Thursday, September 26, 2013

လားရှိုးမြို့ ၊ မြို့ နယ်အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများ မသမာသော နည်းများဖြင့် မြေယာများသိမ်းဆည်း ရောင်းစားနေ

 
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ၊မြို့ နယ်အထွေထွေ အုပ်ချုပ်ရေး မှူးနှင့် ၀န်ထမ်းအမျိုးသမီးများ ရိုးသားလှ သော ကျေးလက်တောရွာနေ ရှမ်းတိုင်းရင်းသူတိုင်းရင်းသားများ မြန်မာစာမတတ်ခြင်းကို အခွင့်ကောင်း ယူ၍ ရုံစာ ရွက်တါင် လက်ကိုအတင်းဆွဲကာ လက်ဗွေရာ နှိပ်ယူပြီး ‘နင့်မြေဆုံးပြီ’ ဟု ပြောကာ ထိုရှမ်းတိုင်းရင်းသား /သူများ မြေကိုသိမ်းကာ မြေကွက်ရိုက် ပြန်ရောင်းစားခြင်းဖြစ်စဉ် ဖြစ်ရပ်ဖြစ်ခြင်းကြောင့် သတင်းထောင်၊ စာရေးသူကိုယ်တိုင် ကာယကံရှင်တို့ နေထိုင်ရာ လားရှိုးမြို့ ၊မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာသို့ သွားရောက်ခဲ့သည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ ၊ မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာတွင် နေထိုင်သော ဦးစိုင်းစံညွှန့် ၊မနန်းအေးညွှန့်  တို့ ကို ရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းဆာ၊ ရွာလူကြီး ဦးစံသြ၊ ရပ်ကျေးစာရေးမ အိအိမော်တို့  ကမြို့ နယ်အုပ်ချုပ်ရေး မှူးရုံးက (၁၀း၀၀)နာရီအရောက် ခြံမြေ ကိစ္စအတွက် လာရောက်ရန် ပြောသည့်အတွက် ခင်ပွန်းဖြစ်သူ ဦးစိုင်းစံညွှန့်  မအားလပ် သည့်အတွက် မနန်းအေးညွှန့် -ညီမဖြစ်သူ မအေးဆိုင်စိန်ကို ခေါ်၍ ၇.၈.၂၀၁၃ရက်နေ့  မြို့ နယ်အထွေ ထွေ အုပ်ချုပ်ရေးမှူးရုံးသို့ သွားခဲ့သည်။

အုပ်ချုပ်ရေးမှူးရုံးခန်းသို့ အရောက် ဘာမှမပြောဘဲ အကြာကြီး ထိုင်ခိုင်းထား ပြီးမှ ရပ်ကျေးစာရေးမ အိအိမော်က ရုံးစာများ ရိုက်နှိပ်ထားသော စာရွက်တစ်ခုအပေါ်၌ လက်မှတ်လာထိုးခိုင်းသည်။

မြန်မာစာအနည်းအကျဉ်းသာတတ်သည့်အတွက်၊ ဘာရေးထားသည်ကို နားမလည်သည့်အတွက် လက်မှတ်မထိုး လိုကြောင်း ပြောသည့်အခါ အမည်မသိအမျိုးသမီးတစ်ဦး (အုပ်ချုပ်ရေးဝန်ထမ်းဝတ်စုံဝတ်ထားသူ) က ကျွန်မရဲ့  လက်ကို အတင်းဆွဲယူခေါ်သွားပြီး တံဆိပ်ရိုက်မှင်ဘူး၌ လက်ကိုတို့ ကာ အဆိုပါရုံးစာရွက်၌ လက်ဗွေနှိပ်ယူသွား ပါသည်။ ခနအကြာမှာ ရပ်ကျေးစာရေးမ အိအိမော်က နင်တို့ မြေဆုံးပြီ။ ထပ်သွားမရှုပ်နဲ့ ၊ ရှုပ်ရင် အမှု့ (၂)မှုနဲ့  ထောင်ချပစ်မယ် ဟု ပြောလာ ပါသည်။

ကျွန်မရွာသို့ ငိုပြီးပြန်လာကာ ရွာသူကြီး ဦးစံသြ၊ ရွာအုပ်ချုပ်ရေးမှူး ဦးထွန်း ဆာတို့ ကိုပြောပြသည့်အခါ မရှင်းပေးသည့်အပြင် ကျွန်မတို့ ကို ရွာထဲမှ
မောင်းထုတ်ပါသည်။

အမှန်တစ်ကယ်ဆိုလျင် ယ္ခုမတရားသိမ်းပိုက်ခံရသည့် မြေများမှာ ကျွန်မ၏ အဖိုးလက်ထက်မှစပြီး လယ်ယာလုပ် ကိုင်လာခဲ့တဲ့ ဘိုးဘွားပိုင်မြေပါ။ ကျွန်မ အဖေ ဦးကျင်ရွှေ၊ ယခုဆိုရင် (၇၈)နှစ်ရှိပါပြီ ဟု ပြောလာသောကြောင့် ကျွန် တော် (စာရေးသူ)မှ ဦးကျင်ရွှေအား သိလိုသည်များကို မေးခဲ့ရာ ဦးကျင်ရွှေ၏ ယောက္ခမ ဦးမောင်ငင်းထံမှ လက်ဆင့် ကမ်းလယ်ယာမြေလုပ်ကိုင်ခဲ့ကြောင်း၊ သူ၏အသက် (၄၅)နှစ်ခန့်  က ယခု စာသင်ကျောင်း ဆောက်လုပ်ထားသော ပညာရေးဝန်ကြီးဌာန၊ နမ့်ခိုက် အခြေခံပညာ မူလတန်းကျောင်း၊ နမ့်ခိုက်ကျေးရွာအား ပေ (၃၀၀)ပတ်လည်လှူဒါန်း ပေးခဲ့ပြီး ယ္ခုအဓမ္မအသိမ်းခံရသော ခြံမြေ (၃)ဧကအတွက် မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စိုက်ပျိုးမြေနေရာ ချထားရေးကော်မတီ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ရန် မြေနေရာချထားခြင်း၊ ရက်စွဲ ၁၃၇၃ သီတင်းကျွတ်လ္ဆန်း (၁) ရက်၊ ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်၊ စာအမှတ် ၁/၁-၂/ရေး ၂(၁၀၄၈) ရက်စွဲ ၂၀၁၁ခုနှစ်၊ စက်တင် ဘာ (၈)ရက်နေ့ ရက်စွဲဖြင့် စိုက်ပျိုးမြေနေရာချထားရေးကော်မတီဥက္ကဌ ဦးထိန်လင်း ကိုယ်တိုင် သိမ်းဆည်းခံမြေနေရာ များကို ပြန်လည် ချထားပေးခဲ့ပြီး ယခုလယ်ယာလုပ်ကိုင်လျက်ရှိရာမှ နှစ်စဉ် မြေယာခွန်ကို ရပ်ကျေးစာရေးနှင့် ရွာလူ ကြီး ဦးစံသြထံသို့  တစ်ဧက ကျပ် ၂၀၀၀၀ိ/-နှူန်းနှင့် ၃ ဧက ၆၀၀၀၀ိ/-ကျပ်ကို ၂၀၀၉/၂၀၁၀ခုနှစ် တစ်နှစ်တာ သွင်း ခဲ့ရပြီး ၂၀၁၁ခုနှစ်မှာ စိုက်ပျိုးမြေနေရာချထားရေးကော်မတီ၏ (၁.၇.၂၀၁၁)ရက်စွဲ နှင့် အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(၁)အရ အကွက်အမှတ် (၆၄) အမှတ် (၆) (၇) မြေကွက်ပြန်လည် ချထားပေးပြီးမှ မြို့ နယ်အထွေထွေအုပ်ချုပ် ရေးမှူးနှင့် ရပ်ကျေးစာရေးမ အိအိမော်၊ ရွာလူကြီး ဦးစံသြ၊ ရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းသာ နှင့် မြို့ နယ်အထွေထွေ အုပ်ချုပ်ရေးရုံးဝန်ထမ်းအမျိုးသမီး တစ်ဦးတို့ မှ ပြန်လည်၍ ပူးပေါင်း ကြံစည်ကာ မတရားသိမ်းဆည်းခဲ့ကြောင်း အသက် (၇၈)နှစ် ရှမ်းတိုင်းရင်း သားကြီး ဦးကျင်ရွှေက ရှမ်းဘာသာစကားဖြင့် ရင်ဖွင့်ပြောဆိုခဲ့သည်ကို တူမဖြစ်သူက (စကားပြန်) ဆို ပြောကြားခဲ့သည်ကို ကြားသိရသည့်အတွက် ကျွန်တော်အလွန်စိတ်မကောင်းဖြစ်မိပါသည်။

အမှန်တစ်ကယ်ဆိုလျင် အုပ်ချုပ်သူ မြို့ နယ်အုပ်ချုပ်ရေးဝန်ထမ်းများ အနေဖြင့် ရိုးသားစွာလုပ်ကိုင်စားသောက် နေသည့် မြန်မာစကား၊ မြန်မာစာ အားနဲသော ရှမ်းတိုင်းရင်းသား၊တိုင်းရင်းသူများ၊ သက်ကြီးရွယ်အိုများအပေါ် ယခုလို အာဏာကိုအကြောင်းပြုပြီး နိုင့်ထက်စီးနင်း အတင်းအဓမ္မ၊ အတင်း အကြပ် အလိုမတူဘဲ လက်ဗွေနှိပ်ယူ ခြံမြေလယ် ယာသိမ်းဆည်းမှုများ အကွက်ချရောင်းစားခြင်းများ မပြုလုပ်သင့်ပါကြောင်း ကိုယ်တွေ့ ခံစား ရသော ကာယကံရှင်များ ထံမှတဆင့် မေးမြန်းရေးသားတင်ပြအပ်ပေသည်။

သတိပြုရန်မှာ မြန်မာစာ၊မြန်မာစကား မပြောတတ်၊မဖတ်တတ်သော ၀၊ရှမ်း၊ပလောင်၊လီဆူး၊ချင်း တိုင်းရင်းသား တိုင်းရင်းသူများအနေဖြင့် မည်သည့် ကိစ္စရပ်များရှိရှိ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး အုပ်ချုပ်မှု ၀န်ထမ်းများက မည်သည့် အကြောင်းကြောင်းကြောင့် ဖြစ်စေ သက်ဆိုင်ရာ ရုံးဌာနများသို့ ခေါ်လျင် မြန်မာစာနားလည်တတ်ကျွမ်း သော သူကို ခေါ်၍ သွားပါ။ ရမ်းပြီးလက်မှတ်ထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းများ မပြုလုပ်ပါနှင့်။

အထက်ဖော်ပြသလို ၀န်ထမ်းများမှ အတင်းအကြပ် လက်ဗွေနှိပ်ခြင်း၊ ခြိမ်းခြောက်၍ လက်မှတ် ထိုးခိုင်းခြင်းများရှိလျင် နီးစပ်ရာ မီဒီယာ၊ သတင်းထောက်များ၊ သတင်းစာဆရာများကွန်ရက်သို့  အကူအညီ၊ အကြံဥာဏ်တောင်းကြပါရန် အကြံပြု ရေးသား တင်ပြအပ်ပေသည်။

ကျားကြောက်၍ ရှင်ကြီးကိုး၊ ရှင်ကြီးက ကျားထက်ဆိုး အဖြစ်ဆိုးများ လယ်ယာမြေပိုင်ရှင်များ ကင်းဝေးကြပါစေ။

စံဝရဇိန်
သတင်းစာဆရာများကွန်ရက် ရှမ်း/မြောက်

0 comments: