Monday, July 22, 2013

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ် ဘယ်အချိန် လက်မှတ်ထိုးနိုင်မလဲ

 
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်ကို လာမည့်ရက်များအတွင်း နေပြည်တော်၌ လက်မှတ်ရေးထိုး နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဥရောပခရီးစဉ်တွင် ထပ်မံပြောကြား လိုက်ပါသည်။
"လာမယ့်ရက်များအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့အဆင့် တစ်ဆင့်ကို ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်" ဟု သမ္မတဦးသိန်းစိန်က ဇူလိုင် ၁၅ ရက်တွင် လန်ဒန်မြို့ရှိ Chathem House တွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ အဆင့်သင့် ဖြစ်နေခြင်းအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အံ့အားသင့်ခဲ့ပြီး ၎င်းတို့အနေဖြင့် မည်သို့လုပ်ဆောင်မည်
ဆိုသည်ကို လုံးဝမသိရှိရသေးကြောင်း ပြောကြားခဲ့သည်။

"သူတို့ ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူး" ဟု တိုင်းရင်းသား တပ်ပေါင်းစု UNFC အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

နေပြည်တော်၏ မျှော်လင့်ချက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့ကို တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့က ကြေညာချက်အမှတ် (၁/၂၀၁၁) ကို ထုတ်ပြန်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ထို့အတူ ၂၀၁၂ ခုနှစ် မေ ၃ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီတို့ကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ဖွဲ့စည်းခဲ့သည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ လုပ်ဆောင်ရမည့် တာဝန်များအနက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်နယ်အဆင့် တွေ့ဆုံမှုတွင် နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းရေး အပါအ၀င် လုပ်ငန်းစဉ် (၅) ချက်ကို အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။ ပြည်ထောင်စုအဆင့် တွေ့ဆုံမှုအတွက် လုပ်ငန်းစဉ် (၈) ချက် ချမှတ်ထားပြီး ထိုအချက်များထဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရန်နှင့် ပြင်ဆင်လိုပါက လွှတ်တော်အတွင်းသို့ ၀င်ရောက်ပြီးမှ အများသဘောတူ ဆန္ဒဖြင့် ပြင်ဆင်ရန်ဆိုသည့် အချက်များ ပါဝင်ခဲ့ပါသည်။

ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အပစ်အခတ် ရပ်စဲရေးကို ဦးစွာလုပ်ဆောင်ပြီး ကျန်သည့်ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန် ဦးတည်ချက် ထားရှိခဲ့ပါသည်။

နိုင်ငံရေး ဆွေးနွေးမှုသာ အဓိက

အပစ်အခတ် ရပ်စဲရေးကို ဦးစွာလုပ်ဆောင်ပြီး ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေးရန် အစိုးရဘက်မှ ဆန္ဒရှိနေချိန်တွင် နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်ပြီး အပစ်အခတ် ရပ်စဲရေးကို ဆက်လက်ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ဆန္ဒရှိခဲ့ပါသည်။

တိုင်းရင်းသား လက်နက်ကိုင် (၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၌ တိုင်းရင်းသား ညီလာခံတစ်ရပ် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် (၆) ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုလုပ်ငန်းစဉ် (၆)ရပ်သည် အစိုးရမှ ထုတ်ပြန်ထားသော လုပ်ငန်းစဉ် (၈) ချက်နှင့်အပြိုင် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် တိုင်းရင်းသားများ၏ ဆန္ဒကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၆) ရပ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားလုံးပါဝင်သည် တိုင်းရင်းသား ညီလာခံတစ်ရပ်ကို ခေါ်ယူကျင်းပရေး၊ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ပြည်ထောင်စု ညီလာခံတစ်ရပ်ကို ကျင်းပ၍ "တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်" (Union Accord) ကို လက်မှတ်ရေးထိုးရေး အစရှိသည့် အချက်များ ပါဝင်ခဲ့ပါသည်။

တိုက်ပွဲများက ဖြစ်နေဆဲ

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကချင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများသည် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို မေးခွန်းထုတ်မှုများ ရှိခဲ့သည်။

၂၀၁၃ ခုနှစ် မေလတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်မှု မရှိတော့သော်လည်း ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခဲ့ပါသည်။ ကချင်နှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
အတိတ်သမိုင်း သင်ခန်းစာတွေအရ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာတွေက ရှိထားတယ်။ ဒီအချိန်မှာ အပစ်အခတ် ရပ်စဲရေးကို အရင်သွားတာထက် အပစ်အခတ် ရပ်စဲရေးနဲ့အပြိုင် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်လုပ်ဆောင်ပြီး တိုင်းရင်းသားတွေဘက်က ယုံကြည်မှုကို ခိုင်မာအောင် . . . . .

၂၀၁၃ ခုနှစ်အတွင်း အစိုးရတပ်များနှင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသော SSPP/SSA၊ TNLA၊ RCSS/SSA၊ UWSA အစရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်မှုများ အကြိမ်ကြိမ် ဖြစ်ခဲ့ပါသည်။

ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် အောက်ခြေတပ်ဖွဲ့ဝင်များအကြား နားလည်မှုလွဲမှား၍ ဖြစ်ပွားခဲ့သည်ဟု အစိုးရဘက်မှ ထုတ်ပြန်လေ့ရှိသော်လည်း အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ ကတိက၀တ်များကို ချိုးဖောက်သဖြင့် တိုက်ပွဲဖြစ်ရသည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက တုံ့ပြန်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်အတွင်းမှာပင် ကရင်ပြည်နယ်အတွင်း၌ DKBA နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။ ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြိတ်ခရိုင် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် မွန်ပြည်သစ်ပါတီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

"အခု လက်မှတ်ထိုးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေက ပြည်နယ်အဆင့်ပဲ ရှိသေးတယ်။ ပဏာမ အဆင့်ပေါ့ဗျာ။ ခိုင်မာသော သဘောတူညီချက်တွေ မရသေးဘူး။ ဒီအချိန်မှာပဲ တိုက်ပွဲတွေက ပြန်ဖြစ်နေတယ်" ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ပိုက်လိုင်းကြောင့်ဖြစ်သော တိုက်ပွဲများ

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၏ အရင်းခံသည် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ဆက်စပ်နေကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်း၊ ထိုမှရှမ်းပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ သွယ်တန်းခဲ့သော ဓာတ်ငွေ့ပိုက်လိုင်းသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ပဋိပက္ခကို ကြီးထွားစေခဲ့ကြောင်း သိရပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုင်းဝီ၊ နမ့်ခမ်းနှင့် မူဆယ်မြို့များအနီး ဖြတ်သန်းခဲ့သော ပိုက်လိုင်းကြောင့် ဒေသခံများ ထိခိုက်နစ်နာမှုများရှိကြောင်း အစီရင်ခံစာများ ထွက်ရှိခဲ့သည့်နည်းတူ ပိုက်လိုင်းလုံခြုံရေးအတွက် အစိုးရဘက်မှ တိုးမြှင့်ချထားသော စစ်အင်အားကြောင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုများ ပိုများလာခဲ့သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံများက ပြောကြားခဲ့ပါသည်။

၂၀၁၂ ခုနှစ် အတွင်းမှာပင် ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုန်နှင့် မိုးမိတ်မြို့နယ်များရှိ တအောင်းဒေသတွင် အစိုးရဘက်မှ စစ်အင်အားတိုးချဲ့မှု များပြားလာသည်နှင့်အမျှ တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားမှု များလာသည်ဟု တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ ထုတ်ဝေသော အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါသည်။

၂၀၁၃ ခုနှစ်သို့ ရောက်ရှိလာချိန်အထိ အစိုးရတပ်များနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက်ရှိနေခဲ့ပြီး ပြီးခဲ့သည့် ဇွန်လအတွင်းက ကွတ်ခိုင်ဒေသတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အကျအဆုံးများ ရှိခဲ့ပါသည်။ နှစ်နှစ်တာ ကာလအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မန်တုံ၊ နမ္မတူ၊ တန့်ယန်း၊ ကွတ်ခိုင်၊ နန့်ဖတ်ကာနှင့် နမ့်ခမ်းမြို့များတွင် စစ်ပြေးဒုက္ခသည် စခန်းများ ဖွင့်ထားရပြီး ဒုက္ခသည် အရေအတွက် တိုးပွားနေဆဲဖြစ်ကြောင်း တအောင်းဒေသခံများက ပြောကြားသည်။

မပြီးဆုံးသေးသည့် နယ်မြေပိုင်းခြား သတ်မှတ်ရေး

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားနေဆဲဖြစ်သော တိုက်ပွဲများသည် နယ်မြေပိုင်းခြား သတ်မှတ်ရေးနှင့် တပ်နေရာချထားရေး မရေရာမှုများလည်း ပါဝင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ပါသည်။

"အစိုးရရဲ့ ကြိုးပမ်းမှုကို ကြိုဆိုပါတယ်။ ဒါပေမဲ့ မလွဲမသွေ သွားရမယ့်အဆင့်က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေချမှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ပါ။ အခုချိန်မှာ တပ်ပိုင်းဆိုင်ရာ သဘောတူညီချက်တွေ မရသေးသလို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေအတွက် လုပ်ဆောင်တာတွေ မတွေ့ရသေးပါဘူး။ ဒါတွေမလုပ်ဘဲနဲ့တော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးပါဘူး" ဟု KNU ၏ တွဲဖက်အတွင်းရေးမှူး-၁ ပဒိုမန်းမန်းက ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်နေချိန်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ် နေခြင်းသည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ အားနည်းချက်ကြောင့်ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးကို ဦးစွာလုပ်ဆောင်ခဲ့ပြီး နယ်မြေပိုင်းခြား သတ်မှတ်ရေးကို ဆက်လက်မလုပ်ဆောင် ခဲ့သည့်အတွက် တိုက်ပွဲများဖြစ်နေရခြင်း ဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေလအတွင်း ပြုလုပ်ခဲ့သော မြစ်ကြီးနား ဆွေးနွေးပွဲတွင် ၀န်ခံပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့က လောလော၊ လောလောနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်တဲ့အခါမှာ နယ်မြေပိုင်းခြားမှုတွေကို တချို့အဖွဲ့တွေနဲ့ ဆက်မလုပ်နိုင်ပါဘူး။ ဆက်မလုပ်နိုင်တော့ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ မှားယွင်းပြီးတော့ တိုက်ပွဲတွေ ဖြစ်တာပါ" ဦးအောင်မင်းက ပြောကြားသည်။

လမ်းခုလတ် ငြိမ်းချမ်းရေး

အစိုးရဘက်က အပစ်အခတ် ရပ်စဲရေးကို အဓိကထားပြီး တိုင်းရင်းသားများဘက်က နိုင်ငံရေးဆွေးနွေးပွဲများ စတင်လိုသည့် ယခုအချိန်သည် ငြိမ်းချမ်းရေးပန်းတိုင်သို့ မရောက်ရှိသေးဘဲ လမ်းခုလတ် ငြိမ်းချမ်းရေးသာ ဖြစ်နေသေးသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ပါသည်။

အပစ်အခတ်ရပ်စဲရေး ၁၇ နှစ်တာကာလ အတွေ့အကြုံများက လက်ရှိအချိန် အစိုးရက တောင်းဆိုနေသော အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် အခြေအနေပေါ် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြောင်း KIO မှ တရားဝင် ပြောကြားထားခဲ့သည်။ ထို့အတူ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ခဲ့ပြီး သဘောတူညီချက် ပျက်ပြယ်ခဲ့သည့်နောက် ၂၀၁၂ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ် လက်မှတ်ရေးထိုး ခဲ့သော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေရသည့် တိုင်းရင်းသား လက်နက်ကိုင်များကလည်း အပစ်အခတ် ရပ်စဲရေးအပေါ် သံသယရှိနေဆဲ ဖြစ်ပါသည်။

"အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးလို့ ရနိုင်တယ်။ ဒါပေမဲ့ အဲဒီစာချုပ်ဟာ ထိလွယ်ရှလွယ် ဖြစ်နေတယ်။ အတိတ်သမိုင်း သင်ခန်းစာတွေအရ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာတွေက ရှိထားတယ်။ ဒီအချိန်မှာ အပစ်အခတ် ရပ်စဲရေးကို အရင်သွားတာထက် အပစ်အခတ် ရပ်စဲရေးနဲ့အပြိုင် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်လုပ်ဆောင်ပြီး တိုင်းရင်းသားတွေဘက်က ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်သင့်တယ်လို့ မြင်တယ်။ သူတို့ဘက်က ယုံကြည်မှု ဖြစ်လာတော့မှ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်လိမ့်မယ်" ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

"ကျွန်တော့်သဘောကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးခင်မှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေရေးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရဦးမယ်။ တပ်နေရာ ချထားရေးတွေ ဆွေးနွေးရဦးမယ်။ အဲဒီနှစ်ချက်အပြင် အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲကြောင်းကို နိုင်ငံတကာသိအောင် မီဒီယာတွေကတစ်ဆင့် ထုတ်ပြန်ကြေညာပေးပါ။ အဲဒါ ရရှိပြီးမှ ကျန်တာတွေ ဆက်လုပ်လို့ ရမယ်။ အစိုးရအနေနဲ့ သဘောထားကြီးပြီး အပစ်အခတ် ရပ်စဲကြောင်းကို အရင်ကြေညာပေးပါ။ ဒီလိုကြေညာပြီးရင် နေပြည်တော်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ပါလိမ့်မယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားပါသည်။

လက်ရှိအချိန်တွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးပင် မရရှိသေးသော KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့၏ ဆွေးနွေးမှုမှာ တိုးတက်မှုရှိသော်လည်း ခိုင်မာသော ကတိက၀တ်များ ရရှိရန် ဆက်လက်ဆွေးနွေးနေရဆဲ ဖြစ်ပါသည်။ ထို့အတူ တိုင်းရင်းသား တပ်ပေါင်းစုဖြစ်သော UNFC နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် မူဘောင်ရေးဆွဲ အကောင်အထည် ဖော်ခြင်းကိုပင် သဘောတူညီမှု မရရှိသေးဘဲ ဆက်လက်ဆွေးနွေးနေရဆဲ ဖြစ်ပါသည်။

လက်နက်ကိုင် လှုပ်ရှားနေဆဲဖြစ်သော တိုင်းရင်းသား အဖွဲ့အစည်းများ

၁။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် ဖွဲ့စည်းခဲ့သော UNFC ၏ ဌာနချုပ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိပါသည်။ ၂၀၁၁ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ တပ်ပေါင်းစု ဖြစ်ပါသည်။ UNFC တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) နှင့် "၀" အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ပါဝင်ကြပါသည်။

၂။ "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းတွင် ဌာနချုပ်ရှိပြီး ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန်ဒေသများတွင် လှုပ်ရှားပါသည်။ ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ခေါင်းဆောင်မှာ ပေါက်ယူချန်း ဖြစ်ပါသည်။ ခန့်မှန်းအင်အား ၃၅၀၀၀ ကျော် ရှိပါသည်။

၃။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)
၁၉၆၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဌာနချုပ်မှာ ကချင်ပြည်နယ်၊ လိုင်ဇာတွင် ရှိပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အဓိကလှုပ်ရှားပြီး ခန့်မှန်းအင်အား ၁၀၀၀၀ ကျော်ခန့် ရှိပါသည်။ KIO ၏ ဥက္ကဋ္ဌမှာ ဦးဇောင်းဟရားဖြစ်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ဂမ်ရှောင် ဖြစ်ပါသည်။

၎။ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)
ရှမ်းပြည်တောင်ပိုင်း တပ်မတော်ဖြစ်သည် RCSS/SSA ကို ၁၉၆၄ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လွယ်တိုင်းလျန်ဒေသတွင် ဌာနချုပ်ရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်း၊ နမ့်ဆမ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ခမ်းဒေသများတွင် လှုပ်ရှားသည်။ ခန့်မှန်းအင်အား ၆၀၀၀ ကျော်ခန့်ရှိပြီး ခေါင်းဆောင်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်ဖြစ်ပါသည်။

၅။ ကရင်အမျိုးသား အစည်းအရုံး (KNU)
၁၉၄၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး သံတောင်၊ ညောင်လေးပင်၊ လှိုင်းဘွဲ့၊ ဘားအံ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံနှင့် တနင်္သာရီ မြောက်ပိုင်းဒေသများတွင် လှုပ်ရှားပါသည်။ ရွှေ့ပြောင်းဌာနချုပ်ဖြင့် ရပ်တည်လျက်ရှိပြီး အင်အား ၅၀၀၀ ကျော်ခန့်ရှိကာ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ဦးဆောင်ပါသည်။

၆။ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)
ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ဖြစ်သည့် SSPP/SSA ကို ၁၉၆၄ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၀မ်ဟိုင်းတွင် ဌာနချုပ်ရှိပြီး နမ့်ခမ်း၊ ခိုလန်၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရှူး၊ တန့်ယန်း၊ မုန်းယိုင်၊ ကျေးသီး၊ လားရှိုးမြို့နယ်များတွင် လှုပ်ရှားပါသည်။ အင်အား ၄၀၀၀ ကျော်ခန့်ရှိပြီး ခေါင်းဆောင်မှာ ဗိုလ်ချုပ်ပန်ဖနှင့် ဗိုလ်ချုပ်ဆေထင်တို့ ဖြစ်ပါသည်။

၇။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် သို့မဟုတ် ကလို့ထူးဘောအဖွဲ့ (DKBA)
၂၀၁၀ ပြည့်နှစ်အတွင်းက တည်ထောင်ခဲ့ပြီး ဌာနချုပ်မှာ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ဆုံဆည်းမြိုင်ဒေသတွင် ရှိပါသည်။ ဘုရားသုံးဆူ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် မာနယ်ပလော ဒေသများတွင် လှုပ်ရှားကာ အင်အား ၁၅၀၀ ကျော်ခန့် ရှိပါသည်။ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်စောလားပွယ် ဖြစ်ပါသည်။

၈။ မွန်ပြည်သစ်ပါတီ (NMSP)
၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မွန်ပြည်နယ် ရေးချောင်းဖျားတွင် ဌာနချုပ် ရှိပါသည်။ အင်အား ၈၀၀ ကျော်နှင့် အရန်အင်အား ၂၀၀၀ ကျော်ရှိပြီး ဦးဆောင်သူမှာ နိုင်ထောမွန် ဖြစ်ပါသည်။ သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ၊ ဘုရားသုံးဆူ၊ မြိတ်-ထားဝယ်၊ ကျိုက်မရော မြို့နယ်များတွင် လှုပ်ရှားပါသည်။

၉။ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA/ESS)
မိုင်းလားအဖွဲ့ဖြစ်သည့် NDAA/ESS သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မုန်းလားဒေသတွင် ဌာနချုပ်ရှိပြီး ခန့်မှန်းအင်အား ၃၀၀၀ ကျော် ရှိပါသည်။ ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့သော NDAA ကို လက်ရှိအချိန်တွင် ဦးစိုင်းလင်းက ဦးဆောင်နေပါသည်။

၁၀။ ချင်းအမျိုးသားတပ်ဦး (CNA)
၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့ပြီး အင်အား ၂၀၀ ကျော်ခန့် ရှိပါသည်။ ချင်းပြည်နယ် ထန်တလန်မြို့တွင် ဌာနချုပ်ရှိပြီး ထန်တလန်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် လှုပ်ရှားပါသည်။ ခေါင်းဆောင်မှာ ပူးဇင်ကျုံးနှင့် ဒေါက်တာရွှေခါးတို့ ဖြစ်ပါသည်။

၁၁။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)
၁၉၅၇ ခုနှစ်က တည်ထောင်ခဲ့ပြီး ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ဌာနချုပ် ရှိပါသည်။ လွိုင်ကော်၊ ရှားတော၊ ဖရူးဆိုးမြို့နယ်နှင့် ဒီမောဆိုးမြို့နယ်များတွင် လှုပ်ရှားကာ ခန့်မှန်းအင်အား ၆၀၀ ကျော်ခန့် ရှိပါသည်။ ခေါင်းဆောင်မှာ ပါတီဒုတိယဥက္ကဋ္ဌ အေဘယ်တွိဒ် ဖြစ်ပါသည်။

၁၂။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ
၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုးကော့ထိုးတွင် ဌာနချုပ် ရှိပါသည်။ ဗိုလ်ချုပ်ထိန်မောင်က ဦးဆောင်ပြီး အင်အား ၂၀၀ ကျော်ခန့် ရှိပါသည်။ ထိုးကော့ထိုးကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ မဲလထကျေးရွာနှင့် လှိုင်းဘွဲ့မြို့နယ်များတွင် လှုပ်ရှားပါသည်။

၁၃။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)
၁၉၈၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်း လဟယ်၊ လေရှီး၊ ခန္တီး၊ နန်းယွန်း ဒေသများတွင် လှုပ်ရှားပါသည်။ ခန့်မှန်းအင်အား ၅၀၀ အောက်တွင်ရှိပြီး ခေါင်းဆောင်မှာ အက်စ်အက်စ်ကပ်ပလန် ဖြစ်ပါသည်။

၁၄။ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့
၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုမိန်းဒေသတွင် ဌာနချုပ် ဖွင့်ထားသည်။ ရှမ်းပြည်နယ် ဆီဆိုင်၊ ဟိုပုန်းနှင့် မောက်မယ်ဒေသများတွင် အဓိက လှုပ်ရှားပါသည်။ အင်အား ၂၀၀ ကျော်ခန့်ရှိပြီး ခေါင်းဆောင်မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဖြစ်ပါသည်။

၁၅။ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)
၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်လမ်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မန်ဆန်၊ မန်းပန်ဒေသများတွင် လှုပ်ရှားပါသည်။ ခန့်မှန်းအင်အား ၁၀၀၀ ကျော်ခန့်ရှိပြီး ခေါင်းဆောင်မှာ တာအိုက်ဖုန်း ဖြစ်ပါသည်။

၁၆။ ရခိုင်တပ်မတော် (AA)
၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယာယီဌာနချုပ်မှာ KIO ထိန်းချုပ်နယ်မြေအတွင်း ရှိပါသည်။ ခန့်မှန်းအင်အား ၅၀၀ ကျော်ခန့်ရှိပြီး ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူပါသည်။

၁၇။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့ပြီး KIO ထိန်းချုပ်နယ်မြေနှင့် KNU ထိန်းချုပ်နယ်မြေများတွင် ဌာနချုပ်များ ရှိပါသည်။ ဥက္ကဋ္ဌမှာ ဦးသံခဲဖြစ်ပြီး ခန့်မှန်းအင်အား ၆၀၀ ခန့် ကျန်ရှိပါသည်။

၁၈။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALA)
၁၉၆၈ ခုနှစ်က တည်ထောင်ခဲ့ပြီး ၁၉၇၃ ခုနှစ်နှင့် ၁၉၈၁ ခုနှစ်များတွင် ပြန်လည်တည်ထောင်ပါသည်။ ခန့်မှန်းအင်အား ၁၀၀ ၀န်းကျင်ခန့်နှင့် ပါတီဝင်၂၀၀၀ ကျော် ရှိပါသည်။ အဖွဲ့ခေါင်းဆောင်မှာ ဦးခိုင်ရဲခိုင်ဖြစ်ပြီး ပါတီလက်အောက်ခံ ရခိုင်လွတ်မြောက်ရေး တပ်မတော် (ALA) သည် အိန္ဒိယ-မြန်မာ နယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တို့တွင် လှုပ်ရှားလျက် ရှိပါသည်။

၁၉။ ရခိုင်ပြည်တပ်မတော်
၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး DKBA ထိန်းချုပ်နယ်မြေအတွင်း ဌာနချုပ်ဖွင့်ကာ အင်အား ၁၀၀ ခန့်ဖြင့် ကရင်ပြည်နယ်အတွင်း လှုပ်ရှားလျက် ရှိပါသည်။ ခေါင်းဆောင်မှာ ဗိုလ်မှူးမိုးဟိန်း ဖြစ်သည်။

ကိုးကား - မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၃ အစီအရင်ခံစာ



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ဆောင်ရွက်ရာ၌ လုပ်ဆောင်ရမည့် တာဝန်များ

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း
(၁) နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး၊
(၂) နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး၊
(၃) သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်း မပြုရ၊
(၄) ဆက်ဆံရေး စခန်းကို နှစ်ဖက်သဘောတူသော သင့်လျော်သည့် နေရာ၌ လက်နက်မပါ ထားရှိရေး၊
(၅) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင် ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချိန်နှင့် နေရာတို့ကို ညှိနှိုင်းရေး။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း
(၁) ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး၊
(၂) ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရေး၊
(၃) စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍ တရားဝင် ဆောင်ရွက်ရေး၊
(၄) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး၊
(၅) ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး၊
(၆) ဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများသဘောတူ ဆန္ဒနှင့်အညီ ဆောင်ရွက်ရေး၊
(၇) ထာဝရ ငြိမ်းချမ်းရေးအတွက် ဥပဒေဘောင် အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ ဆောင်ရွက်ရေး၊
(၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ချမှတ်ထားသော ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆) ချက်
(၁) တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထု အပါအ၀င် Civil Societies တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး "နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်" (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက်များကို သဘောတူ ချမှတ်ရန်၊

(၂) (က) ပြည်ထောင်စုအစိုးရ ကိုယ်စားလှယ်များနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၏ စုစည်းထားသော ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေး၍ "တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား" (The Framework of Political Dialogue) သဘောတူညီချက် ရရှိရန်၊ (ခ)ထိုသို့ ဆွေးနွေးရာတွင် ဘက်နှစ်ဘက်မှ လက်ခံနိုင်သော နေရာတွင် ဆွေးနွေးရန်၊ (ဂ)ထို့ပြင် ထိုသို့ဆွေးနွေးစဉ်နှင့် သဘောတူညီချက်များကို အကောင်အထည် ဖော်ရာတွင် ဘက်မလိုက်သော နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိရန်နှင့် သဘောတူညီချက်များကို အများပြည်သူ သိရှိအောင် ပူးတွဲထုတ်ပြန်ရန်၊

(၃) အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအကြား တွေ့ဆုံဆွေးနွေးပွဲမှ "တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား" (The Framework of Political Dialogue) သဘောတူညီချက် ရရှိပြီးမှ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအလိုက်သော် လည်းကောင်း၊ လူမျိုးအလိုက်သော် လည်းကောင်း တိုင်းရင်းသားတို့၏ ညီလာခံများ ကျင်းပပြီး ရှင်းလင်းညှိနှိုင်း သဘောထား ရယူသွားရန်၊

(၄) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသားများ၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ အပါအ၀င် Civil Societies အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော တိုင်းရင်းသားလူမျိုးစုံ ညီလာခံတစ်ခုကို ခေါ်ယူကျင်းပသွားရန်၊

(၅) တိုင်းရင်းသား အင်အားစုများ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီနည်းအရ လှုပ်ရှားနေကြသော နိုင်ငံရေး အင်အားစုများ၏ ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များ အချိုးညီ ပါဝင်ပြီး အင်အားစု သုံးစုစလုံး လက်ခံနိုင်သော ပုံစံဖြင့် ပင်လုံစိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံကြီးတရပ် ကျင်းပသွားရန်။ ထိုညီလာခံကြီးမှ ချမှတ်သော သဘောတူညီချက်များကို "တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်" (Union Accord) အဖြစ် သဘောတူ လက်မှတ်ရေးထိုးရန်၊

(၆) "တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်" (Union Accord) ကို အချိန်အတိအကျ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

Copy from - Eleven Media Group

0 comments: