Thursday, May 30, 2013

မန်တုံနှင့် နမ့်ခမ်းမြို့နယ် အစပ်တွင် T.N.L.A တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေ

၃၀ ရက်၊ မေလ၊ ၂၀၁၃။
 
နမ့်ခမ်းမြို့နယ် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (T.N.L.A) တပ်ရင်း ၄၇၈ နှင့် မန်တုံမြို့နယ် အခြေစိုက် တပ်ရင်း ၃၆၇ အဖွဲ့တို့နှင့် မြန်မာတပ်ဖွဲ့တို့ ယနေ့ ၃၀ ရက်မေလ ညနေ ၁၈း၄၅ မှ ယခု သတင်းရေးနေသည့် အချိန်ထိ နမ့်ခမ်း-မန်တုံ မြို့နယ်အစပ် နားအော်ကြီးနှင့် ထာတ်ကျဲတ် ဘုရားတောင် အကြား တောင်တန်း စခန်းများတွင် တိုက်ပွဲ ပြင်းထန်နေလျှက်ရှိသည်။
 
T.N.L.A တပ်ရင်း ၃၆၇ နှင့် တပ်ရင်း ၄၇၈ တို့၏ ပြောက်ကျား တပ်စခန်းငယ်များ ရှိရာ တောင်တန်းများ ဆီသို့ မြန်မာ တပ်ဖွဲ့ ၃၀၀ ခန့် တက်လာသဖြင့် တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။
 
ယမန်နေ့က နမ့်ခမ်းမြို့နယ်မှ ထွက်လာသော ရှမ်းတောင်တပ်ဖွဲ့ ယူနီဖောင်းဝတ် မြန်မာတပ် အင်အား ၂၀၀ ကျော်သည် နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာထိ ကားစီးလာပြီး ထိုရွာမှ ချေလျှင် တောလမ်းဖြင့် ၂၉ ရက်နေ့ညတွင် တအာင်း တပ်ဖွဲ့ရှိရာ တောင်တန်းသို့ တက်လာခြင်းဖြစ်သည်။
 
နားအော်ကြီးဘက်မှဝင်လာသော တပ်ဖွဲ့မှာ ခိုမုန်းတွင် တိုးချဲ့နေရာယူထားသော မြန်မာတပ် ခလရ ၁၃၀နှင့် ၅၀၃ တပ်ဖွဲ့ဝင်များ ဖြစ်ပြီး၊ အရှေ့ဘက် ဂစ်ပိုက်လိုင်း လုံခြုံရေးယူထားသည့် အွယ်လောရွာတွင်လည်း မြန်မာတပ်ဖွဲ့အင်အား ၁၀၀ ကျော်ရှိကာ တအာင်း တပ်ရင်းတပ်ဖွဲ့ကို ညှပ်ပိတ် တိုက်စစ်ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု တအာင်း တပ်မှူးတဦးက ဆိုပါသည်။
 
ယခု သတင်းရေးနေသည့်အချိန်တွင် ထိုဒေသတွင် လက်နက်ကြီးသံ လက်နက်ငယ်သံများ ဆူညံနေပြီး တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments: