ်း၌ ဖော်ပြ

A.6.11
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအား မြစ်ကြီးနား ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည်ကို  တွေ့ရစဉ်
 
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် အစိုးရဘက်က အသစ်ရေးဆွဲထားသော မူကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အပစ်အခတ် ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံဆောင်ရွက်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်အချက်ကို ဦးစားပေးအနေဖြင့် ဖော်ပြခဲ့သည်။

အဆိုပါ အသစ်ရေးဆွဲထားသော မူကြမ်းကို အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ထံသို့ နိုဝင်ဘာ ၄ ရက် မြစ်ကြီးနားဆွေးနွေးပွဲ ပထမနေ့ ညနေပိုင်းတွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယင်းမူကြမ်းအသစ်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ သဘောထားများ ထည့်သွင်း ရေးဆွဲခဲ့သည့် မူကြမ်းဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သော်လည်း ထိုအချက်ကိုမူ သီးခြားအတည်ပြုချက် ရယူနိုင်ခဲ့ခြင်း မရှိပေ။

တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှ အပစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု ပြောဆိုထားချိန်၌ အစိုးရဘက်က ယင်းကဲ့သို့ တင်ပြလာသော မူကြမ်းအသစ်ကြောင့် ဆွေးနွေးပွဲအတွင်း အချေအတင် ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် သုံးရက်ကြာ ပြုလုပ်ရန် ရည်ရွယ်ထားသော ဆွေးနွေးပွဲကိုလည်း နှစ်ရက်ဖြင့် အဆုံးသတ်ခဲ့သည်။  

တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှ အပစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု ပြောဆိုထားချိန်၌ အစိုးရဘက်က ယင်းကဲ့သို့ တင်ပြလာသော မူကြမ်းအသစ်ကြောင့်
ဆွေးနွေးပွဲအတွင်း အချေအတင် ပြောဆိုမှုများရှိခဲ့ကြောင်း  ...
အစိုးရ၏ မူကြမ်းအသစ်သည် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အစိုးရက ပြင်ဆင်ရေးဆွဲပြီး တိုင်းရင်းသား လက်နက်ကိုင်များထံ ပေးပို့ခဲ့သော မူကြမ်းနှင့်လည်း ကွဲလွဲမှုများရှိကြောင်း သိရသည်။

အခန်း (၁၄) ခန်းပါဝင်သော အစိုးရ၏ မူကြမ်းအသစ်တွင် ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊  နိုင်ငံတော်၏ တာဝန်များ၊ အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ တာဝန်များ၊ နိုင်ငံတော်နှင့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတို့ နှစ်ဖက်လိုက်နာရမည့် တာဝန်များ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်း၊  လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် အခွင့်အလမ်း၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ နောက်ဆက်တွဲ ပါဝင်လက်မှတ်ရေးထိုးခွင့်၊ ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခြင်း၊ အထွေထွေ၊ သဘောတူညီချက် စာချုပ် အကျိုးသက်ရောက်ခြင်းနှင့် သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်း အစရှိသည်တို့ ပါဝင်သည်။

အစိုးရမူကြမ်း၏ နိဒါန်းတွင် "ပင်လုံ စိတ်ဓာတ်ကို အခြေခံသော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် စုပေါင်း တည်ဆောက်သွားရန်" အချက်ပါဝင်သော်လည်း "ဖက်ဒရယ် ပြည်ထောင်စုစနစ်" ဖွဲ့စည်းရေးကို ရှောင်ကြဉ် သုံးစွဲခဲ့သည့်အပြင် လိုင်ဇာ ဆွေးနွေးပွဲမတိုင်မီက ရေးဆွဲထားသော မူကြမ်းတွင် ပါဝင်သည့် "ပြည်ထောင်စု၏ အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှုနှင့် တိုင်းပြည်၏ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးတို့နှင့် ပတ်သက်သည့် တာဝန်များကို အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြမည်" ဆိုသော အချက်ကိုလည်း ထည့်သွင်း ရေးသားခဲ့ခြင်းမရှိကြောင်း သိရသည်။

စာချုပ်မူကြမ်း၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်တွင် "အပစ်အခတ် ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံဆောင်ရွက်ပြီး နှစ်ဖက် သဘောတူညီထားသည့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံရေးဆွေးနွေးရန်"အချက်ကို အဓိက ဖော်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်၏ တာဝန်များ၊ အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ တာဝန်များ၊ နိုင်ငံတော်နှင့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတို့ နှစ်ဖက်လိုက်နာရမည့် တာဝန်များဟူ၍ ခွဲခြားဖော်ပြခဲ့သည်။

နိုင်ငံတော်၏ တာဝန်တွင် အချက်ခြောက်ချက်ကို ဖော်ပြခဲ့ပြီး တပ်မတော်ကွပ်ကဲမှု လက်အောက်ရှိ တပ်ဖွဲ့များအတွက် လိုအပ်သော အုပ်ချုပ်ထောက်ပံ့ရေးနှင့် တပ်လဲလှယ်ရေးတို့မှအပ အခြား စစ်ဆင်ရေး လှုပ်ရှားမှုများ မပြုလုပ်ရန်၊ တိုက်ခိုက်ရေးအင်အား တိုးချဲ့ဖြည့်တင်းခြင်းအပါအ၀င် စစ်သုံးလက်နက်များ ပြောင်းရွှေ့ခြင်း မပြုရန်နှင့် လိုအပ်ပါက ကန့်သတ်နယ်မြေအတွင်း ကြိုတင်ညှိနှိုင်း သဘောတူညီချက်ဖြင့် ဆောင်ရွက်ရန်၊ အပစ်ရပ် နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ က တာဝန်ယူဆောင်ရွက်ရန်၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ သက်သာချောင်ချိရေးနှင့် အုပ်ချုပ်မှုကိစ္စများကို ကူညီဖြည့်ဆည်းပေးရန်၊ တပ်မတော်ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်အဖွဲ့များ အပစ်ရပ် နယ်မြေများသို့ သွားရန်လိုအပ်ပါက  အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ခွင့်ပြုချက်ယူ၍သွားရန် အစရှိသည်တို့ ပါဝင်ခဲ့သည်။

အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ တာဝန်အပိုင်းတွင် အချက်ကိုးချက်ပါဝင်ခဲ့ပြီး တပ်စခန်းသစ် တည်ဆောက်ခြင်း၊ တပ်ဖွဲ့ဝင်သစ်များ စုဆောင်းခြင်း၊ လက်နက်ခဲယမ်းများ ထုတ်လုပ်၊ ရောင်းဝယ်၊ လွှဲပြောင်း၊ စုဆောင်းခြင်းတို့အား မပြုလုပ်ရန်၊ လက်မှတ်ရေးထိုးစဉ်ကာလရှိ တပ်အင်အားနှင့် လက်နက်ခဲယမ်းဖွဲ့စည်းပုံ တို့ကို အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ ပေးပို့ရန်၊ ဥပဒေ ဖောက်ဖျက်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်နှင့် ဥပဒေမဲ့ လုပ်ဆောင်ခြင်း မပြုရန်၊ ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့် ငွေကြေးနှင့် ၀န်ဆောင်မှုများ တောင်းဆိုခြင်းမပြုရန်၊ အပစ်ရပ် နယ်မြေအတွင်း နယ်ဘက် အုပ်ချုပ်ရေးကိစ္စများတွင် ဥပဒေနှင့်အညီ ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်၊ တပ်နေရာချထားရန် သဘောတူညီသော နေရာများမှအပ လက်နက်ဖြင့် လှုပ်ရှားသွားလာမှု မပြုရန်နှင့် တပ်မတော်ကွပ်ကဲမှု လက်အောက်ရှိ တပ်စခန်းများနှင့် တပ်ဖွဲ့ဝင်များအား မည်သည့် အကြောင်းပြချက်နှင့်မျှ တိုက်ခိုက်ခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း မပြုလုပ်ရန် အစရှိသော အချက်များ ပါဝင်သည်။

နိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတို့ နှစ်ဖက်လိုက်နာရမည့် တာဝန်များအခန်းတွင် အချက် ၁၂ ချက် ပါဝင်ပြီး  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာရန်အချက်ကို အဓိကအနေဖြင့် ဖော်ပြခဲ့သည်။ ထို့အပြင် နယ်မြေသတ်မှတ်ခြင်းအား ညှိနှိုင်းဆောင်ရွက်ရန်၊ အပစ်ရပ် နယ်မြေအတွင်းရှိ  ပြည်သူလူထု၏ လူမှုဘ၀လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ  နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရန်၊ အပစ်ရပ် နယ်မြေအတွင်းရှိ  ပြည်သူများအား အဓမ္မ နေရပ်စွန့်ခွာ ပြောင်းရွှေ့စေခြင်း မပြုလုပ်ရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်စေသည့် ပြုမူပြောဆို သတင်းထုတ်လွှင့်မှုများ မပြုလုပ်ရန်၊ အပစ်ရပ် နယ်မြေများအတွင်း  နယ်ဘက်ဝန်ထမ်းများ၊ ပြည်သူများ၏ လွတ်လပ်စွာ သွားလာခြင်းနှင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခြင်းကို အကူအညီပေးရန် အစရှိသည့် အချက်များ ပါဝင်သည်။

နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းအပိုင်းတွင် တိုင်းရင်းသား လူမျိုးများအကြား တန်းတူညီမျှမှုရှိရေး၊ နိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများကို လိုအပ်သော ကော်မတီများ ဖွဲ့စည်းပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးအဖြေရှာရန်နှင့် အပစ်ရပ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးချိန်မှ နှစ်လအတွင်း ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုစတင်ရန် ဖော်ပြခဲ့သည်။

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီက ပေးပို့ခဲ့သော အစိုးရမူကြမ်းတွင် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပါဝင်သင့်သူများအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန်၊ လက်မှတ်ထိုးပြီး နှစ်လအတွင်း နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်များ ရေးဆွဲရန်နှင့် လေးလအတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်လုပ်ဆောင်ရန်ဟူ၍ ရေးသားထားသည်။
 
Copy from -ENG

0 comments: