Thursday, June 13, 2013

ကလေးလုပ်သား ၂၁၅ သန်း ရှိနေ ဟု ကလေး လုပ်သား အသုံးပြုမှု ဆန့်ကျင်ရေး နေ့တွင် ထုတ်ပြန်

 
12 June 2013
    
ကမ္ဘာနှင့် အဝှမ်းတွင် အရွယ် မရောက်သေးသည့် ယောက်ကျားလေး ၁၂၇ သန်း နှင့် မိန်းကလေး ၈၈ သန်းတို့ ကလေး လုပ်သား ခိုင်းစေခြင်း ခံနေရဆဲ ဖြစ်ကြောင်း ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ထုတ်ပြန် ချက် အရ သိရသည်။

ယနေ့ ဇွန် (၁၂) ရက်နေ့တွင် ကျရောက်သည့် ကလေးလုပ်သား အသုံးပြုမှု ဆန့်ကျင်ရေး နေ့တွင် ထုတ်ပြန်သည့် အစီရင် ခံစာ တစ်ခု အရ ၉၁ သန်းသော ကလေး လုပ်သား များသည် အသက် ၁၁ နှစ်အောက်၊ ၁၁၅ သန်းသော ကလေး လုပ်သား များသည် အန္တရာယ် ရှိသော လုပ်ငန်းခွင် အခြေအနေ များတွင် လုပ်ကိုင် နေရခြင်း၊ ၁ . ၂ သန်းသော ကလေး လုပ်သား များသည် လူကုန်ကူးမှု ခံရခြင်း တို့၏ သားကောင် ဖြစ်နေသည် ဟုလည်း ထုတ်ဖော် ရေးသား ထားပါသည်။

မြန်မာ နိုင်ငံသည် ကလေးလုပ်သား အသုံးပြု မှုနှင့် အဓမ္မ လုပ်အား ခိုင်းစေမှု တို့နှင့် ပတ်သက်၍ နာမည်ဆိုးဖြင့် ကျော်ကြား ခဲ့သည့် နိုင်ငံ တစ်ခု ဖြစ်သည်။

မြန်မာ နိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးလုပ်သားအသုံးပြုမှုများ ပပျောက် သွားခြင်း မရှိသေးသော်လည်း တိုးတက်သည့် လက္ခဏာ ရပ်များ ရှိလာခြင်း အပေါ် နိုင်ငံ များမှ အသိအမှတ် ပြုကြောင်း ယခု ကျင်းပနေဆဲ ဖြစ်သည့် ILO နှစ်ပတ်လည် ညီလာခံသို့ တက်ရောက် နေသည့် အလုပ်သမား ကိုယ်စားလှယ် တစ်ဦးမှ ပြောသည်။

၂၀၁၂ ဧပြီလတွင်း ရေးထိုး ခဲ့သည့် ILO အုပ်ချုပ်ရေး အဖွဲ့နှင့်မြန်မာ အစိုးရ တို့အကြား သဘော တူချက် တွင်မူ ရှေ့သုံးနှစ်တာ အတွင်း အဓမ္မ လုပ်အား ခိုင်းစေခြင်း လုံးဝ ပပျောက်ရန် သဘောတူ ထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ် ရေးထိုး ခဲ့ပါသည်။
 
သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန

0 comments: