Tuesday, July 2, 2013

ဒေါက်တာဆိတ်ဖွား၏ ရေးသားမှုကို စုံစမ်းဖော်ထုတ်ရေး ဇူလိုင် ၁ ရက် ပြည်ထောင်စုလွှတ်တော်တွင် အစီရင်ခံစာ

 
ဒေါက်တာဆိတ်ဖွား၏ ရေးသားမှုကို စုံစမ်းဖော်ထုတ်ရေးနှင့် စပ်လျဉ်းသော စုံစမ်းရေးကော်မရှင် ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းလိုက်ပြီး စုံစမ်းရေး ကော်မရှင်မှ အချိန် ၅ လကြာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၁ ရက် ပြည်ထောင်စုလွှတ်တော်တွင် အစီရင်ခံစာ ဖတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။

စုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြညိမ်းက မီဒီယာနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ အပါအ၀င် လူပုဂ္ဂိုလ် ၁၄ ဦ...းကို ခေါ်ယူမေးမြန်းခဲ့သည့် အကြောင်းအရာနှင့် ပြန်လည်ဖြေကြားချက် အကျဉ်းချုပ်များကို ဖတ်ကြားခဲ့ပါသည်။

စုံစမ်းရေးကော်မရှင် အနေနှင့် ဒေါက်တာဆိတ်ဖွား ဆောင်းပါးကို ဂျာနယ်၌ ဖော်ပြခဲ့ဖူးသော Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညို (ဘောဂဗေဒ) ၊ ဒေါက်တာ ခင်မောင်ညို ၊ Eleven Media Group မှ ဒေါက်တာသိန်းမြင့်၊ ကိုဝေဖြိုးနှင့် ကိုနေထွန်းနိုင်၊ Smart News ဂျာနယ်၌ စာပြင်ဆရာ လုပ်ကိုင်ခဲ့သူ ဦးသိမ်းတင်သား၊ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး တို့နှင့် ပြန်ကြားရေး ၀န်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်နေဆဲနှင့် တာဝန်ထမ်းဆောင် ခဲ့ဖူးသူများဖြစ်သည့် ဦးရဲထွဋ်၊ ဦးတင့်ဆွေ၊ ဦးဇော်မင်းဦး၊ ဦးသိန်းအောင်၊ ဦးဇေယျာတို့ကိုလည်း ခေါ်ယူမေးမြန်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပြရာတွင် Eleven Media Group မှ ဒေါက်တာသိန်းမြင့်၊ ကိုဝေဖြိုးနှင့် ကိုနေထွန်းနိုင် တို့က ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်သို့ ပြောကြားခဲ့ရာတွင် ဒေါက်တာဆိတ်ဖွား ၏ ရေးသားချက်များသည် သမ္မတ၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် ဟု ထင်မြင်စရာအကြောင်း ရှိသည်များနှင့် ဒေါက်တာဆိတ်ဖွား၊ ပိတောက်မြေ ၀က်ဘ်ဆိုက်၊ စစ်အောင် Facebook တို့၏ ဆက်စပ်မှုများကို အချက်အလက်များ၊ ဆက်စပ်ဖြစ်စဉ်များဖြင့် ရှင်းပြ ခဲ့ကြောင်း သိရသည်။

ဤဆောင်းပါးကို ရေးသားသူသည် မီဒီယာနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် သိ ထားသူတစ်ယောက် ဖြစ်သည်ကို ဆောင်းပါးပါ အသုံးအနှုန်းများ အရ ကောက်ချက်ချနိုင် ပါကြောင်း၊ ဆောင်းပါး၏ အစတွင်လည်း နိုင်ငံတော် သမ္မတကြီးဟု အစချီ သုံးနှုန်းထားပါကြောင်း၊ များသောအားဖြင့် ထောက်ပြဝေဖန်သူများသည် စကားလုံး သုံးစွဲမှုများတွင် သတိထားပြီး ဆင်ခြင် သုံးစွဲလေ့ မရှိပါကြောင်း၊ စစ်အောင် Facebook နှင့်ပတ်သက်၍ တင်ပြလိုသည်မှာ ဦးရဲထွဋ် ခရီး တစ်ခုခု သွားသည်များရှိလာလျှင် စစ်အောင်ကလည်း ကချင်ပြည်နယ် သွားလိုက်ဦးမယ်၊ ရခိုင် သွားလိုက်ဦးမယ်ဆိုတာ တွေ့ရှိရပါကြောင်း၊ အံ့သြစရာကောင်းသည်မှာ လွှတ်တော်မှ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီးသည့်အခါ စစ်အောင် Facebook Account သည် ဖျက်သိမ်း သွားပါကြောင်း၊ စစ်အောင်ဆိုက်တွင် တင်ထားသည့် ဓာတ်ပုံနှင့် စပ်လျဉ်း၍ ဦးရဲထွဋ်၏ ဥရောပ ခရီးစဉ်တွင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်၍ ယင်းဓာတ်ပုံကို အလွယ်တကူရရှိရန် ခဲယဉ်း ပါကြောင်း...'' စသည်ဖြင့် ကိုဝေဖြိုးက ကော်မရှင်သို့ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ''... ပိတောက်မြေ ၀က်ဘ်ဆိုက်ကို ပိတ်လိုက်သော အချိန်တွင် Voice of Myanmar ၀က်ဘ် ဆိုက်တွင် ဆိတ်ဖွား၏ ဖော်ပြချက်များ ပို၍ တက်လာပါကြောင်း၊ စစ်အောင်ဆိုက်ပေါ်မှ ဓာတ်ပုံနှင့် စပ်လျဉ်းသည့် ဦးရဲထွဋ်က ငြင်းဆိုပါကြောင်း၊ သို့သော် အွန်လိုင်းပေါ်က ဓာတ်ပုံတစ်ပုံကို ထို အတိုင်း ဆွဲယူသုံးထားသည်ဆိုတာ မဖြစ်နိုင်ပါကြောင်း၊ စစ်အောင်ရေးသားထားသည့် ဆောင်း ပါးများနှင့် ဦးရဲထွဋ်၏ ဆောင်းပါးများသည် အရေးအသား တူညီမှု ရှိပါကြောင်း...'' တို့ကို ကိုနေထွန်းနိုင်က အချက်အလက်များဖြင့် ရှင်းပြခဲ့ကြောင်း သိရသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်းသည် ဒေါက်တာ ဆိတ်ဖွား မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး ဒေါက်တာဆိတ်ဖွား ကလောင်ရှင် ရေးသားသည့် ဆောင်းပါး ကို ပြန်ကြားရေး ၀န်ကြီးဌာနက ရေးသားရန် ညွှန်ကြားချက် လုံးဝမရှိပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ဒေါက်တာဆိတ်ဖွား ဘလော့ကို ဒေါက်တာစိုးရင် အဆိုတင်မှ သိရှိရပါကြောင်း၊ မီဒီယာများမှမေး ၍ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ ဆိုသည်ကို ဦးရဲထွဋ်ကိုသာ မေးကြည့်ပါဟု ပြောခဲ့ရခြင်းမှာ ယခင်က သမ္မတရုံးနှင့် မီဒီယာအကြား၊ ဆက်ဆံရေးအပိုင်း တာဝန်ယူခဲ့သော်လည်း ၈-၁-၂၀၁၃ မှစ၍ တရားဝင် ပြောရေးဆိုခွင့် ရှိသူမှာ ဦးရဲထွဋ်ဖြစ်၍ ညွှန်းဆိုခြင်း ဖြစ်ပါကြောင်း၊ စစ်အောင်ကို မိမိ မသိပါကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်ဟု သိရသည်။

ပြည်ထောင်စု လွှတ်တော်သို့ စုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြညိမ်း၏ တင်ပြချက်များအပေါ် လွှတ်တော် နာယကမှ ဆုံးဖြတ်ချက် ပေးခဲ့ခြင်းဖြစ်သည်။

Copy from - Eleven Media Group 

0 comments: