Wednesday, November 13, 2013

လက်ပံတောင်းတောင်ဒေသတွင် လုံခြုံရေးအင်အား တိုးမြှင့်

12 November 2013
လက်ပံတောင်းတောင် စီမံကိန်း ဧရိယာ အတွင်း၌ နိုဝင်ဘာ ၁၂ ရက်တွင် လုံခြုံရေး အင်အားများ တိုးမြှင့် ချထားသည်ဟု ဆည်တည်း ရွာအနီး အင်ကြင်းတောင် သပိတ်စခန်းတွင် ရှိသည့် ဆရာတော် ဦးဝိမလက မဇ္ဈိမကို မိန့်သည်။

အင်ကြင်းတောင် သပိတ်စခန်းကို လူစုခွဲရန် အကြိမ်ကြိမ် သတိပေးသော်လည်း လူစုခွဲခြင်း မရှိသဖြင့်လုံခြုံရေး ၁၅၀ ခန့် တိုးမြှင့်ချထားပြီးဖြစ်ကြောင်း ဆရာတော်ဦးဝိမလက မိန့်သည်။ ယခင်က အင်ကြင်း တောင်တွင် လုံခြုံရေး အင်အား ချထားခြင်း မရှိဘဲ နိုဝင်ဘာ ၁၂ ရက်တွင်မှ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆရာတော် က မိန့်ခြင်း ဖြစ်သည်။

ဆရာတော် ဦးဝိမလက “မနေ့ က (နိုဝင်ဘာ ၁၁ ရက်) ကပဲ အုပ်ချုပ်ရေးမှူးက နောက်ဆုံးအကြိမ် လာရောက် သတိပေးပြီးနောက်မှာ သပိတ်စခန်းကို သူတာဝန်မယူတော့ဘူး ဆိုပြီးပြောသွားပါတယ်၊ ပြီးတော့ လုံခြုံရေးတွေ ရောက်လာပါတယ် သူတို့က သပိတ်စခန်းကို အင်အားသုံးဖြိုခွင်းချင် လို့လားဆိုတာ တော့မသိနိုင်ပါဘူး”ဟု ပြောသည်။

အင်ကြင်းတောင်သပိတ်စခန်းတွင် ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်သည့် သံဃာတော်များ ကိုစောင့်ရှောက် သည့် ဒေသခံလူဦး ရေစုစုပေါင်း ၄၀ ခန့်ရှိပြီး ရဲတပ်ဖွဲ့လုံခြုံရေး အင်အားမှာ၁၅၀ ခန့်ရှိသည် ဟု သပိတ်စခန်းမှ ကိုဝင်းကျော်ကပြောသည်။

၎င်းက “မိုးကြိုးပြင်အနောက်ဘက်က ဆိုက်ကယ် အစီး၂၀ နဲ့ ရဲကားနှစ်စီး တက်လာတယ်လို့ ဟိုမှာရှိတဲ့ သူတွေက သတင်းပို့ထားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင် ဒေသရှိ လယ်တီ တောင်ကြားစေတီနှင့် သိမ်တော်ကို ဖူးမြော်ခွင့် ရရန်အတွက် နိုဝင်ဘာလ ၂ ရက်တွင် သပိတ် စခန်းဖွင့် တောင်းဆိုထားခဲ့ရာ နိုဝင်ဘာလ ၉ ရက်တွင် ဖူးခွင့်ရခဲ့သော်လည်း စေတီနှင့် သိမ် ကာကွယ်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ဦးမည်ဟုဆိုကာ အဆိုပါ သပိတ်စခန်းကို ဖျက်သိမ်းခြင်း မရှိခဲ့ပေ။ အဆိုပါ သပိတ်စခန်းတွင် သိမ်နှင့် စေတီတော်ကို ကြည့်ရှုခွင့်ရရန် နိုဝင်ဘာ ၃
ရက်က စတင်တောင်း ဆိုထားခြင်း ဖြစ်သည်။

လယ်တီသိမ် ကာကွယ်စောင့်ရှောက်ရေး သပိတ်စခန်းဖွင့်လှစ်ပြီးနောက် သိမ်နှင့် စေတီတော်ကို ၀င်ရောက် ကြည့်ရှုခွင့်ပေးသော နိုဝင်ဘာ ၉ ရက်တွင် စစ်ကိုင်းတိုင်း နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် က လယ်တီ ဆရာတော်ကြီး၏ သာသနိက အဆောက်အဦများ ရှိသော မီတာ ၅၀၀ အကွာဝေးတွင် မိုင်းဖောက်ခွဲ မှုများ ပြုလုပ်မည် မဟုတ်တော့ကြောင်း သံဃာတော်များ နှင့် ဒေသခံများကို ပြောကြားခဲ့သည်ဟုလည်း ၀င်ရောက် ဖူးမြော်ခဲ့သည့် ဆရာတော် ဦးဆန္ဒာသီရိက မိန့်ထားသေးသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်ထဲရှိ လယ်တီသိမ်တော်နှင့် စေတီတော်ပရဝုဏ် ပတ်ဝန်းကျင်တွင် ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာမှုများ မပြုလုပ်ရန် နိုဝင်ဘာလ ၂ရက်မှစကာ လုံခြုံရေးအင်အား ငါးဆခန့် တိုးမြှင့်ချထားလိုက်ကြောင်း ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေး ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောထားသေးသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း လျော်ကြေး မယူထားသော မြေများပေါ်တွင် ခြံစည်းရိုးခတ်သည့်အတွက် ယင်းလအတွင်း လ၀က်ကျော်အချိန်တွင်ပင် လက်ပံတောင်းဒေသခံများ ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သေးသည်။
Written by ကေဇင်ဦး၊ တိုးကြီး (မုံရွာ)
 

0 comments: