Thursday, November 7, 2013

လားရှိုးတက္ကသိုလ်တွင် တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဖွဲ့စည်းတည်ထောင်

Wednesday, 06 November 2013

လားရှိုးတက္ကသိုလ် တအာင်းကျောင်းသား နှင့်တအာင်းဆရာ ၊ ဆရာမများ ဦးဆောင်ကျင်းပသော လားရှိုးတက္ကသိုလ် တအာင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ တည်ထောင်ခြင်း အခမ်းအနားကို ဖိတ်ကြားထားသော တအာင်း ရပ်မိရပ်ဖများ၊ တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ နည်းပြများ အပါအ၀င် အဝေးသင် ကျောင်းသား ကျောင်းသူများနှင့်အတူ အခြားတက္ကသိုလ်များဖြစ်သော နည်းပညာတက္ကသိုလ် ၊ ကွန်ပျူတာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်များမှ တအာင်း ကျောင်းသူကျောင်းသားများ စည်းကား သိုက်မြိုက်စွာ တက်ရောက်ခဲ့သည်။

၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့ လားရှိုးကမ္ဘောဇခန်းတွင် ကျင်းပခဲ့သော တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ တည်ထောင်ခြင်းအခမ်းအနားကို တက်ရောက်လာသူပရိသတ်များ ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း အင်အား ၄၅၀ ခန့်ရှိကြောင်းသိရသည်။

လားရှိုးမြို့ အခြေစိုက် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ ရုံးအဖွဲ့ဝင်များလည်း ပွဲကြိုပြင်ဆင်သည့် ကာလနှင့်ပွဲတော်အတွင်း သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ တွင်သာမက နည်းပညာအကူအညီ နှင့် ပစ္စည်းအကူအညီများဖြင့် ပူးပေါင်းပါဝင် အင်အားဖြည့်နိုင်ခဲ့သည့်အပြင် ဖျော်ဖြေရေးကဏ္ဍတွင်လည်း
ပါဝင်ပူးပေါင်း လှုပ်ရှားခဲ့သည်။

လားရှိုး တက္ကသိုလ်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ၊ကချင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများသာရှိခဲ့ရာ ယခုနှစ်မှစ၍ တအာင်းစာပေနှင့် ယဉ်ကျေးမှု အသင်းကိုလည်း စတင် ထူထောင်လိုက်ပြီိ ဖြစ်သည်။

တက္ကသိုလ်မှ ဌာနမှူး တအာင်းဆရာတစ်ဦးက " မိမိတို့စာပေပြန့်ပွားရေးကို ဦးတည်ကာ ယဉ်ကျေးမှုလက္ခဏာများ ထိန်းသိမ်းလိုခြင်း၊ တစ်ခြားယဉ်ကျေးမှုများနှင့် ယဉ်ကျေးမှုချင်း  ဖလှယ်နိုင်ရန်အပြင် မိမိတို့၏ အမျိုးဂုဏ်ဇာတိဂုဏ် ကိုပါ မြှင့်တင်လို၍ တည်ထောင်လိုက်ရသည် ဖြစ်ကြောင်း။ အခြားတိုင်းရင်းသားများ ခေတ်မှီဖွံ့ဖြိုးနေသကဲ့သို့ မိမိတို့ တအာင်းလူမျိုးတစ်ရပ်တည်လည်း အားသွန်ခွန်ဆိုက် စွမ်းစွမ်း တမံ ကြိုးစားရန် အခွင့်အလမ်းဖန်တီးခြင်း လုပ်ရန်လိုအပ်သည်ဟု ခံယူသဖြင့် တည်ထောင် ခဲ့ရခြင်းဖြစ်ကြောင်း၊ အားအင်အပြည့်ဖြင့် လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်လိုသည်ဖြစ်၍ တည်ထောင်ရခြင်းဖြစ်သည် " ဟုပြောဆိုခဲ့သည်။

စာပေနှင့်ယဉ်ကျေးမှုပွဲတော်များကို ယခုနှစ်မှစတင်၍သာ တက္ကသိုလ်ခန်းမအတွင်း တရားဝင်ကျင်းပခွင့် ရခဲ့သည့် ပထမဆုံးအကြိမ်ပွဲလည်း ဖြစ်သည်။

ထိုအခမ်းအနားတွင် တအာင်းစာပေသမိုင်းပေါ်ပေါက်လာပုံနှင့် တက္ကသိုလ်ကျောင်းအတွက် စာပေကော်မတီ အရေးတစ်ကြီး လိုအပ်သည့်အပြင် ကော်မတီအသစ်မှ ရှေ့လုပ်ငန်းစဉ်များ တိုးပွား လုပ်ဆောင်ရန် လိုအပ်ပုံများကို အစီအစဉ်အလိုက် ဟောပြောခဲ့ကြပြီး မွန်းလွဲပိုင်းတွင် တအာင်းတက္ကသိုလ် ကျောင်းသူကျောင်းသား များမောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မောင်မယ်ဟောင်းများနုတ်ဆက်ပွဲ အပါအ၀င် ရိုးရာဓါးသိုင်းများ စည်တော်များ တီးခတ်ခဲ့သည်ပြီး တေးဂီတတွင်လည်း တအာင်းရိုးရာတေးသီချင်းများဖြင့် စည်စည်ကားကား ကျင်းပခဲ့ကြောင်း သိရသည်။


Copy from - TSYO

0 comments: