Saturday, October 12, 2013

အပစ်အခတ် ရပ်စဲရန် TNLA အား စစ်ရေးအရပြင်းထန်စွာ ဖိအားပေးလာ

 
ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး၏ နမ့်ဆန် မြို့နယ် ပန်အလောက် ရွာနှင့် ဟူးမန်း ရွာကြားရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၂၅၆ တပ်ခွဲ၏ မန်လွန်ဘန် (Man Lum Bum) တောင်ကုန်း တပ်စခန်း တစ်ခုကို အစိုးရ ခမရ ၅၀၆ စစ်ကြောင်းမှ အင်အား (၈၀) ခန့်ဖြင့် တောနင်းပြီး တက်ရောက် တိုက်ခိုက် ခဲ့သည် ဟု အတွင်းရေးမှူး တားဘုန်းကျော်က ဆိုပါသည်။

“ဒီနေ့ (အောက်တိုဘာလ ၁၁) ရက်နေ့ အထိ အစိုးရ တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဲဒီ နေရာကို လှမ်းပစ် နေတုန်းပဲ၊ လက်နက် ငယ်နဲ့ ရင်ဆိုင် တိုက်ကြ တာတော့ မရှိဘူး၊မနေ့က တစ်ရက် တည်းကို သုံးကြိမ် အဲဒီ စခန်းကို တက်တိုက်တယ်၊ ကျနော်တို့ ကလည်း ပြန်လည် ခုခံ ခဲ့တယ်” ဟု ဆိုပါသည်။

အစိုးရ တပ်များသည် ယမာန်နေ့ နံနက် (၅) နာရီ ခွဲတွင် လက်နက်ကြီး များဖြင့် စတင် ပစ်ခတ် ခဲ့ပြီး၊ နံနက် (၈) နာရီ ခွဲခန့်တွင် ပစ်ကွင်းကို တက်ရောက် ရှင်းလင်း ခဲ့ရာ မအောင်မြင် သဖြင့် (၉) နာရီခွဲခန့်တွင် ခေတ္တ ရပ်နား လိုက်ပါသည်။ (၁၀) နာရီ ခန့်တွင် လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ပြီး နေ့လည် ပိုင်းတွင် လက်နက်င ယ်ဖြင့် ထပ်မံ ပစ်ရှင်း ပြန်ပါ သည်။ သို့သော် စိုးမိုးကုန်းများ မရရှိ သဖြင့် မွန်းလွဲ ပိုင်း၌ ဆုတ်ခွာ ခဲ့ပြီး ခေတ္တ ပြန်လည် ငြိမ်သက် သွားပါသည်။ ညနေ ပိုင်းတွင် နောက်ထပ် တစ်နာရီခန့် ရင်ဆိုင် တိုက်ပွဲ ပြန်လည် ဖြစ်ပွား ခဲ့ပြန်ပါသည်။

အစိုးရ ခမရ (၅၀၆) တပ်ရင်းသည် TNLA ၏ တပ်ရင်း ၂၅၆ မှ အင်အား (၅၀) ခန့်ရှိသည့် တပ်ခွဲအား ပြီးခဲ့သည့် နှစ်ရက်ခန့် ကတည်းကပင် နောက်ယောင် ခံ၍ လိုက်လံ တိုက်ခိုက် နေခဲ့ ပါသည်။TNLA သည် ဤကဲ့သို့ နောက်ယောင်ခံ လိုက်လာသည့် တပ်ဖွဲ့ကို နေရာကောင်း ယူပြီး ပြန်လည် တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။ ၄င်းတို့သည် (၃) ကြိမ်ခန့် ထိုး စစ်ဆင် တိုက်ခိုက် ခဲ့သော်လည်း အထိနာပြီး ဆုတ်ခွာ ခဲ့ရသဖြင့် လက်နက်ကြီး ဖြင့်သာ အဝေးမှ လှမ်းပြီး ပစ်ခတ် နေခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

TNLA ဖက် ထိခိုက် ကျဆုံးမှု မရှိဘဲ အစိုးရ ဖက်က ထိခိုက်မှု ရှိသည်ဟု ဆိုပါသည်။ အသေး စိတ်ကို မသိရှိ ရသဖြင့် အတည်ပြု ထုတ်ပြန် ပေးနိုင်ခြင်း မရှိ သေးဟု ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဆိုပါသည်။

ရှမ်းပြည် မြောက်ပိုင်းရှိ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး အခြေစိုက် နယ်မြေ များတွင် ကျောက်မဲ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ (၁) နှင့် သိန္နီမြို့ အခြေစိုက် စကခ (၁၆) လက်အောက်ခံမှ တပ်ရင်း ပေါင်း ၂၀ ရင်း ခန့် အခြေစိုက် တပ်များ အဖြစ် ယင်းဒေသတွင် အမြဲတမ်း လှုပ်ရှား နေခဲ့သည်။

နောက်ပိုင်းတွင် စစ်ဆင်ရေး ပိုမို တိုးချဲ့ လာသည့် အနေဖြင့် လောက်ကိုင်၊ ကွမ်လုံ ဘက်မှ ခလရ ၁၄၅ ကဲ့သို့ တပ် များ၊ နမ့်လမ် ဘက်မှတပ်များနှင့် မိုးကုတ်၊ မိုးမိတ် အခြေစိုက်မှ တပ်ရင်း များတို့သည် နမ့်လမ်၊ မန်တုံ၊ နမ့်ခမ်း မြို့နယ် များသို့ အဆက်မပြတ် လှုပ်ရှား လာခဲ့ကြောင်း ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် က ဆိုခဲ့ပါသည်။

ဤတိုက်ပွဲ များနှင့် စစ်ရေး လှုပ်ရှားမှု များသည် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲအား တက်ရောက် လက်မှတ် ထိုးနိုင်ရန် ဖိအားပေး မှုများပင် ဖြစ်သည်ဟု TNLA ဖက်မှ ယူဆ နေပါသည်။

ထိုစစ်ရေး ဖိအား ပေးမှု များသည် ပြီးခဲ့သည့် စက်တင်ဘာ လလယ် ကတည်းမှ စ၍ စတင် လာရာ အောက်တိုဘာ လဆန်း ပိုင်း၌ ထိတွေ့မှု ပို၍ အကြိမ် များလာ ခဲ့ရာ စက်တင်ဘာလ အတွင်းတွင် ရှမ်းပြည် မြောက်ပိုင်း၌ စုစုပေါင်း (၅) ကြိမ် ရှိခဲ့ သည်ဟု ဆိုပါသည်။

TNLA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့တွင် အပစ် အခတ် ရပ်စဲရန် ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့တွင် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ယင်း ဆွေးနွေး ပွဲတွင် အပစ်အခတ် ရပ်စဲ နိုင်ရန် သြဂုတ်လ ပထမ အပါတ်တွင် ထပ်မံ တွေ့ဆုံရန် ချိန်းဆို ထားသော်လည်း အစိုးရ ဖက်မှ ၄င်းတို့အား လိုက်လံ တိုက်ခိုက် နေခြင်း ကြောင့် ယုံကြည်မှု မရှိသဖြင့် TNLA ဖက်မှ တွေ့ဆုံမှုကို ယခုထိ ရပ်တန့် ထားဆဲ ဖြစ်ပါသည်။

သို့သော်လည်းအစိုးရ ကိုယ်စားလှယ် များသည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်း ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးအား ဆက်လက် ဆွေးနွေး သွားရန် အစီအစဉ် ရှိကြောင်း ဝန်ကြီး ဦးအောင်မင်းမှ ထုတ်ဖော် ပြောကြား ထားပါသည်။
 
သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန

0 comments: