Wednesday, May 1, 2013

Ford မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် လုပ်ငန်းများစတင်

 
ဖို့ဒ်(Ford) မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ဧပြီလ ၃၀ရက်နေ့မှ စတင်ကာ လုပ်ငန်းများစတင် လည်ပတ် လျက်ရှိသည်ဟု ပြောကြားသည်။

Ford ကုမ္ပဏီက မြန်မာနိုင်ငံမှ Capital Diamond Star Group ၏ Capital Automotive ကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ပထမဆုံးအဖြစ် မော်တော်ကားများကို ရောင်းချပေးမည် ဖြစ်ပြီး ကနဦးရောင်းချမည့် မော်ဒယ် အမျိုးအစားများတွင် F- series နှင့် Ranger ပစ်ကပ်ထရပ်ကားများ ပါဝင်မည်ဟု Ford ကုမ္ပဏီက ပြောဆိုသည်။

အိန္ဒိယမှ တာတာမော်တော်ကားကုမ္ပဏီနှင့် ဂျပန်မှ ဆူဇူကီးမော်တော်ကား ကုမ္ပဏီတို့က မြန်မာနိုင်ငံတွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပြီးနောက် Ford မော်တော်ကားကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လာခြင်းဖြစ်သည်။

Ford ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရောင်းချနိုင်ရန် ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုမှ ကားများကို တင်သွင်းမည်ဟု သိရသည်။ မြန်မာနိုင်ငံ မော်တော်ကားဈေးကွက်သို့ စတင်ဝင်ရောက်ခြင်းမှာ အာရှ-ပစိဖိတ် ဒေသတွင် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု Ford ကုမ္ပဏီက
ပြောကြားသည်။

Ford ကုမ္ပဏီအတွက် မြန်မာနိုင်ငံတွင် အလားအလာကောင်းများနှင့် အခွင့်အလမ်းကောင်းများကို တွေ့မြင်ထား ပြီးဖြစ်သည်ဟု Ford ကုမ္ပဏီမှ အာရှ ပစိဖိတ်ဒေသဆိုင်ရာမန်နေဂျာ David Westerman က ဆိုသည်။

အကျိုးတူပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် Ford ကုမ္ပဏီ အနေဖြင့် မြန်မာ့မော်တော်ကားဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်မည်ဟု လည်း ၎င်းက ပြောသည်။

တာတာမော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ၎င်း၏မော်တော်ကား များ ရောင်းချနိုင်ရန်နှင့် ၎င်းတို့ ကုမ္ပဏီမှထုတ်လုပ်သည့် ထရပ်ကားများနှင့် ဘတ်စ်ကားများအတွက် ၀န်ဆောင်မှုပေးနိုင်ရန် ရန်ကုန်မြို့တွင် ဧပြီလ ၇ ရက်နေ့က ပထမဆုံးအရောင်းစင်တာ ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် အခြေစိုက်သည့် တာတာကုမ္ပဏီက တစ်နှစ် လျှင် မော်တော်ယာဉ် စီးရေ ၁၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိသည့် မော်တော်ကား စက်ရုံတစ်ရုံကို မကွေးမြို့တွင် တည်ဆောက်လျက်ရှိသည်ဟု တာတာ ကုမ္ပဏီက ပြောကြားသည်။

ဆူဇူကီးကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် မော်တော်ကားစက်ရုံတစ်ခု တည်ဆောက်နိုင်ရန်နှင့် အရောင်းစင်တာ ဖွင့်လှစ်နိုင်ရန် မြန်မာအစိုးရထံမှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကာ ရန်ကုန်မြို့တွင် မေလမှစတင်ပြီး အသေးစား ထရပ်ကားများထုတ်လုပ်နိုင်ရန် စီစဉ်ထားသည်ဟု ဆူဇူကီးကုမ္ပဏီက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပြောဆို ထားသည်။
Source: ဗန်ကောက်ပို့စ်
Bo Sein

သတင်းရင်းမြစ် - ပင်းယမဂ္ဂဇင်း

0 comments: