Saturday, June 1, 2013

''ဒီနေ့ကျွန်တော်တို့'၀'က အစိုးရယန္တရား အားလုံးရှိပြီးသား၊ နိုင်ငံတစ်ခုကဲ့သို့သော ယူနစ်ရှိပြီးသား၊

5.31.14
အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ပြောကြား
31.5.2013

မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများအနက် ဒုတိယအင်အား အကြီးဆုံးဖြစ်သော '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေဖြင့် ၎င်းတို့၏ အင်အားကို အသုံးပြုပြီး အစိုးရကို တိုက်ရန် အစီအစဉ် မရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မေ ၃၀ ရက်က ပြောကြားလိုက်သည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသော ဦးဆမ်ခွန်းက မြစ်ကြီးနားမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိဘူး။ တိုက်ပါဆိုလည်း မတိုက်ဘူး။ အစိုးရတပ်မတော်ပဲဖြစ်ဖြစ် တခြားသော အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီး စစ်ရေးအရ ကျွန်တော်တို့ဒေသကို ၀င်ရောက်ကျူးကျော်တယ် ဆိုလို့ရှိရင် မိမိကိုယ်ကို ပြန်ကာကွယ်ရမှာပဲ။ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းပစ်မှာပဲ'' ဟု ဦးဆမ်ခွန်းက သတင်းထောက်များကို

ပြောကြားသည်။

ထို့အပြင် ပြည်တွင်းလက်နက်ကိုင် အင်အားစုများထဲတွင် တပ်မတော်ပြီးလျှင် '၀'က ဒုတိယ အင်အားအကြီးဆုံး ဖြစ်ကြောင်း ဦးဆမ်ခွန်းက ဆိုသည်။

''ကျွန်တော်တို့ '၀'က လက်နက် ကိုင်တယ်နော်။ တပ်မတော် တစ်ရပ်ရှိတယ်။ ဗမာပြည်မှာဆိုရင် အစိုးရတပ်ကပဲ ကျွန်တော်တို့ထက် ကြီးတယ်။ ဒုတိယ လက်နက်ကိုင်တပ်ဖွဲ့ ကျွန်တော်တို့ '၀'တပ်မတော်ပဲ ရှိတယ်။ ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ဗမာ့တပ်မတော်က တစ်၊ '၀'က နှစ်ပဲ။ ကျွန်တော်တို့က လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်ဖို့ မဟုတ်ဘူး။ တခြားအဖွဲ့အစည်းတွေကို ဗိုလ်ကျဖို့၊ စိုးမိုးဖို့လည်း မဟုတ်ဘူး။ မိမိဒေသ ကာကွယ်ဖို့အတွက်ပဲ'' ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

'၀' ပြည်နယ် တောင်းဆိုသည့် ကိစ္စရပ်မှာ တောင်းဆိုသင့်သော ကိစ္စဖြစ်ပြီး ခွဲထွက်ရေးအတွက် တောင်းဆိုခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ် ပြုရန်သာ တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးဆမ်ခွန်းက ဆိုသည်။

''ကျွန်တော်တို့'၀'ပြည်နယ် တောင်းတယ်ဆိုတာ ရှမ်းပြည်နယ် ခွဲထွက်ဖို့မဟုတ်ဘူး။ နိုင်ငံတော်အစိုးရနဲ့ ခွဲထွက်ရေးလုပ်ဖို့ မဟုတ်ဘူး။ သီးသန့်သမ္မတနိုင်ငံ လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့မဟုတ်ဘူး'' ဟု ဦးဆမ်ခွန်းက ဆိုသည်။

''ဒီနေ့ကျွန်တော်တို့'၀'က အစိုးရယန္တရား အားလုံးရှိပြီးသား၊ နိုင်ငံတစ်ခုကဲ့သို့သော ယူနစ်ရှိပြီးသား၊ ကျွန်တော်တို့ကို '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အသိအမှတ်ပြုဖို့ပဲ တောင်းဆိုတာ၊ ကျွန်တော်တို့ဆီမှာ ပညာရေး၊ အုပ်ချုပ်ရေး အကုန်ရှိပြီးသားပဲ'' ဟု ဦးဆမ်ခွန်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် '၀' ဒေသတွင် တိုင်းရင်းသားလူမျိုး ၁၈ မျိုး နေထိုင်လျက်ရှိပြီး ဗဟိုကော်မတီဝင် ၂၁ ဦး၌ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းတို့ပါဝင်ကြောင်း သိရသည်။

''လက်နက်တစ်ခုတည်း ကိုင်တာ မဟုတ်ဘူး။ ပါတီက ဦးဆောင်တာ။ '၀'ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ သွေးစည်းညီညွတ်ရေး တပ်မတော်၊ '၀'ပြည်နယ် ပြည်သူ့အစိုးရဆိုတာ ကျွန်တော်တို့ ရှိခဲ့ပါတယ်။ '၀'ပြည်မှာ တိုင်းရင်းသား ၁၈ မျိုးရှိပါတယ်။ အားလုံးကို တန်းတူရည်တူ ဆက်ဆံတယ်။ '၀'ဗဟိုကော်မတီက ဖွဲ့စည်းထားတဲ့ ဗဟိုကော်မတီဝင်က ၂၁ ဦးရှိတယ်။ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူ၊ ရှမ်း ဗဟိုကော်မတီထဲမှာ ပါပါတယ်''ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

မကြာသေးမီ အချိန်က ဘန်ကောက်တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိခဲ့ပြီး ထိုမူးယစ်ဆေးဝါးများမှာ '၀' ဒေသမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည် ဆိုသော အချက်ကိုလည်း ဦးဆမ်ခွန်းက ငြင်းဆိုလိုက်သည်။

''ကျွန်တော်တို့ ထုတ်တယ်ဆိုရင် စက်ရုံတွေ့သလား။ ထုတ်လုပ်တဲ့သူတွေ မိသလား။ ဒါကလည်း ကျွန်တော် မသိဘူး။ '၀'က မူးယစ်နဲ့ ပတ်သက်လာရင် လက်နက်ကိုင် အဖွဲ့အစည်းသာမက တခြားတခြားသော ကုန်သည်တွေ ကမ္ဘာမှာ အနှံ့အပြားထုတ်ပြီး စီးပွားဖြစ်ကြတာပဲ။ '၀'က မရဘူး။ သူ့ဒေသ ယူလာရင်တော့ ပြင်းပြင်းထန်ထန် ခေါင်းဖြတ်ပစ်တာပဲ။ ကျွန်တော်တို့လည်း ဒီနာမည် မကြားချင်တော့ဘူး။ ဒီဦးထုပ်ကြီးကို မဆောင်းချင်တော့ဘူး'' ဟု ဦးဆမ်ခွန်းက ဆိုသည်။

'၀' အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး စစ်ကို မလိုလားကြောင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး ရရှိခဲ့သည့် ၂၄ နှစ်တာ ကာလအတွင်း သုံးနှစ်ခန့်သာ တင်းမာခဲ့ကြောင်း၊ နိုင်ငံတစ်ခု တပ်မတော်တစ်ခုမူ ရှိနေသော်လည်း လတ်တလော အခြေအနေအရ လက်နက်ဖြုတ်သိမ်းမည် မဟုတ်ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

''နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ခု ရှိရမယ်။ တပ်မတော်တစ်ခု ရှိရမယ် အခုလောလောဆယ်ထိတော့ ကျွန်တော်တို့က လက်နက်စွန့်လို့ မဖြစ်သေးဘူး။ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့ ပစ်မှတ်တွေက ရောက်မှ မရောက်သေးဘဲ။ စောင့်ကြည့်သေးတာပေါ့။ ကျွန်တော်တို့က ဒီနေ့အထိ ဆက်လက်ပြီးတော့ လက်နက်ကိုင်ဦးမှာပဲ'' ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

Copy from - eleven media group

0 comments: