Thursday, October 10, 2013

တပြည်လုံး အပစ်ရပ်ရေး လက်မှတ် ထိုးပွဲ၏ စည်းကမ်း ချက်များ UNFC ဆုံးဖြတ်

 
အစိုးရ ဖိတ်ခေါ် ထားသည့် တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေး ပွဲသို့ တက်ရောက် လက်မှတ် ထိုးနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အပိုင်း (၃) ပိုင်း ပါသော စည်းကမ်းချက် များဖြင့် စုပေါင်းဆုံး ဖြတ်ခဲ့ကြောင်း ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာ က ဆိုပါသည်။

“ တဖွဲ့ချင်းတော့ လက်မှတ် ထိုးရမယ် ဆိုပေမယ့် ဆုံးဖြတ် တာကတော့ စုပေါင်း ဆုံးဖြတ်တယ်။ အပိုင်း (၃) ပိုင်းနဲ့ ဆုံးဖြတ်တယ်။ ဆုံးဖြတ် ချက်ကို မထုတ်ပြန် သေးဘူး။ ညှိနှိုင်း စရာတွေ ရှိသေးတယ်။ ဒီမူက UNFC အဖွဲ့ဝင် မဟုတ်တဲ့ အဖွဲ့ တွေနဲ့လည်း ညှိဦးမယ်။ အားလုံးနဲ့ ဆိုင်တဲ့ မူဖြစ်ဖို့ ပေါ့နော်။ ပြီးမှ အစိုးရကို တင်ပြမယ်။ အစိုးရ လက်ခံမယ် ဆိုရင် တက်ရောက် လက်မှတ်ထိုးမယ်၊ လက်မခံ ရင်တော့ ထိုးစရာ မလိုတော့ ဘူးပေါ့” ဟု ဆိုပါသည်။

အပိုင်း (၃) ပိုင်းကို ဆုံးဖြတ် ရာတွင် (က) လက်မှတ် မထိုးမှီ သဘောတူ ထားရမည့် အချက်များ (ခ) လက်မှတ် ထိုးရမည့် စာချုပ်တွင် ပါရမည့် စာချုပ်ပါ အချက်များနှင့် (ဂ) လက်မှတ် ထိုးပွဲ၌ ပါဝင် လက်မှတ် ထိုးသူများ စာရင်း ဟူ၍ ဖြစ်ပါသည်။

ပါဝင် လက်မှတ် ထိုးသူများ စာရင်း ဆိုရာတွင် အစိုးရ ဖက်မှ ပါဝင် လက်မှတ်ထိုး သူများ၊ UNFC အဖွဲ့ လက်မှတ်ထိုး သူများ၊ UNFC မဟုတ်သော အဖွဲ့ များနှင့် နိုင်ငံတကာ အသိ သက်သေများ စာရင်းများ ပါဝင် သည်ဟု ဆိုပါသည်။

ဤဆုံးဖြတ် ချက်ကို UNFC အဖွဲ့ဝင် (၁၁) ဖွဲ့လုံးမှ ကိုယ်စားလှယ်ပေါင်း (၃၀) ခန့် ရှိသော ထိပ်သီး ခေါင်းဆောင် များက စုပေါင်း ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် UNFC အဖွဲ့ဝင် မဟုတ်သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ၊ "၀" ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) ၊ ကိုးကန့် ဒီမိုကရက်တစ် နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (NDAA) အဖွဲ့ များနှင့်လည်း နက်ဖြန်တွင် တင်ပြ ဆွေးနွေးရန် ရှိနေ ပါသည်။

UNFC သည် ၄င်းတို့ ချမှတ် ထားသည့် မူကို အားလုံး သဘောတူသော မူဖြစ်လာရန် ရည်ရွယ်သည်။ ဤကဲ့သို့ အများသ ဘောတူသော မူဖြစ် လာပြီးမှ အစိုးရထံ တင်ပြမည် ဖြစ်သည်။ ဤကဲ့သို့ အများ သဘောတူ ညှိနှိုင်း ထားသည့် မူကို ရရှိပြီး ပါက ပြည်သူများ၊ သံတမန်များ၊ UNFC ကို ထောက်ပံ့ နေသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့များသို့ ထုတ်ပြန် ကြေညာ သွားမည်ဟု ဆိုပါသည်။

UNFC အဖွဲ့ဝင်များ၏ ထိပ်သီး အစည်း အဝေးသည် ပြီးခဲ့သည့် အောက်တိုဘာ (၈) ရက်နေ့က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ခဲ့ပြီး နက်ဖြန်တွင် ပြီးဆုံးမည်ဟု ဆိုပါသည်။ ယင်း အစည်း အဝေးတွင် အစိုးရ၏ တပြည်လုံး အပစ်ရပ်စဲရေး လက်မှတ် ထိုးပွဲ ကိစ္စ အပါဝင် UNFC ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်း အစီရင်ခံစာနှင့် အဖွဲ့ဝင်သစ် လက်ခံရေး ကိစ္စ များကိုလည်း ဆွေးနွေး ခဲ့သည်ဟု ခွန်ဥက္ကာက ဆိုပါသည်။

သို့သော်လည်း အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ ဖြစ်မြောက်ရေး အတွက် UNFC နှင့် တွေ့ဆုံ ညှိနှိုင်း တော့မည် မဟုတ်ဘဲ၊ အပစ်ရပ်သော တိုင်းရင်းသား တဖွဲ့ချင်း နှင့်သာ တွေ့ဆုံ ညှိနှိုင်း သွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် မော်လမြိုင် မြို့တွင် ကျင်းပသော (၄) ပါတီ အဖွဲ့နှင့် ဆွေးနွေးစဉ် ၀န်ကြီး ဦးအောင်မင်းက ပြောဆို ခဲ့ပါသည်။

အစိုးရသည် ၄င်းတို့၏ တနိုင်ငံလုံး အတိုင်းအတာ ဆောင်သော (Nation Wide Ceasefire) ကို ပြီးခဲ့သည့် အောက်တိုဘာ လဆန်းတွင် ကျင်းပရန် မူလက စီစဉ် ထားသော်လည်း မည်သည့် အဖွဲ့ အစည်းမျှ တက်ရောက်ခြင်း မရှိသည့် အတွက် အချိန် ရွှေ့ဆိုင်း လိုက်ရသည်ဟု ၀န်ကြီး ဦးအောင်မင်း၏ ထုတ်ဖေါ်ပြောကြားချက် အရ သိရ ပါသည် ။
 
သတင်းရင်းမြစ် - ရွှေဟင်္သာ သတင်းဌာန

0 comments: