Friday, July 12, 2013

တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုရာတွင် အခြေခံရမည့် လမ်းညွှန် အခြေခံမူများ

တိုင်းရင်းသားလူမျိုးပေါင်းစုံညီလာခံ
[ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ (၁၄) ရက်မှ (၁၆) ရက် ]
သို့ တင်သွင်းသော
တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုရာတွင်
အခြေခံရမည့် လမ်းညွှန် အခြေခံမူများ

နိဒါန်း

ပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်ဆိုသော ဤနိုင်ငံကို တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က ပင်လုံညီလာခံတွင် စုပေါင်းထူထောင် ခဲ့ကြသည်။ မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေအသီးသီး၊ ပြည်ထောင်အသီးသီးကို တန်းတူရည်တူ ပူးပေါင်းဖွဲ့စည်း၍ စုပေါင်းပိုင်ဆိုင် ထားသော “ပြည်ထောင်စု” ဖြစ်သည်။

ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ ပင်လုံစိတ်ဓါတ် ကို အခြေခံသော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် မိမိတို့ကိုယ်တိုင် ထူထောင်ခဲ့သော ပြည်ထောင်စု၏ အချုပ်အခြာအာဏာ တည်မြဲရေးအတွက် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ထိုနည်းတူ ဤပြည်ထောင်စုကို ပင်လုံညီလာခံတွင် မျှော်မှန်းခဲ့သည့် အတိုင်း စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် အသစ်တဖန်ပြန်လည်တည်ဆောက်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

သို့ရာတွင် လွတ်လပ်ရေးရသည့်အချိန်မှစ၍ ယနေ့တိုင်အဆက်ဆက်သော အစိုးရတို့က မိမိတို့တိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းစွာ ဖြင့် ပြည်ထောင်စုပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုလမ်းစဉ်ကို ပိတ်ပင်ဟန့်တားခဲ့သည်။ တိုင်းရင်းသားလူမျိုးများတို့၏ ငြိမ်းချမ်းသောနည်းဖြင့် ပြည်ထောင်စုပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုကို ဟန့်တားသည့်အနေဖြင့် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်ဖြင့် နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့သည်။

မိမိတို့တိုင်းရင်းသားလူမျိုးများသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်မည့် ပြည်ထောင်စုပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်အဖြေရှာခွင့် မရရှိခဲ့သောကြောင့် အနှစ် (၆ဝ) ကျော် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရခြင်း ဖြစ်သည်။ သို့ရာတွင် မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသည့် နည်းလမ်းကို အမြဲတစေရှာဖွေတောင်းဆိုနေသည်။ မိမိကိုယ်ကို မိမိကာကွယ်ရေးအတွက်သာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေခြင်းဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်း နေကြသူများ မဟုတ်ကြပါ။

ထို့ကြောင့် သမ္မတသိန်းစိန်အစိုးရ၏ ၂ဝ၁၁ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့တွင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကို အပစ်အခပ်ရပ်စဲခြင်း မပြုလုပ်သေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းမှတဆင့် နိုင်ငံရေးအရ အနှစ်သာရပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပ၍ ပြည်ထောင်စုပြဿနာအလုံးစုံတို့ကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန်လည်း ဆက်လက်ကြိုးပမ်းလျက် ရှိနေကြသည်။

အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆီသို့

မိမိတို့တိုင်းရင်းသားလူမျိုးများအနေဖြင့် သမ္မတသိန်းစိန် ဖိတ်ခေါ်ကမ်းလှမ်းချက်ကို လက်ခံ၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်စာချုပ်များ ချုပ်ဆိုရခြင်းအကြောင်းအရင်းမှာ - အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောကာလအတွင်း နိုင်ငံရေးအရ အဓိပ္ပာယ် ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပလိုသောကြောင့် ဖြစ်သည်။ တိုက်ပွဲများ ဖြစ်ပွားပြီး၊ ပဋိပက္ခများ ပြင်းထန်သော ကာလတွင် ငြိမ်းချမ်းစွာဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များတွင် နိုင်ငံရေးအရ အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ကျင်းပ နိုင်ရေးအတွက် “နိုင်ငံရေးဆွေးနွေးရာတွင် အခြေခံရမည့် မူဝါဒ” များကို ထည့်သွင်း၍ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ သဘောထားမှာ - အပစ်အခတ်ရပ်စဲရေးကာလအတွင်း သဘောတူညီထားပြီးဖြစ်သော “နိုင်ငံရေး ဆွေးနွေးရာတွင် အခြေခံရမည့် မူဝါဒများ” ကို အခြေခံပြီး “တွေ့ဆုံဆွေးနွေးပွဲဖြစ်စဉ်” (Negotiation Process) ကို နှစ်ဦးနှစ်ဖက် သဘောတူညီစွာဖြင့် အတူတကွချမှတ်ထားသင့်သည်ဟု ခံယူထားသည်။ သို့ရာတွင် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ သဘောတူညီချက် တစုံတရာမျှ ရရှိခြင်း မရှိပဲ၊ သမ္မတသိန်းစိန်က အောက်ပါ အချက် (၈) ချက်ပါသည့် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ၂ဝ၁၂ မေလ (၃) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကို “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း” ဟု ခေါင်းစဉ်တပ်ထားသည်။ သမ္မတသိန်းစိန်၏ “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း” ပါ အချက် (၈) ချက်မှာ -

(၁)     ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး၊
(၂)     ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရေး၊
(၃)     စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး၊
(၄)     မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး၊
(၅)     ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး၊
(၆)     ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိက လွှတ်တော်အတွင်း၌ အများသဘောတူဆန္ဒနှင့်အညီ ဆောင်ရွက်ရေး၊
(၇)     ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊
(၈)     ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး၊

သမ္မတသိန်းစိန်အစိုးရက တင်ပြထားသော ငြိမ်းချမ်းရေးဆွေးနွေးခြင်းဖြစ်စဉ်ကို သေချာစွာလေ့လာဆန်းစစ်ကြည့်သောအခါ အချက် (၁) မှ (၄) အထိသည် မိမိတို့ တိုင်းရင်းသားလူမျိုးများအနေဖြင့် နိုင်ငံရေးအရ အငြင်းပွားဘွယ် မရှိပါ။ သို့ရာတွင် အချက် (၅) မှ (၈) အထိကို သေချာလေ့လာဆန်းစစ်၍ နှစ်ဖက်အကျေအလည် ဆွေးနွေးအဖြေရှာရန် လိုအပ်သည်ဟု မိမိတို့ဖက်မှ သဘောထားသည်။

နိုင်ငံတကာတွင် စံချိန်စံနှုန်းထား၍ လက်ခံကျင့်သုံးနေသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနည်းလမ်းများ

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပသောအခါ နိုင်ငံတကာ စံချိန်စံနှုန်း ထား၍ လက်ခံကျင့်သုံးသော နည်းလမ်း (၅) ခုရှိသည်။ ထို နည်းလမ်း (၅) ခုကို ခွဲခြမ်းစိပ်ဖြာရာတွင် အခြေခံအားဖြင့် စံချိန်စံနှုန်း (၂) ရပ်ရှိသည်။ Assertiveness is definded as behaviors to satisfy one’s own concerns ပထမစံချိန်စံနှုန်းမှာ - မိမိဖက်မှ လိုလားသော နိုင်ငံရေးလိုအပ်ချက်များကို မည်ရွေ့မည်မျှ တွေ့ဆုံဆွေးနွေးပွဲ ရရှိဖြည့်ဆည်း အနိုင်ယူနိုင်သည် ဟူသော နည်းလမ်းဖြစ်သည်။ ယင်းကို အင်္ဂလိပ်ဘာသာဖြင့် “Assertiveness” ဟု ခေါ်ဆိုပြီး၊ () ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

ဒုတိယ စံချိန်စံနှုန်းမှာ - မိမိလိုအင်ဆန္ဒတခုတည်းကိုသာ ဦးစားမပေးပဲ၊ အခြားတဖက်၏ လိုအင်ဆန္ဒကို မည်သို့မည်ပုံ ဖြည့်ဆည်း ပေး၍ နိုင်ငံရေးပြဿနာကို မည်သို့မည်ပုံ အဖြေရှာမည်နည်း ဟူသော နည်းလမ်းဖြစ်သည်။ ယင်းကို အင်္ဂလိပ်ဘာသာဖြင့် “Cooperativeness” ဟုခေါ်ဆိုပြီး ယင်းကို (Cooperativeness is definded as behaviors intended to satisfy the other party’s concerns) ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

ထိုစံချိန်စံနှုန်း (၂) ခုကိုယူ၍ တွေ့ဆုံဆွေးနွေးရေးနည်းလမ်း (၅) မျိုးကို အောက်ပါအတိုင်း ခွဲခြမ်းစိပ်ဖြာနိုင်သည်။

(၁) မိမိလိုအင်ဆန္ဒကို အခြားတဖက်အား အတင်းအဓမ္မ လက်ခံခိုင်းခြင်းနည်းလမ်း (Forcing or Competing)
•    ထိုနည်းလမ်းတွင် ပဋိပက္ခဖြစ်ပွားနေသော ပါတီနှစ်ခုအနက် တခုခုက မိမိတို့နိုင်ငံရေးလိုလားချက်နှင့် လိုအင်ဆန္ဒများကို အခြားတဖက်ပါတီအား အတင်းအဓမ္မလက်ခံရန် တောင်းဆိုခြင်း၊ တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ပါသည်။
•    ယင်းနည်းလမ်းသည် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြိုင်ဖက်ပါတီ (ဝါ) အဖွဲ့အစည်းများကို အပြတ်အသတ်အနိုင်ယူရန် ကျင့်သုံးသော နည်းလမ်းဖြစ်သည်။

(၂) အလျော့ပေးလမ်းစဉ် (Accommodation or Appeasement)
•    ပဋိပက္ခဖြစ်ပွားနေသော ပါတီနှစ်ခုအနက် တခုက မိမိ၏ နိုင်ငံရေးလိုအင်ဆန္ဒ၊ ရပ်တည်ချက်၊ ရည်ရွယ်ချက်များနှင့် ပေါ်လစီအားလုံးကို အလျော့ပေး၍ အခြားပါတီ၏ လိုအင်ဆန္ဒအတိုင်း ဆောင်ရွက်သော အလျော့ပေးနည်းလမ်းဖြစ်သည်။ ယင်းကို အလျော့ပေးလမ်းစဉ် (Accommodation) ဟုခေါ်သည်။
•    ယင်းနည်းလမ်းသည် Accommodation ဟု လူကြားကောင်းအောင် စကားလုံးကို ပြောင်းလဲသုံးစွဲခြင်းသာဖြစ်၍ အနှစ်သာရမှာ အလျော့ပေးလမ်းစဉ် (Appeasement) သာဖြစ်သည်။

(၃) ပြဿနာကို ရှောင်ရှားသည့်နည်းလမ်း (Avoidance)
•    ယင်းနည်းလမ်းသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်သော်လည်း နှစ်ဖက်စလုံးက ပြဿနာအရင်းအမြစ်ကို ရှာဖွေတင်ပြခြင်း မပြုပဲ ပြဿနာကို ရှောင်ရှားသည့် နည်းလမ်းဖြစ်သည်။
•    နှစ်ဖက်စလုံး (ဝါ) တဖက်ပါတီက ပြဿနာအရင်းအမြစ်ကို တိုက်ရိုက်အဖြေရှာရန် ငြင်းဆိုသော နည်းလမ်းဖြစ်သောကြောင့် ဤနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ဘယ်သောအခါမှ အဖြေရှာဖြေရှင်းနိုင်ခြင်း မရှိပေ။
•    ဤနည်းလမ်းကို ကျင့်သုံးရာတွင် အများဆုံးတွေ့ရှိရသော လုပ်ရိုးလုပ်စဉ်တခုမှာ - ပြဿနာအရင်းအမြစ်ကို ကိုင်တွယ်ပြီး အနာဂတ်အတွက် မည်သို့မည်ပုံ အဖြေရှာ ဖြေရှင်းနိုင်မည်နည်း ဟု မစဉ်းစားပဲ၊ သူ့အမှား၊ ကိုယ့်အမှားဟု အတိတ်က အမှားများကို ပုံကြီးချဲ့၍ တဖက်နှင့်တဖက် အပြစ်ပုံချခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် ပြဿနာဖြေရှင်းနိုင်ခြင်း မရှိပေ။

(၄) အပေးအယူလုပ်သည့်နည်းလမ်း (Compromising)
•    နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရာတွင် အပေးအယူလုပ်သည့် လမ်းစဉ်သည် အထက်တွင် ဖော်ပြခဲ့သော “မိမိတို့၏ နိုင်ငံရေးလိုအင်ဆန္ဒများကို ဖြည့်ဆည်းရယူခြင်း” နှင့် “အခြားတဖက်၏ လိုအင်ဆန္ဒများကို မည်သို့မည်ပုံ ဖြည့်ဆည်းပေး မည်နည်း” ဟူသော စံချိန်စံနှုန်း (၂) ခုကို မျှမျှတတ စဉ်းစားအဖြေရှာပြီး အပေးအယူလုပ်သည့် နည်းလမ်းဖြစ်သည်။
•    အပေးအယူလုပ်ခြင်း ဖြစ်သောကြောင့် မည်သည့်ဖက်မျှ မိမိတို့၏ လိုအင်ဆန္ဒကို အပြည့်အဝ မရရှိနိုင်ပေ။ ထိုနည်းတူ မိမိတို့၏ လိုအင်ဆန္ဒများကို အလုံးစုံလက်လွှတ်ဆုံးရှုံးခြင်းလည်း မရှိပေ။ ထို့ကြောင့် ယင်းလမ်းစဉ်ကို မျှဝေခံစားခြင်း (Sharing) ဟုလည်း ခေါ်ဆိုသည်။ သူ့အကြိုက်နှင့် ကိုယ့်အကြိုက်ကို လဲလှယ်သော အရောင်းအဝယ်လုပ်နည်း (Horse trading) ဟုလည်း ခေါ်ကြသည်။

(၅) ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration)
•    ပူးပေါင်းဆောင်ရွက်ခြင်း လမ်းစဉ်သည်လည်း အထက်တွင် ဖော်ပြထားသော စံချိန်စံနှုန်း (၂) ခုလုံးကို မျှမျှတတ ချိန်ဆတိုင်းထွာပြီး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာသောလမ်းစဉ် (Negotiated-Settlement) ဖြစ်သည်။
•    ထိုသို့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးအတွက် တဖက်၏ လိုအင်ဆန္ဒနှင့် အခြားတဖက်၏ လိုအင်ဆန္ဒ တူညီချက်များကို ပထမရှာဖွေ အဖြေထုတ်သည်။ ထိုတူညီသော “ဘုံသဘောတူညီချက်” များအပေါ် နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
•    နှစ်ပေါင်းများစွာ ကြာညောင်း၍ နက်ရှိုင်းသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေး ပြဿနာပေါင်းစုံကို ရင်ဆိုင်နေရသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ဖက်နှစ်ဖက် သဘောကွဲလွဲချက်များစွာ ရှိရမည်သာ ဖြစ်သည်။ သို့ရာတွင် ထို သဘောကွဲလွဲချက်များကို အာရုံမစိုက်ပဲ၊ နှစ်ဖက်စလုံးက လက်ခံနိုင်သော ဘုံသဘောတူညီချက်များ ရှိပါက ထို ဘုံသဘောတူညီချက်အပေါ် စတင်ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ အခြား ကျန်ရှိနေသေးသော ပြဿနာများကိုလည်း တဖြည်းဖြည်း ကိုင်တွယ်ဖြေရှင်းသော နည်းလမ်းဖြစ်သည်။

သမ္မတသိန်းစိန်အစိုးရ၏ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို နိုင်ငံတကာစံချိန်စံနှုန်းဖြင့် တိုင်းတာခြင်း

သက္ကရာဇ် ၂ဝ၁၂ ခုနှစ် မေလ (၃) ရက်နေ့ ထုတ်ပြန်ထားသော သမ္မတသိန်းစိန်အစိုးရ၏ “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း” ကို အထက်ဖော်ပြပါ စံချိန်စံနှုန်းဖြင့် တိုင်းတာကြည့်ပါက အစိုးရ၏ နိုင်ငံရေးလိုအင်ဆန္ဒကို တဖက်သတ် အကောင်အထည်ဖော်ရန် တိုင်းရင်းသားလူမျိုးများကို အတင်းအဓမ္မလက်ခံခိုင်းသည့် (Focrcing or Competing Method) တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ အကြောင်းမှာ - သမ္မတသိန်းစိန်အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် မရှိမဖြစ် ပါဝင်ဆွေးနွေးရမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ခြင်းလည်း မရှိ၊ သဘောတူညီချက် တစုံတရာ ရရှိထားခြင်း မရှိပဲ သူ့အစိုးရအလိုအတိုင်း အချက် (၈) ချက်ပါသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို တဖက်သတ် တင်ပြထားသောကြောင့် ဖြစ်သည်။

ထို့ပြင် သမ္မတသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ် တခုလုံးကို သေချာစွာလေ့လာသုံးသပ်ပါက ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်တခုလုံးသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း (Negotiated-Settlement) ကို ဦးတည်ခြင်း မရှိပါ။ တွေ့ဆုံဆွေးနွေးပွဲဖြင့် လက်နက်ချအညံ့ခံစေခြင်း (Negotiated-Surrender) သို့ ဦးတည်နေကြောင်း ထင်ရှားစွာ တွေ့ရသည်။ ထို့ကြောင့် ယင်း (၈) ချက်စလုံးကို သေချာစွာ လေ့လာသုံးသပ်ရန် လိုအပ်သည်။

အစိုးရဖက်မှ တင်ပြထားသော “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း” အဆင့် (၁) သည် “ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး” ဖြစ်သည်။ ယင်းသည် မိမိတို့တိုင်းရင်းသားလူမျိုးများ ခံယူထားသော ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူဝါဒနှင့် နီးစပ်သည်။ နိုင်ငံရေးအရ ငြင်းဆိုရန် အကြောင်းမရှိပါ။ ထိုနည်းတူ အဆင့် (၂) တွင်ပါရှိသည့် “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရေး” တို့သည်လည်း ဘာမျှငြင်းချက်ထုတ်ရန် မရှိပါ။ မိမိတို့ တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေအသီးသီးကို မိမိတို့ ဆန္ဒအလျောက် ပင်လုံညီလာခံတွင် ပူးပေါင်းပြီး ထူထောင်ခဲ့သော ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာတည်မြဲရေးတို့ကို မိမိတို့၏ မွေးရာပါတာဝန်အဖြစ် ထမ်းဆောင်ရမည်ဟု ခံယူထားသည်။ ထိုနည်းတူ ပြည်ထောင်စုခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်မှာခဲ့သည့်အတိုင်း လူမျိုးရေးအရ သော်၎င်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားအရ သော်၎င်း၊ သမိုင်းကြောင်းအရ သော်၎င်း၊ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြုပြီးမှ တည်ဆောက်အပ်သည့် စည်းလုံးညီညွှတ်ရေး (Unity in Diversity) ကိုလည်း မိမိတို့ တိုင်းရင်းသားလူမျိုးများ အပြည့်အဝ လက်ခံသဘောတူထားသည်။ ထို့ကြောင့် အစိုးရဖက်မှ တင်ပြသော ငြိမ်းချမ်းရေးဖြစ်စဉ် နံပါတ် (၂) ကိုလည်း မိမိတို့လက်ခံထားသည်။

ထိုနည်းတူ အစိုးရဖက်မှ တင်ပြထားသော ငြိမ်းချမ်းရေးဖြစ်စဉ် နံပါတ် (၃) နှင့် (၄) တို့ကိုလည်း မိမိတို့ လက်ခံနိုင်ပါသည်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူလူထုဘဝ ငြိမ်းချမ်းသာယာရေးအတွက် မိမိတို့ တော်လှန်တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် အလျင်အမြန် ဖြေရှင်းပြီး၊ ငြိမ်းချမ်းရေး၏ အကျိုးရလဒ်အဖြစ် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ စွမ်းစွမ်းတမံ ထမ်းဆောင်လိုသော ဆန္ဒသဘောထား အပြည့်ရှိသည်။ လူ့ဘောင်ငြိမ်းချမ်း သာယာရေးကို အန္တရာယ်ပြု ချိန်းခြောက်နေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိုလည်း မိမိတို့ နှစ်နှစ်ကာကာ ပါဝင်ထမ်းဆောင်လိုသည်။

သို့ရာတွင် သမ္မတသိန်းစိန်အစိုးရဖက်မှ တင်ပြထားသော ငြိမ်းချမ်းရေးဖြစ်စဉ် နံပါတ် (၅) မှ (၈) အထိကို ချက်ချင်းလက်ခံရန် မိမိတို့ဖက်မှ အခက်အခဲ ရှိသည်။ အကြောင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ် နံပါတ် (၅) တွင် “ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရေး” ဟု ပါရှိသည်။ နိုင်ငံရေးပါတီတရပ် ထူထောင်ပြီး ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် အခြေခံလိုအပ်ချက်များ များစွာရှိသည်။ အနိမ့်ဆုံး လိုအပ်ချက်မှာ လက်ရှိအချိန်ကာလတွင် ဤတိုင်းပြည်၌ လက်ခံကျင့်သုံးနေသော “ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို လက်ခံအသိအမှတ်ပြုရမည်။ ထို့အပြင် တည်ဆဲဥပဒေများက ထိုအဖွဲ့အစည်းများနှင့် ပါတီများကို “တရားဝင်” အဖွဲ့အစည်းများ၊ ပါတီများအဖြစ် လက်ခံအသိအမှတ်ပြုရမည်။ မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ လက်နက်ကိုင်အဖွဲ့အစည်းများကို အဆက်ဆက်သော မြန်မာအစိုးရက “ဥပဒေဘောင် ပြင်ပတွင် ရှိသည့် တရားမဝင်အဖွဲ့အစည်းများ” ဟု ကြေညာထားခြင်း ခံရသည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များတွင် ထိုတရားမဝင်အသင်းအဖြစ် ကြေညာသတ်မှတ်ခြင်းကို ပယ်ဖျက်ခြင်း မရှိသေးပေ။

အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ် နံပါတ် (၆) ကို ဆက်လက်လေ့လာပါက “ဖွဲ့စည်းပုံအခြေခံဥပဒေအားလက်ခံရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများရှိက လွှတ်တော်အတွင်း၌ အများသဘောတူဆန္ဒနှင့်အညီ ဆောင်ရွက်ရေး” ဟု ပါရှိသည်။ တဆက်တည်း နံပါတ် (၇) တွင် “ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး” ဟူသောအချက်ကို ဖော်ပြထားသည်။ ထိုဖြစ်စဉ်၏ နံပါတ် (၅) မှ (၇) အထိကို လေ့လာရာတွင် အဓိကကျသော စကားစုမှာ “ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ …” ဟူသော အချက်ဖြစ်သည်။ ဆိုလိုသည်မှာ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိမိကိုယ်ကို မိမိကာကွယ်ရေး ဟူသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထူထောင်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ဖျက်သိမ်းပြီး (ဝါ) လက်နက်ချပြီး အစိုးရ၏ ဥပဒေဘောင်အတွင်းသို့ “အလင်းဝင်” ခိုင်းခြင်းသာ ဖြစ်သည်။ ထိုသို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ပြီး အစိုးရက တဖက်သတ် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံရေးပါတီအသွင်ပြောင်းရမည်။ ထိုသို့ အသွင်ပြောင်းပြီးမှ ရွေးကောက်ပွဲဝင်ကြရမည်။ ရွေးကောက်ပွဲတွင် အနိုင်ရပြီး၊ လွှတ်တော်အမတ်များ ဖြစ်ကြသောအခါ လွှတ်တော်အတွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို “အများဆန္ဒနှင့်အညီ” ဆောင်ရွက်ရမည်။ ထိုဖြစ်စဉ်တခုလုံး၏ အဆုံးသတ် နံပါတ် (၈) တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေး” ကို ညှိနှိုင်းဆောင်ရွက်သွားရမည်။

ယင်းဖြစ်စဉ်တခုလုံးကို သေချာစွာလေ့လာပါက မိမိတို့တိုင်းရင်းသားလူမျိုးများ အနေဖြင့် မိမိတို့၏ အနာဂတ်ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးပြဋ္ဌာန်းနိုင်ရေးအတွက် မည်သည့် နိုင်ငံရေးအာမခံချက်နှင့် အကာအကွယ်တခုမျှမရှိခင် မိမိတို့ကို မိမိတို့ ကာကွယ်သည့် နည်းလမ်းကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ခိုင်းထားသည်။ မည်သည့် နိုင်ငံရေးအာမခံချက်မျှ မရှိပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံရေးပါတီအဖြစ်သို့ အသွင်ကူးပြောင်းပြီး ရွေးကောက်ပွဲဝင်ခိုင်းသည်။ မည်သည့် အာမခံချက်မျှမရှိပဲ လွှတ်တော်ထဲဝင်၍ အများဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်ရှိသည်ဟု မရေမရာ တင်ပြထားသည်။ အများဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်သောကြောင့် တည်ဆဲဥပဒေအရ လွှတ်တော်အမတ် စုစုပေါင်း၏ (၇၅) ရာခိုင်နှုန်း သဘောတူမှသာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် အရေးကြီးသောအချက်များကို ပြင်ဆင်နိုင်မည် ဖြစ်သည်။ သို့ရာတွင် လွှတ်တော်တွင် တပ်မတော်က (၂၅) ရာခိုင်နှုန်း နေရာယူထားပြီးဖြစ်၍ ထိုသို့သော နိုင်ငံရေးအခင်းအကျင်းအောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဟူသော အရာသည် လက်တွေ့လည်းမကျ ဖြစ်နိုင်ဘွယ်လည်း မရှိသော နိုင်ငံရေးဘန်းပြမှု တခုသာဖြစ်သည်။ ထိုသို့ မရေမရာ၊ မသေမချာသော ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ဖြင့် မိမိတို့တိုင်းရင်းသားလူမျိုးများ၏ လက်နက်ကိုင်အဖွဲ့အစည်းများကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းသွားကြရပေမည်။

ထို့ကြောင့် သမ္မတသိန်းစိန်အစိုးရမှ တင်ပြထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်၊ သူတို့အခေါ် “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်” သည် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းခြင်း (Negotiated-settlement) မဟုတ်ပဲ၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် လက်နက်ချအညံ့ခံခြင်း (Negotiated-surrender) သာဖြစ်သည်ဟု မိမိတို့ ခံယူထားသည်။

တိုင်းရင်းသားလူမျိုးများ လိုလားသော တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်

မိမိတို့တိုင်းရင်းသားလူမျိုးများသည် ငြိမ်းချမ်းရေးကို မြတ်နိုး၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အစိုးရနှင့် ပူးတွဲဆောင်ရွက်ရန် ဆန္ဒပြင်းပြနေသည်။ သို့သော်လည်း သမ္မတသိန်းစိန်အစိုးရမှ တင်ပြထားသော ငြိမ်းချမ်းရေးဖြစ်စဉ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း (Negotiated-settlement) နည်းလမ်းမဟုတ်ပါ။ ထို့အပြင် တင်ပြပုံတင်ပြနည်းမှာလည်း အစိုးရမှ တဖက်သတ်အနိုင်ယူ၍ အစိုးရက လိုချင်သော “ဖြစ်စဉ်” များကို အတင်းအဓမ္မသတ်သွင်းသော လုပ်ရပ်ဖြစ်သည်ဟု မိမိတို့မှ ခံယူထားသည်။ ထို့ကြောင့် တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်၍ အထက်ဖော်ပြပါ တွေ့ဆုံဆွေးနွေးရေးနည်းလမ်း (၅) ခုအနက် “အပေးအယူလုပ်သည့် နည်းလမ်း” နှင့် “ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်း” (၂) ခုကို ပေါင်းစပ်ရမည်။ ထို နည်းလမ်း (၂) ခုဖြင့် အနှစ် (၆ဝ) ကျော် ပြည်တွင်းစစ်နှင့် ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေးအကြပ်အတည်းအားလုံးကို နိုင်ငံရေးနည်းဖြင့် အဖြေရှာနိုင်ရန် အောက်ပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်တရပ်ကို တင်ပြလိုက်ရပါသည်။

(၁)     ဘက်တဖက်မှ သြဇာလွှမ်းမိုးခြင်း မရှိနိုင်သော လွတ်လပ်သည့်နေရာနှင့် အခြေအနေမျိုးတွင် ဆွေးနွေးရန်။
(၂)     ငြိမ်းချမ်းရေး ဆွေးနွေးနေသည့်ကာလတလျှောက်တွင် သော်လည်းကောင်း သဘောတူညီချက် ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိရန်။

(၃)     ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားလှယ်များနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးမှ ကိုယ်စားလှယ်များ အတူတကွတွေ့ဆုံဆွေးနွေးကြရန်။

(၄)     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သော တိုင်းရင်းသားလူမျိုးစုံ ညီလာခံတခုခေါ်ယူကျင်းပရန်။ အခြားအင်အားစုများမှလည်း ၎င်းတို့အစုအတွင်း အထက်ပါ ညီလာခံမျိုး ကျင်းပလိုပါက ကျင်းပခွင့်ရှိရမည်။

(၅)     တိုင်းရင်းသား အင်းအားစုများ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီ အင်အားစုများ၏ ကိုယ်စားလှယ်များ၊ အစိုးရကိုယ်စားလှယ်တို့ အချိုးညီပါဝင်ပြီး အင်အားစုအားလုံး လက်ခံနိုင်သောပုံစံဖြင့် ပင်လုံကဲ့သို့သော အမျိုးသား ညီလာခံကြီးတရပ်ကို ကျင်းပသွားရန် ဖြစ်သည်။

(၆)     ထိုညီလာခံကြီးမှ သဘောတူချမှတ်သော ဆုံးဖြတ်ချက်များကို တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စုသဘော တူညီချက်” အဖြစ် အသိအမှတ်ပြုပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ လက်ခံလုပ်ဆောင်သွားရန် ဖြစ်သည်။

(၇)     ဤလုပ်ငန်းစဉ်များကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ အပြီးလုပ်ဆောင်သွားရန်။
မိမိတို့တင်ပြထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်၏ ရည်ရွယ်ချက်မှာ - ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်တွင် အခြေခံရမည့် “မူ” များအဖြစ် လက်ခံပြီး ပြည်ထောင်စုပြဿနာရပ်အားလုံး ဖြေရှင်းနိုင်ရေးအတွက် အောက်ပါပြဿနာများကို ပထမဦးစားပေးအဖြစ် ဆွေးနွေးအဖြေရှာရမည်။ ယင်းတို့မှာ -

(၁) နိုင်ငံရေး (ဝါ) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး

တိုင်းရင်းသားလူမျိုးများတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက် ပေးနိုင်မည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်သည်။

(၂) စစ်ရေး (ဝါ) တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီးသောအခါ ပြည်ထောင်စု၏ တခုတည်းသော တပ်မတော် ထူထောင်ရေး ကိစ္စကို ဆွေးနွေးရမည်။ ထိုသို့ ထူထောင်ရာတွင် အခြေခံရမည့် မူနှင့် လမ်းစဉ်များမှာ ပြည်ထောင်စုတပ်မတော်ကို စတင်ဖွဲ့စည်းရန် ဗြိတိသျှအစိုးရနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်တို့၏ သဘောတူညီချက်ဖြစ်သော “လက်ျာ-ဖလဲမင်း” စာချုပ်ခေါ် ဂန္ဒီစာချုပ် (Kandy Agreement) ဖြစ်ရမည်။ ယင်းသည် လွတ်လပ်ရေးမရင်ခင်ကာလက တိုင်းရင်းသားလူမျိုးများ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်ပူးပေါင်းရေးအတွက် ပဏာမသဘောတူစာချုပ်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအသီးသီး၏ အနာဂတ်ကိုလည်း ထိုသဘောတူစာချုပ်က အာမခံချက်ပေးထားသည်ဟု ခံယူသည်။

(၃) စီးပွားရေးနှင့် တိုးတက်ဖွံ့ဖြိုးရေး

တိုင်းပြည်ငြိမ်းချမ်းသာယာ၍ ပြည်သူလူထုဘဝတိုးတက်ဖွံ့ဖြိုးရေးအတွက် မိမိတို့ တိုင်းရင်းသားလူမျိုးများနှင့် အစိုးရပူးပေါင်းပြီး စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရမည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ပြည်ထောင်စုစနစ်တွင် ထားရှိအပ်သော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ အခွင့်အရေးကို ဦးထိပ်ထားရမည်။ တိုင်းရင်းသားဒေသအားလုံးအပါအဝင် ပြည်ထောင်စုတခုလုံး တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းပြည်ပ (ဥပမာ- World Bank, IMF, ADB စသည့်)  တို့နှင့် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို တရားဥပဒေနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များ ရှိရမည်။

(၄) တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများ ကာကွယ်ထိန်းသိမ်းရေး

ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဘောင်အတွင်း ထို တိုင်းရင်းသားလူမျိုးများတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများအပါအဝင် အမျိုးသားရေးလက္ခဏာကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တိုးတက်မြှင့်တင်ရေးလုပ်ငန်းများကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က မည်သို့မည်ပုံ ဆောင်ရွက်လုပ်ကိုင်သင့်ကြောင်း နှစ်ဦးနှစ်ဖက်သဘောတူညီချက် ရရှိရမည်။

(၅) လူမှုရေးနှင့် အထွေထွေပြဿနာများ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တိုက်ဖျက်ရေးအပါအဝင် ပြည်ထောင်စုတဝှမ်းလုံးတွင် ရင်ဆိုင်နေရသည့် လူမှုရေးပြဿနာများ (ဥပမာ - ဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊ တိုင်းတပါးတွင် ရောက်ရှိနေသော တရားမဝင် အလုပ်သမားများကိစ္စ … စသည်) ကို ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေရေး … စသည်တို့ကို ဆွေးနွေးအဖြေရှာရမည်။


တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စုသဘောတူစာချုပ်” ချုပ်ဆိုရန် လိုအပ်ခြင်း

စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးတို့သည် နိုင်ငံရေး၏ လက်အောက်ခံပြဿနာများ ဖြစ်ကြသည်။ ထို့ကြောင့် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရာတွင် ဆွေးနွေးအဖြေရာရမည့် အထက်ဖော်ပြပါ ပြဿနာ (၅) ရပ်အနက် နိုင်ငံရေးပြဿနာကို ပထမအဖြစ် ဆွေးနွေးအဖြေရှာ ဖြေရှင်းရန်လိုအပ်သည်။

ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဓိကနိုင်ငံရေးပြဿနာသည် ဤနိုင်ငံကို လူမျိုးတမျိုး၊ ဘာသာစကားတခု၊ ကိုးကွယ်ယုံကြည်မှု တခုတည်းသာ ရှိသော “အမျိုးသားနိုင်ငံတော်” အဖြစ် ထူထောင်မည်လော။ သို့တည်းမဟုတ် လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ နှင့် ကိုးကွယ်ယုံကြည်မှုမျိုးစုံရှိသော တိုင်းရင်းသားလူမျိုးပေါင်းစုံရောနှောနေထိုင်သည့် “ပြည်ထောင်စု” နိုင်ငံအဖြစ် ထူထောင် မည်လော … ဟူသော ပြဿနာ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း အလိုအရ ဤတိုင်းပြည်ကို တပြည်ထောင်စနစ်ဖြင့် ဖွဲ့စည်း အပ်သည့် “အမျိုးသားနိုင်ငံ” ထူထောင်၍ မရ၊ “ပြည်ထောင်စုနိုင်ငံ” သာ ဖြစ်ရမည်။ ထို့ကြောင့် မိမိတို့ တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်အတိုင်း စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပင်လုံစိတ်ဓါတ်နှင့်အညီ ပြန်လည်တည်ဆောက်ရန် ဆန္ဒရှိကြသည်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်တည်ဆောက်ရေးအတွက် မိမိတို့တိုင်းရင်းသားလူမျိုးများနှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲများကို အလျင်အမြန်ကျင်းပရမည်။ ပင်လုံကဲ့သို့သော ညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးများ၏ အနာဂတ်ကို နိုင်ငံရေးအရ အာမခံချက်ပေးနိုင်သည့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စုသဘောတူညီချက်” တရပ်ကို လက်မှတ် ရေးထိုးရန် လိုအပ်သည်။ ထိုသို့ တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စုသဘောတူစာချုပ်” ကို သဘောတူလက်မှတ်ရေး ထိုးနိုင်မှသာ သမ္မတသိန်းစိန်အစိုးရဖက်မှ တင်ပြလာသည့် ငြိမ်းချမ်းရေးဖြစ်စဉ် နံပါတ် (၅) မှ (၈) အထိကို မိမိတို့ စဉ်းစား ဆွေးနွေးနိုင်မည်။

တိုင်းရင်းသားလူမျိုးများ၏ အနာဂတ်ကို နိုင်ငံရေးအရ အာမခံချက်ပေးနိုင်မည့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စု သဘောတူညီချက်စာချုပ်” ကြီးတွင် အောက်ပါ အင်္ဂါရပ်များနှင့် ပြည့်စုံသော ပြည်ထောင်စုကြီးကို ဗမာ (ဝါ) မြန်မာတိုင်းရင်းသား လူမျိုးများ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က ဝိုင်းဝန်းတည်ဆောက်ရမည်ဟု ဂတိသစ္စာပြု၍ လက်မှတ်ရေးထိုးကြရမည်။ ယင်းကို တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စုသဘောတူစာချုပ်” ခေါ်တွင်စေရမည်။ တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စုသဘောတူညီချက်” တွင် ပြည်ထောင်စုကြီးကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် ပြန်လည်တည် ဆောက်ရာတွင် အခြေခံရမည့် အောက်ပါ လမ်းညွှန်အခြေခံမူများ ပါရှိရမည်။ ယင်း “လမ်းညွှန်အခြေခံမူ” များမှာ -
(၁)     အချုပ်အခြာအာဏာ (Sovereign Power)
(၂)     တန်းတူရေး (Equality)
(၃)     ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)
(၄)     ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူ (Federal Principles)
(၅)     လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း (Minority Rights)
(၆)     ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာတန်းတူညီမျှမှု (Democracy, Human Rights and Gender Equality)
(၇)     ပါတီစုံဒီမိုကရေစီ (Multi-Party Democracy System)
(၈)     ဘာသာရေးကို အခြေမခံသော နိုင်ငံ (Secular State)
(၉)     အရပ်ဖက်အုပ်ချုပ်မှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ထားရှိခြင်း (Civilian Supremacy)
(၁ဝ)     ပြည်နယ်သစ် ထူထောင်ခြင်း (New State)

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် “လမ်းညွှန်အခြေခံမူ” များ၏ အဓိပ္ပာယ်ရှင်းလင်းချက်

(၁) အချုပ်အခြာအာဏာ (Sovereign Power)

ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးထံမှ ဆင်းသက်လာစေရမည်။
(က)     ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးထံမှ ဆင်းသက်လာစေရမည်။ ထို အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကိုယ်စား ကျင့်သုံးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အခါအားလျှော်စွာ ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီး၏ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ဥပဒေနှင့် နည်းဥပဒေများအရ ခန့်အပ်တာဝန်ပေးခြင်းခံရသော ပြည်သူ့ဝန်ထမ်းများက အဆင့်ဆင့် ခွဲဝေကျင့်သုံးစေရမည် ဖြစ်သည်။
(ခ)     အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ များကို သီးခြားစီကျင့်သုံးခြင်း (Separation of Powers) ရှိစေရမည်။
(ဂ)     ပြည်ထောင်စု၏ အချုပ်အခြာအာဏာ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုအနေဖြင့် Initiative နှင့် Referendum Power များကို အစိုးရထံတွင် သော်၎င်း၊ ပြည်သူ့ဝန်ထမ်းများထံတွင် သော်၎င်း၊ အလုံးစုံအပ်နှင်းခြင်း မရှိစေပဲ မိမိတို့ ပြည်သူလူထု၏ လက်ဝယ်တွင် ထားရှိကျင့်သုံးခွင့် ရှိစေရမည်

(၂) တန်းတူရေး (Equality)

တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူရည်တူ အခွင့်အရေး ရှိစေရမည်။
(က)     ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းသည် လူမျိုးရေးအရ တန်းတူရည်တူ အခွင့်အရေး ရရှိကြရမည်။
(ခ)     ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရ တန်းတူရည်တူ အခွင့်အရေး ရရှိကြရမည်။ ထို့ကြောင့် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များကို နိုင်ငံရေးအာဏာများဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများ တန်းတူရည်တူ အပ်နှင်းထားစေရမည်။
(ဂ)     ပြည်ထောင်စုအတွင်းရှိ မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရ။ မည်သည့်လူမျိုးကိုမျှ အခွင့်အရေး ချုပ်ချယ်ကန့်သတ်ခြင်း မရှိစေရ။

(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)

တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိစေရမည်။
(က)     တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသောကြောင့် မိမိတို့၏ နိုင်ငံရေးကံကြမ္မာကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိစေရမည်။
(ခ)     ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိရမည် ဖြစ်သောကြောင့် နိုင်ငံရေးအာဏာ (၃) ရပ် ဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုသည်နှင့်အမျှ အပြည့်အဝကျင့်သုံးခွင့် ရှိစေရမည်။
(ဂ)     တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မည်သည့်အခြေအနေတွင်မှ ရုပ်သိမ်းဟန့်တားခြင်း မရှိစေရ။

(၄) ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူ (Federal Principles)

ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသားပြည်နယ်များဖြင့် ဖွဲ့စည်းရမည်။ ပြည်ထောင်စုလွှတ်တော်တွင် အာဏာတူ လွှတ်တော် (၂) ရပ် ထားရှိစေရမည်။
(က)    ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိ၍ တန်းတူသော နိုင်ငံရေးအာဏာများကို အပ်နှင်းခြင်းခံရသည့် အမျိုးသားပြည်နယ်များကို အခြေခံ၍ ဖွဲ့စည်းရမည်။
(ခ)     ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များကို ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတည်း ဟူသော နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကို အပြည့်အဝအပ်နှင်းစေရမည့်အပြင်၊ ထို နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကို တရားဥပဒေနှင့်အညီ လွတ်လပ်စွာကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်များကို လွတ်လပ်စွာ ထူထောင်ခွင့် ရှိစေရမည်။
(ဂ)     ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေပဲ လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းပိုင်ခွင့် ရှိစေရမည်။
(ဃ)     ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-rule) နှင့် ထိုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ ပူးပေါင်း၍ ဖွဲ့စည်းသည့် ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်ခွင့် (Shared-rule) တို့ကို ပေါင်းစပ်ထားသည့် စနစ်ဖြစ်သောကြောင့် - ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ အကြားတွင် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာများကို ခွဲဝေကျင့်သုံးခြင်း (Division of Powers) ရှိစေရမည်။
(င)     တန်းတူသော ပြည်နယ်များပူးပေါင်း၍ ပြည်ထောင်စုကို ဖွဲ့စည်းသောအခါ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) ဟူ၍ လွှတ်တော် (၂) ရပ်ကို ထားရှိရမည်။ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) တွင် အမျိုးသားပြည်နယ်များမှ ဦးရေတူညီသော ကိုယ်စားလှယ်များကို စေလွှတ်စေရမည်။
(စ)     အမျိုးသားပြည်နယ်များက စုပေါင်းကျင့်သုံးရန် ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားသည့် ပြည်ထောင်စုကာကွယ်ရေး၊ နိုင်ငံခြားဆက်သွယ်ရေး၊ ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်လုပ်ရေးနှင့် ပြည်ထောင်စုလမ်းပန်းဆက်သွယ်ရေး စသော အာဏာများမှအပ ကြွင်းကျန်သောအာဏာ (Residual Power) များကို အမျိုးသားပြည်နယ်များတွင် အပ်နှင်းထားစေရမည်။

(၅) လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း (Minority Rights)

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပြဋ္ဌာန်းပေးရမည်။
(က)     ပြည်ထောင်စုပြည်နယ်များအတွင်းရှိ လူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်ပေးနိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ရဒေသများ (Autonomous Regions) နှင့် အမျိုးသားနယ်မြေများ (National Areas) များကို ဥပဒေနှင့်အညီ သတ်မှတ် ပြဋ္ဌာန်းစေရမည်။
(ခ)     ထို လူနည်းစုများက မိမိတို့၏ ယဉ်ကျေးမှုဘာသာစကားနှင့် အမျိုးသားရေးလက္ခဏာများ ထိန်းသိမ်းကာကွယ်ခွင့် သာမက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး စသည့်တို့ တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ခွင့်အာဏာများကိုလည်း အပြည့်အဝအပ်နှင်းထားရမည်။

(၆) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာတန်းတူညီမျှမှု (Democracy, Human Rights and Gender Equality)

(က)     ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံးသည် လူပုဂ္ဂိုလ်တဦးချင်းအလိုက် ခံစားခွင့်ရှိသည့် တသီးပုဂ္ဂလ အခွင့်အရေးများ (Individual Rights) နှင့် တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများ (Collective Rights) များကို အပြည့်အဝ ခံစားပိုင်ခွင့်ရှိစေရမည်။
(ခ)     ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ မဟုတ်သော်လည်း ပြည်ထောင်စု၏ နိုင်ငံသားကို ခံယူထားသော နိုင်ငံသားတိုင်းသည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး (Citizen Rights) များကို အပြည့်အဝ ခံစားခွင့် ရှိစေရမည်။
(ဂ)     နိုင်ငံသားတိုင်း၏ မွေးရာပါ ရပိုင်ခွင့်ဖြစ်သော အခြေခံလူ့အခွင့်အရေးများကို မည်သည့်အခြေအနေအောက်တွင်မှ ရုပ်သိမ်းခွင့် မရှိစေရ။
(ဃ)    ကျား/မ ဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံမှုများကို လုံးဝပိတ်ပင်ဟန့်တားထားရမည်။

(၇) ပါတီစုံဒီမိုကရေစီ (Multi-Party Democracy System)

လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်၍ လူမျိုးပေါင်းစုံက စုပေါင်းပိုင်ဆိုင်ထားသော ဖက်ဒရယ်ပြည်ထောင်စုတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးစေရမည်။
(က)     ပြည်ထောင်စုတွင် တပါတီအာဏာရှင်စနစ် လုံးဝမပေါ်ပေါက်စေရန် ဥပဒေဖြင့် ဟန့်တားကာကွယ်ရမည်။
(ခ)         နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က သီးခြားပြဋ္ဌာန်းပေးရမည်။

(၈) ဘာသာရေးကို အခြေမခံသော နိုင်ငံ (Secular State)

နိုင်ငံရေးနှင့် ဘာသာရေး ရောစပ်ခြင်း မရှိစေပဲ၊ ဘာသာရေးကို အခြေမခံသော နိုင်ငံဖြစ်စေရမည်။
(က)     လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် မူအရ နိုင်ငံသားတိုင်းသည် မိမိနှစ်သက်ရာ ဘာသာအယူဝါဒကို ကိုးကွယ်ခွင့်ရှိစေရမည်။
(ခ)     ဘာသာရေးကို အသုံးပြု (ချ) ၍ နိုင်ငံ့ရေးရာကိစ္စများကို ဆောင်ရွက်ခွင့် မပြု။
(ဂ)     ပြည်ထောင်စုလွှတ်တော်သည် မည်သည့်ဘာသာတရားကိုမျှ နိုင်ငံဘာသာအဖြစ် ပြဋ္ဌာန်းခြင်း မပြုရ။

(၉) ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းခြင်းနှင့် အရပ်ဖက်အုပ်ချုပ်မှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ထားရှိခြင်း (Civilian Supremacy)

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် ပြည်ထောင်စုကို ကာကွယ်ရန် တာဝန်ရှိခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတိအကျပြဋ္ဌာန်း ပေးရမည်။
(က)     ကာကွယ်ရေးဝန်ကြီးသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်တဦး ဖြစ်စေရမည်။
(ခ)     လက်ရှိတာဝန်ထမ်းဆောင်နေသော မည်သည့် စစ်ဖက်အရာရှိတဦးတယောက်မျှ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း မပြုရ။
(ဂ)    ပြည်ထောင်စု၏ တခုတည်းသော တပ်မတော်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ရာ၌ ၁၉၄၆ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သော “ကန်ဒီစာချုပ် (Kandy Agreement) (ခေါ်) လက်ျာ-ဖလဲမင်း စာချုပ်” ကို အခြေခံမူအဖြစ် လက်ခံရမည်။ ထို့ကြောင့် -
(၁)     ပြည်ထောင်စုတပ်မတော်ကို တိုင်းရင်းသားတပ်ရင်းများဖြင့် ဖွဲ့စည်းရမည်။
(၂)     ပြည်ထောင်စုတပ်မတော်၏ စစ်သေနာပတိချုပ်တာဝန်ကို တိုင်းရင်းသားလူမျိုးများက အလှည့်ကျတာဝန်ယူ ထမ်းဆောင်ရမည်။
(၃)     ပြည်ထောင်စုတပ်မတော်၏ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်မှ စစ်ဦးစီးချုပ် တာဝန်များကို လူမျိုးတမျိုးတည်းမှ တပြိုင်နက် ထမ်းဆောင်ခြင်း မရှိစေရ။ လူမျိုးကို အခြေခံ၍ ဖွဲ့စည်းထားသော တိုင်းရင်းသားတပ်ရင်း၏ တပ်ရင်းမှူးများထဲမှ သင့်တော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်တာဝန်ပေးအပ်ရမည်။

(၁ဝ) ပြည်နယ်သစ် ထူထောင်ခြင်း (New State)

ဖက်ဒရယ်ပြည်ထောင်စု စတင်ဖွဲ့စည်းစဉ်တွင် အမျိုးသားပြည်နယ်တနယ်အဖြစ် ဖွဲ့စည်းရန် အဆင့်သင့် မရှိသေးသော တိုင်းရင်းသားလူမျိုးစုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပြဋ္ဌာန်းသော “အမျိုးသားလက္ခဏာ” ရပ်များနှင့် ပြည့်မီလာချိန်တွင် ဥပဒေနှင့်အညီ ပြည်နယ်သစ်ဖော်ထုတ် ဖွဲ့စည်းခွင့် ရှိစေရမည်။
(က)     အမျိုးသားပြည်နယ်သစ် ဖွဲ့စည်းနိုင်ရန် အဆင့်အတန်းသတ်မှတ်ချက်ဖြစ်သော “အမျိုးသားလက္ခဏာ” ရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိကျစွာ ပြဋ္ဌာန်းထားရမည်။
(ခ)     အမျိုးသားပြည်နယ်သစ် ဖွဲ့စည်းထူထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုလွှတ်တော်က ဥပဒေ ပြဋ္ဌာန်းပေးရမည်။


တာဝန်ပေးအပ်ချက်အရ
ဒေါက်တာ လျန်မှုန်း ဆာခေါင်း
(Dr. Lian H. Sakhong)
သက္ကရာဇ် ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်
 

0 comments: