Wednesday, May 29, 2013

မြန်မာတပ်ဖွဲ့ အင်အား ၂၀၀ လွယ်တိုင်းလျှမ်ရှမ်းတပ်ဖွဲ့ဝတ်စုံဖြင့်TNAL စိုးမိုးနယ်မြေတွင်းသို့ ဝင်ရောက်

၂၉ ရက်၊ မေလ၊ ၂၀၁၃။
 
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် တပ်ရင်း ၄၇၈ စိုးမိုးနယ်မြေသို့ မြန်မာတပ်ဖွဲ့ အင်အား ၂၀၀ ကျော်က လွယ်တိုင်းလျှမ်ရှမ်းတပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ပြီး ၂၉ ရက်နေ့နံနက် မိုးမလင်းခင် ၄ နာရီခန့် နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာမှ ထွက်ခွာ သွားခဲ့ကြသည်ဟု သတင်းရရှိသည်။
 
၂၈ ရက်နေ့ နေ့ခင်းပိုင်းတွင် မြန်မာ စစ်တပ်ဖွဲ့၏ ရွှေလီရိပ်သာ၌ တပ်ဖွဲ့ အင်အား ၂၀၀ ကျော်တို့သည် နမ့်ခမ်းမှ ခရီးထွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိကြောင်း နမ့်ခမ်း ဒေသခံတအာင်းလူမျိုး တဦးကပြောပြပါသည်။ ထိုနောက် ည ၈ နာရီကျော်အချိန်တွင် ၁၂ ဘီးကားကြီး ၃ စီး၊ ဖိုးဝီး ကားငယ် များနှင့်အတူ မိုင်းဝီးဘက်သို့ ထွက်ခွာသွားခဲ့ကြသည်။
 
ထိုမြန်မာတပ်ဖွဲ့ ၂၀၀ ကျော်သည် မိုင်းဝီးသို့ရောက်သည့်အချိန်တွင် RCSS/SSA ၇၀၁ ယူနီဖောင်းများ ပြောင်းလဲ ဝတ်ဆင်ပြီး စစ်ကြောင်း နှစ်ကြောင်းခွဲကာ တအာင်းတပ်ဖွဲ့ နယ်မြေတွင်းသို့ အာရုဏ်ဦး မိုးမသောက်မီ ကတည်းက ထွက်ခွာသွားကြသည်ဟု ရှမ်းယူနီဖောင်းဝတ် မြန်မာစစ်ကြောင်းကို တွေ့ရှိသူ မိုင်းဝီး ဒေသခံကပြောပြသည်။
 
“၇၀၁ ရှမ်းတပ်ဖွဲ့ စစ်ကြောင်းတွေ တက်လာသာတွေ့တော့ တော်တော်များတာကြောင့် အံ့အားသင့်မိတယ်။ ကျနော်တို့ တအာင်းနယ်မှာ ၇၀၁ တွေဒီလောက် မရှိပါဘူး။ ဒါပေမဲ့ သူတို့အချင်းချင်း စကားပြော အမိန့်ပေးသံ တွေက ဗမာစကားသံ ဖြစ်နေတော့ ဟာ ဒါဗမာစစ်သားတွေပဲလို့ သတိထားမိတယ်။ မိုးလည်းကောင်းကောင်း မလင်းသေးတော့ သူတို့မျက်နှာတော့ သဲသဲကွဲကွဲ
မမြင်ရဘူး။”ဟု ထိုစစ်ကြောင်းဖြတ်သန်းရာ လမ်းကြောင်းရှိ တအာင်းရွာသား တဦးပြောပြပါသည်။
 
ရှမ်းယူနီဖောင်ဝတ်မြန်မာ စစ်ကြောင်းသည် ဂစ်ပိုက်လိုင်း လမ်းကြောင်းရှိရာ နမ့်ခမ်း-ကွတ်ခိုင်မြို့နယ်အစပ် တအာင်းတပ်ဖွဲ့ တပ်ရင်း ၁၁၂ ရှိရာဖက် သို့လည်းကောင်း၊ နမ့်ခမ်း-မန်တုံမြို့နယ် အစပ်ရှိ TNLA တပ်ရင်း ၄၇၈ သို့လည်းကောင်း အသီးသီး တပ်ဖြန့်ချီတက် သွားကြသည်။
 
မေလ ဒုတိယပတ်ခန့်တွင် RCSS/SSA ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) အဖွဲ့သည် အင်အား ၂၀၀ ကျော်ဖြင့် တအာင်းဒေသ တောင်ပိုင်း ကျောက်မဲ-နမ့်ဆန်-မိုးမိတ် ဒေသတွင်း TNLA တပ်ရင်း ၂၅၆ နှင့် တပ်ရင်း ၇၁၇ ရှိရာနယ်မြေသို့ တအာင်းတပ်ဖွဲ့အား ညိနှိုင်း အကြောင်းကြားမှု တစုံတရာမပြုလုပ်ဘဲ ၀င်ရောက် လှုပ်ရှားနေလျှက်ရှိသည်။
 
မြန်မာတပ်ဖွဲ့တို့သည် ယခုမေလ ၉ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့ နောင်မရွာအခြေစိုက် RCSS/SSA ၏ ၇၀၁ တပ်ဖွဲ့ကို ၀င်ရောက်စီးနင်းရာ လက်နက်ခဲယမ်းအချို့နှင့်အတူ ရှမ်းတပ်ဖွဲ့ ယူနီဖောင်း အစုံ ၃၀၀ ကျော်ရရှိသွားကြောင်း နမ့်ခမ်း ရှမ်းဒေသခံတဦးက အတည်ပြုပြောဆိုပါသည်။
 
၂၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် နမ့်ဖက်ကာဘက်မှ မြန်မာစစ်ကြောင်း ထိုးစစ်လှုပ်ရှားလာသဖြင့် TNLA တပ်ရင်း ၁၁၂ ခွဲ(၂)နှင့် နမ့်ဖတ်ကာအုပ်စု ဂျုံနော်ရွာနှင့် သာပန်းကုန်း အကြားတောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန

0 comments: