Saturday, October 12, 2013

သမိုင်းဝင် အပစ်ရပ်ရေး ကြေညာစာတမ်းပါအချက်များ လိုင်ဇာတွင် ဆုံးဖြတ်မည်

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး၏ သဘောထား ရရှိရန် ယခုလကုန်ပိုင်းတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုလိုင်ဇာ ဌာနချုပ်၌ စုပေါင်း ဆုံးဖြတ်ရန် ရှိသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာက ဆိုပါသည်။

“လာမည့် အောက်တိုဘာ (၂၅) နဲ့ (၃၁) ကြားမှာလုပ်မယ်။ အားလုံး အဖွဲ့(၁၇)ဖွဲ့က ထိပ်သီး တွေကိုဘဲ ဖိတ်ထားတယ်။ UNFC (၁၂) ဖွဲ့တွေ အပြင် အဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ကိုပါ ဖိတ်ထားလိုက်တာ ဖြစ်တယ်။ အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက် ပေးနိုင်မယ်။ ဘာကြောင့်လဲ ဆိုတော့ UNFC ထိပ်သီး မှာလည်း သဘောတူ ထားပြီး သားပါ”ဟုဆိုပါသည်။

UNFC အဖွဲ့ဝင်များနှင့် အဖွဲ့ဝင် မဟုတ်သည့် အဖွဲ့များသည် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲအပေါ် ဘုံသဘောတူညီချက် ရရှိရေးအတွက် လိုင်ဇာတွင် နောက်ဆုံး ဆုံးဖြတ်ကြရန် ဖြစ်ပါသည်။ ဘုံသဘော တူညီမှု မူတရပ် ရရှိလာပါက အစိုးရအား ၄င်းမူဖြင့် ချဉ်းကပ်သွားမည်ဟု KIO
နည်းပညာ အထောက် အကူပြု အလုပ်အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဆရာဒေါင်းခါးက ဆိုပါသည်။

ဤအစီစဉ် ဖြစ်မြောက်ရေးအတွက် KIO သည် အစိုးရကိုယ်စားလှယ်များအား ပြီးခဲ့သည့် အောက်တိုဘာလ (၉)ရက်နေ့ မြစ်ကြီးနား ဆွေးနွေးပွဲတွင် တင်ပြတောင်းဆိုရာ သဘောတူ စာချုပ်ပါ အချက် အားဖြင့် ခွင့်ပြုခဲ့ပါသည်။

UNFC အဖွဲ့တွင် အဖွဲ့ဝင်သစ် အဖြစ် ဒီမိုကရက်တစ်နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ကိုးကန့် အဖွဲ့အား ပြီးခဲ့သည့် အောက်တိုဘာ (၁၀) ရက်နေ့၌ကျင်းပခဲ့သည့် ဦးဆောင် ကော်မီတီ အစည်း အဝေး၌ (၁၂)ဖွဲ့မြောက် အဖြစ် လက်ခံခဲ့ပါသည်။ ဤသို့ကြောင့် လိုင်ဇာ အစည်းအဝေးသို့ တက်ရောက် ပါရန် UNFC အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) ၊“ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP), ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ များသာ ထပ်မံ ဖိတ်ကြားထားခြင်း ဖြစ်ပါသည်။

အစိုးရ ဖက်ကမူ အပစ်အခတ် ရပ်စဲရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့အနက် (၁၄)ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး ဖြစ်ကြောင်း၊ ဤအထဲ၌ KIO နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF) သာ ကျန်တော့ကြောင်း ဆိုပါသည်။

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲအတွက် ယေဘူယျ မူကြမ်းကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ ကျင်းပသော UNFC ထိပ်ပိုင်း ခေါင်းဆောင်များ ဆွေးနွေးပွဲမှ အပိုင်း (၃) ပိုင်း ဖြင့် ချမှတ်ထားပြီး ဖြစ်ကြောင်း ခွန်ဥက္ကာက ဆိုပါသည်။

ယင်းအပိုင်း (၃) ပိုင်းတွင် (က) လက်မှတ် မထိုးမှီ သဘောတူ ထားရမည့် အချက်များ (ခ) လက်မှတ် ထိုးရမည့် စာချုပ်တွင် ပါရမည့် စာချုပ်ပါ အချက်များနှင့် (ဂ) လက်မှတ် ထိုးပွဲ၌ ပါဝင် လက်မှတ်ထိုးသူများ စာရင်းတို့ ဖြစ်ကြပါသည်။ အသေးစိတ် အချက်အလက် များကိုမူ လာမည့် လိုင်ဇာ၌ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး တွေ့ဆုံပွဲ၌ မူချောဆွေးနွေးရန် ရှိသေးသည့် အတွက် ထုတ်ပြန်ရန် စောသေး သည်ဟု UNFC က သဘော ထားခဲ့ ပါသည်။

KIO သည် ပြီးခဲ့သည့် အောက်တို ဘာလ (၈) ရက်မှ (၁၀) ရက်နေ့အထိ သုံးရက်တာ ကချင် ပြည်နယ် မြစ်ကြီး နားမြို့မနောကွင်း မဂျွယ် ခန်းမ၌ အစိုးရ ကိုယ်စားလှယ်တို့နှင့် ဆွေးနွေးခဲ့ပြီးနောက် UNFC အဖွဲ့ အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဆက်တိုက် ဆွေးနွေးကြမည် ဖြစ်သည်။

KIO သည် အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးမှုကို လိုလားခြင်းအပြင် နိုင်ငံရေးဆွေးနွေးမှု များကိုလည်း တိုင်းရင်းသား အားလုံးပါဝင်လာနိုင်ရေးကို အစဉ်ကြိုးပမ်းနေသည့် အဖွဲ့ဖြစ်ပါသည်။ ဤသို့ကြောင့် အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးပွဲအပေါ် အပြီးသတ် သဘောထားကို လိုင်ဇာ၌ ဆွေးနွေးမည် ဖြစ်ကြောင်း UNFC အဖွဲ့ဝင်များ၏ အဆိုပြုချက်ကို KIO မှ လက်ခံခြင်း ဖြစ်သည်ဟု ဆရာ ဒေါင်းခါးက ဆိုပါသည်။

KIO ၏ အနစ်နာခံမှုသည် တိုင်းရင်းသားများအပေါ် ကြီးစွာ အကျိုးသက်ရောက်စေခဲ့ဟု UNFC အဖွဲ့ဝင် များက ခံယူသည်ဟု ဆိုပါသည်။ ဤသည်ကို အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို KIO အား စံထားသောအားဖြင့် လည်းကောင်း ဤသမိုင်းဝင် ဘုံသဘော တူညီချက် ရရှိရေးကို လိုင်ဇာ၌ ဆွေးနွေးစေလိုပြီး ကြေညာစာတမ်း မှတ်ကျောက်အဖြစ် ဂုဏ်ပြု လိုက်ခြင်းပင် ဖြစ်ပါသည်။

 
သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန

0 comments: