Sunday, June 30, 2013

ကာလုံအစည်းအဝေး ခေါ်ယူရန် နိုင်ငံတော်သမ္မတကို သူရဦးရွှေမန်း တိုက်တွန်း


Saturday, June 29, 2013

လိုင်လ ၁ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် နာယကအဖြစ် တာဝန်လွှဲပြောင်း ရယူမည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံး ပြန်လည် ကျင်းပပေးရန် တိုက်တွန်းကြောင်း သဝဏ်လွာကို ဇွန်လ ၂၅ ရက်နေ့က သမ္မတဦးသိန်းစိန်ထံ ပေးပို့ထားသည့် ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို ဆွေးနွေးရန် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများ ပြန်လည် ကျင်းပသင့်ကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးလျက် ရှိသော်လည်း အချို့အဖွဲ့များနှင့် ဆွေးနွေးရာ မအောင်မြင်မှုများ ရှိနေသောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မလိုလားအပ်သော ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး နေကြသဖြင့် ယင်းသို့ သဝဏ်လွှာ ပေးပို့ရခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆက်လက် ပြောကြားသည်။

ယင်းသို့ နိုင်ငံတော်သမ္မတထံ လွှတ်တော်က သဝဏ်လွှာ ပေးပို့မှုကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြန်လည် ရှင်းပြခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက ဆွေးနွေးတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ KIO တစ်ဖွဲ့ပဲ ကျန်တော့တာပါ၊ KIO အဖွဲ့နဲ့လည်း အပစ်အခတ် ရပ်စဲရေး လုပ်နိုင်တော့မယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက လွှတ်တော်တွင် ပြန်လည်ရှင်းပြခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများကို ဒုတိယသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူပြီးသည့် ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ကာ ခေါ်ယူခြင်း မရှိတော့ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Copy from - The Voice Weekly

0 comments: