Thursday, May 2, 2013

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???


"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့ ..." "ဟာ...အမေကလည်းဗျာ ဒီမှာသားလည်း မနည်းနွှင်စားနေတာ...အ မေစားနေတာလဲ ကြည့်ပါအုံး ထမင်းလုံးတွေက အောက်ကျလို့ ဂရုစိုက်မှပေါ့ အမေရ..."

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏ အော်ငေါက်သံ နောက်တွင် တိုးလျှိုး ပျောက်ကွယ်သွား၏ ... အသက် ၆၀ ကျော် နေပြီဖြစ်သော သူမအတွက် ထမင်း တလုတ်ကို ပါးစပ်ထဲ ထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာ မရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမ တစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်...သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့ တရွေရွေ ပြန်ရောက်သွားသည်........

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်ပေါ်တွင်လည်း ပြန့် ကျဲကျလျှက်...ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်...နွှင်ပေးသည့် ကြားက မတော်တဆ သားအရိုးစူးသည့်အခါ အရိုး မြန်မြန်ကျစေဖို့ ငှက်ပျောသီး ချော့ကျွေး၍သား၏ ရင်ဘက်လေးကို ကြင်ကြင်နာနာ သပ်ပေးပြီး မိမိ၏ သေချာ ဂရုမစိုက်မှုအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံး ဖြစ်ခဲ့ရသည်....ခု သူမကိုတော့ သားသည် ထိုသို့ မဟုတ်ခဲ့... သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ ဂရတစိုက် ရေချိုးပေးခဲ့သည့် သူမ...ခု ရေချိုးခန်းထဲရှိ ရေညှိများဖြင့် ချောနေသော ကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ် ရှင်းလင်းပေးရမှန်း သား သတိမထားမိခဲ့.... ရေချိုးပြီးတိုင်း တနပ်ခါး လိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်ေ သွးထားတာ မေမေလိမ်းဖို့ " ဆိုသည့် အပြောမျိုး သားပါးစပ်ဖျားက ထွက်ကျလာသည်ကို သူမလိုချင်မိသည်...သို့ သော် ငယ်စဉ်က သားကိုေ ပါင်ပေါ်တင်၍ မိမိ သွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီ လိမ်းပေးခဲ့သည့် အချိန်များကို သားမမှတ်မိတော့....သားလက်သည်း ခြေသည်းလေးတွေကို တပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ....တခါတရံ အသားကိုညှပ်မိ၍ သား
ဆီမှ စူးခနဲ ထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကို ဗလောင် ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.... ခုသူမ လက်သည်း ခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက် ညှပ်ပေးတာမျိုး တမ်းတမိသည်... သို့ သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲ ညှပ် လိုက်ပါလား သားမအားဘူး"ဆိုသော သားအပြော အောက်တွင် သူမ၏ စိတ်ကူးလေးများ ပျောက်ပျက် သွားခဲ့ရသည်....

ကလေးပီပီ ကစားကွင်း သွားရတာ နှစ်သက်သောသားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ ဖြစ်ခဲ့သည်.... ပျော်ရွှင်မြူးတူးနေသော သားကိုကြည့်ရင်း သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှအလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်...ခုချိန် ဘုရားသွားချင်၍ "သား ဘယ်နေ့ အားလဲ အမေ့ကို လိုက်ပို့ ပါလား"ဟူသော မျှော်တလင့်လင့် အမေးကို အလုပ်အားရက်တိုင်း သူငယ်ချင်းများနှင့် Golf သွားကစားတတ် သား၏ အချိန်များက သားကိုယ်စား အဖြေပေးခဲ့သည်.......... သား ငယ်စဉ် ကျောင်းမနေရသေးခင်ကာလ သူတွေ့ သမျှ စားများကို "မေမေဒါ ဘာရေးထားတာလဲဟင် သားကိုဖတ်ပြ"
ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်...မိမိ အတွက်သားမေးတိုင်း ကျောင်းမနေရသေးဘူး ငါ့သားက စာတွေ စိတ်ဝင်စားနေပြီ ဟူသော ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ အမော တစ်ခုဟု မထင်မှတ်ခဲ့....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက် မှုအောက်တွင် အရာရာကို ကြည့်ရ မြင်ရသည်မှာ မှုန်တဝါးဝါး... သားကို ဘာရေးထားသည်လဲ မေးတော့ သားနှုတ်ဖျားမှ ထွက်ကျ လာသည့်" ဒီလောက် စာလုံးကြီးကြီးနဲ့ ရေးထားတာ မမြင်ရ ဘူးလား အမေရာ "ဆိုသော စိတ်မရှည်သော သား၏ အော်သံသည် မာရသွန်ပြေးပြီး ပြန်လာသော ကစားသမား တစ်ယောက်ထက် သူမရင်ကို ပိုအမောဆို့ စေခဲ့သည်... သားငယ်ငယ်က ည အိပ်ခါနီးတိုင်း မိမိပုံပြင် စာအုပ်လေးတွေဖ တ်ပြမှ သားအိပ် ပျော်တတ်သည်....သူမသည် သားအတွက် ပုံပြော ဆရာမ တစ်ဦးဖြစ်ခဲ့သည်... သားမေးသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့
သည်... ခုတရား စာအုပ်လေး ဖတ်ချင်သည့်အခါ သားကိုအကူညီ တောင်းမိတော့ "အမေကလည်း တရားခွေတွေ ရှိတာပဲ နားထောင်ပါလား"ဟူသော သား၏ အပြောသည် မှုန်ဝါးဝါးဖြစ်နေသော သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ် ဘဝ မိမိဂရုစိုက်မှုများကို မေ့လျော့နေခဲ့သည်...
 
မိမိ၏ လက်ရှိ အသက်အရွယ်သည် လူ့ ဘဝ၏ နေဝင်ချိန် ရောက်နေပြီဆိုတာကို သား သတိမထားမိခဲ့....ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ် ဘဝလို သူတစ်ပါး အကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ.... အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှ မွေးဖွားခဲ့သော တစ်ဦးတည်းသော သားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်... ထိုဆန္ဒသည် အသက်အရွယ် ကြီးရင့်၍ လူပိုတစ်ယောက်လို ဖြစ်နေသော သူမ အတွက် သားကို ဒုက္ခပေးလိုခြင်း မဟုတ်....သား ရင်ခွင်ထဲတွင် နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်....ကြင်နာမှုကို လိုချင်မိသည်... သား၏ မေတ္တာကို မျှော်လင့်မိသည်....မိမိဘဝ၏ နောက်ဆုံး အချိန်များကို သား၏ ကြင်နာ နွေးထွေးသော ဂရုစိုက်မှုများ အောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယောက်၏ စိတ်ဆန္ဒ သပ်သပ်သာဖြစ်သည်.... သို့ သော် အထီးကျန် ဆန်လှသော သူမ၏ ဘဝသည် သူမ၏ စိတ်ကူးနှင့် လွန်စွာခြားနားလှသည်...မိမိ ရင်ခွင်ထဲတွင် ပျော်ရွှင် မြူးတူး ဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို ပြန်လည် မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်ပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...........................

"သင်၏
ကြင်နာ နွေးထွေးသော မေတ္တာတရားကို သင်၏ မိဘများ မျှော်လင့်နေကြသည်"

Copy from - Myanmar News Update

0 comments: