Saturday, May 11, 2013

အဖွတ်ခံနေ့ရက်များ(၁)

 
ဒီစာကို မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြသော လူငယ်များ၊ ဂျပန်ကို အလုပ်လာလုပ်ချင်သော လူငယ်များအတွက် အဓိကဦးတည်၍ ရေးပါသည်။
 
စင်စစ် အလုပ်လို့ ဆိုလိုက်ရင် ကျွန်ုပ်မြန်မာပြည်မှာရှိစဉ်က ဝန်ထမ်းမလုပ်ဖူးပါ။ မိဘတခြမ်းမဲ့သွားတဲ့အချိန် အသက်(၂၀)ကို ပါးပါးလေးကျော်ချိန်လောက်ကစပြီး ကိုယ်တိုင် တပိုင်တနိုင် ပြည်တွင်းခရီးသွားလာရေး လုပ်ငန်းလေးတခုနဲ့ အခြားအရောင်းအဝယ်လေး နည်းနည်း ပါးပါးလောက်ပဲ လုပ်ခဲ့ဖူးပါတယ်။ ဒါနဲ့များ ခင်ဗျားက ကြီးကြီးကျယ်ကျယ် အလုပ်အကြောင်း ရေးမလို့လား..လို့ စောဒက တက်ဖွယ်ရှိပါတယ်။

ကျွန်ုပ်ဆိုလိုချင်တဲ့ အလုပ်ဆိုတာက ဘယ်စီးပွားရေးကို ဘယ်လို လုပ်ပါလို့ အကြံဥာဏ်ပေးချင်တာမဟုတ်ပါ။ ပေးလည်း မပေးတတ်ပါ။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ထဲမှာတောင် အလုပ်မျိုးစုံ နှံ့စပ်အောင် မလုပ်ဖူးသူတယောက်၊ ဝန်ထမ်းအလုပ် တခါမှ မလုပ်ဖူးသူတယောက်ဟာ အင်မတန်မှ အလုပ် လုပ်ပါတယ်ဆိုတ၊ဲ့ ကမ္ဘာ့အလုပ်လုပ်ဆုံး လူမျိုးများလို့ မှတ်တမ်းတင်ခံရတဲ့ တိုင်းပြည်တပြည်ကို ရောက်သွားတဲ့အခါ ဘယ်လိုတွေဖြစ်တယ်၊ ဘယ်လိုတွေ တွေ့ကြုံရတယ်ဆိုတဲ့ အတွေ့အကြုံတွေကို ပြန်ရေးပြခြင်းဖြစ်ပါတယ်။
 
ဘယ်သူ့ကိုမှ ဘယ်လို လုပ်ပါလို့ ဆရာမလုပ်လိုပါဘူး။ ကျွန်ုပ်ရဲ့ အဖြစ်အပျက်အတွေ့အကြုံများထဲမှ လိုလျှင်ယူနိုင်ရန်သာ ရေးသားခြင်းဖြစ်ပါသည်။ “လောကတွင် ယူသော်ရ၏”
ကျွန်ုပ်ဂျပန်ကို စရောက်တော့ ၂၀၀၂ခုနှစ်ပေါ့။ မြန်မာပြည်မှာ ဂျပန်စကားသင်ခဲ့တာက (၆)လ။ ရောက်ရောက်ခြင်းနေ့ လာကြိုတဲ့ ဂျပန်ကို ကျွန်ုပ်က “ အစစအရာရာ ကူညီတဲ့အတွက် ကျေးဇူးပါ “လို့ ဂျပန်လို ပြောတာကို သူနားမလည်ဘူး။ အဲသည့်တုန်းက ကျွန်ုပ်ရဲ့ ဂျပန်စာ၊စကားအရည်အသွေးကို မိတ်ဆွေခန့်မှန်းမိအောင် ပြောပြတာပါ။
 
ရောက်ပြီး တလလောက်အထိ မက်ဒေါနယ်ဆိုင်က ဂျပန်မလေးတွေ ပြောတဲ့စကားကို နားမလည်လို့ ကိုယ်ကြိုက်တဲ့ အရွယ်အစား၊ ဟန်ဘာဂါအပြင် တခြားစားစရာသောက်စရာတွေကို ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင်၊ သူတို့ နားလည်အောင် ပြန်ပြောတတ်ဖို့ အဲသည့်တုန်းက ကျွန်ုပ်ထက် ဂျပန်စာ စကားရတဲ့ အမကို ဟန်ဘာဂါစားချင်ရင် ခေါ်သွားရတယ်။ တယောက်တည်း သွားလို့မရဘူး။
 
ကုန်တိုက်တွေမှာ တဝက်ဈေးချနေပါပြီတဲ့ ကြေငြာသံစကားကိုနားမလည်၊ တဝက်ဈေးဆိုတဲ့ စာကပ်ထားတာကို မဖတ်တတ်လို့ သူများတွေ စုပြုံတိုးမှ လိုက်တိုးခဲ့ရဖူးတယ်။ အလုပ် လုပ်ဖို့ဆိုတာဝေးစွ။
ကျွန်ုပ်ကို ကျွန်ုပ်အမနဲ့အကိုလုပ်သူက တခြားဗမာအတော်များများ လုပ်သလို ရောက်ရောက်ခြင်း ဗမာအသိမိတ်ဆွေတွေရှိတဲ့ ဂျပန်စားသောက်ဆိုင်တွေမှာ စကားနားလည်လည် မလည်လည်၊ ဗမာအခံရှိတာပဲဆိုပြီး ပန်းကန်ဆေးလောက်၊ တောက်တိုမယ်ရလောက်တော့ ရတယ်ဆိုပြီး အတင်းထိုးမထည့်ဘူး။ ကိုယ့် ကိုယ်ပိုင်အရည်အချင်းနဲ့ အလုပ်ရှာနိုင်အောင် ကြိုးစားလို့ပဲပြောတယ်။ အဲသည့်အတွက် အချိန် (၃)လပေးထားတယ်။
 
(၃)လောက် ကျွန်ုပ်ကို အလုပ်မလုပ်ခိုင်းဘဲ ဂျပန်ရဲ့ အစစအရာရာကို လေ့လာခိုင်းတယ်။ ဒီလိုနဲ့ ဂျပန်ရောက်ပြီး (၃)လကြာတော့ ကျွန်ုပ်အလုပ် လုပ်ချင်လာတယ်။ ဂျပန်မှာ အလုပ်မလုပ်ဘဲနေရတာ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံသလို ခံစားလာရတယ်။
ဒါနဲ့ လမ်းထိပ်က ဂျပန်ရိုးရာ ခေါက်ဆွဲဆိုင်မှာ အလုပ်နေရာလွတ်ကြောင်း ကပ်ထားတဲ့စာကို ဖတ်တတ်လာတော့ အမကိုပြောတယ်။ အဲသည့်ဆိုင်မှာ အလုပ် လုပ်ချင်တယ်လို့။
အမက ဆိုင်ဖုန်းနံပါတ်ကို နှိပ်ပြီး ကျွန်ုပ်ကို ထိုးပေးလိုက်တယ်။ ဖုန်းခေါ်သံဆုံးလို့ တဖက်က ဖုန်းကိုင်လိုက်တယ်ဆိုရင်ဘဲ ခရားရေလွှတ် တရပ်စပ်ပစ်လွှတ်လိုက်တဲ့ ဂျပန်စကားသံတွေကို ကျွန်ုပ် တလုံးဆိုတလုံးမှ နားမလည်ခဲ့ဘူး။ နောက်ပိုင်းမှ နားလည်လာရတာက ဂျပန်မှာ လုပ်ငန်းတခုက ဖုန်းကိုင်တဲ့လူက ဟဲလို(မိုရှိ မိုရှိ)လို့ ထူးလေ့မရှိဘူး။
ဖုန်းကိုင်ပြီဆိုတာနဲ့ “ ဖုန်းဆက်တာ ကျေးဇူးတင်ပါတယ်ခင်ဗျာ(ရှင်) ဆိုပြီး တဆက်တည်း ကိုယ်လုပ်နေတဲ့ လုပ်ငန်ရဲ့နာမည်နဲ့ လုပ်ငန်းအမျိုးအစားကိုပါ ထည့်ပြောပြီး ဖုန်းကိုင်လေ့ရှိတယ်။ ဥပမာ…..ဖုန်းခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ(ရှင်) လမင်းကုမ္ပဏီရဲ့မြေနီကုန်း ခေါက်ဆွဲအရောင်းဆိုင်ခွဲဘယ်လောက်က ဖြစ်ပါသည်…စသဖြင့်ပေါ့။
အဲလို စကားမျိုးကို ၂စက္ကန့်နဲ့၃စက္ကန့်လောက် အကြားမှာ ပြောလေ့ရှိတယ်။ ဒီတော့ ကျွန်ုပ်လည်း ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဒါနဲ့ အလုပ် လုပ်ချင်လို့ပါလို့ စွတ်ပြောချလိုက်တယ်။
 
တဖက်က “ဟင်…ဘာပြောတာလဲခင်ဗျာ” လို့ ပြန်မေးတယ်။ ကျွန်ုပ်အသံထွက်ကို သူနားလည်ပုံမရဘူး။ ကျွန်ုပ်လည်း အလုပ် လုပ်ချင်လို့ပါလို့ ထပ်ပြောတော့ တဖက်က နိုင်ငံခြားသားမှန်း သဘောပေါက်သွားပုံရတယ်။ ပြီးတော့ ဂျပန်စာစကား ကောင်းကောင်းမတတ်မှန်းလည်း ချက်ချင်းသိသွားပုံရတယ်။ သိမှာပေါ့လေ။ ကျွန်ုပ်စပြောကတည်းက အစဉ်မှ မကျဘဲကိုး။ တကယ်ဆို အဲလိုမပြောရဘူး။ ဒါနဲ့ ကျွန်ုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ဖုန်းချလိုက်ရတော့တယ်။
ဘေးမှာ ကျွန်ုပ်ကို ထိုင်ကြည့်နေတဲ့ အမက ပြုံးတယ်။ နောက်ပြီး ကိုယ်ဘယ်လောက်လိုသေးတယ်ဆိုတာ သိပြီလားလို့ မေးတယ်။ ဒါပေမယ့် သူက အဲသည့်အလုပ်ကို ကျွန်ုပ်အနေနဲ့ နောက်တကြိမ်ဖုန်းဆက်ပြီး ပြောတယ်။ ဒီမှာတင်ပဲ ဂျပန်မှာ သာမာန်နေ့စား၊လရှင်း အလုပ် လိုချင်လို့ ဖုန်းနဲ့ဆက်ပြီး အလုပ်လုပ်လိုကြောင်းပြောရင် ယျေဘုယအားဖြင့် အောက်ပါအတိုင်း ပြောရတယ်ဆိုတာကို ကျွန်ုပ်နားလည်သွားရတော့တယ်။
 
တဖက်က ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ အများအားဖြင့် ကြားရတဲ့ စကားသံကတော့
( MAIDO ARIGATO GOZAIMASU. ……….KAISHA………TEN …….DESU) (သို့) (ODENWA ARIGATO GOZAIMASU . ……….KAISHA………TEN …….DEGOZAIMASU) စသဖြင့် ကြားရတတ်ပါတယ်။
 
ဒီအခါမှာ မိမိက ကိုယ့်ကိုကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အရင် မိတ်ဆက်ရပါတယ်။
ဥပမာ(ကျမကတော့ မြန်မာလူမျိုး နန္ဒာဖြစ်ပါတယ်၊ ဂျပန်မှာ ဂျပန်ဘာသာစကား သင်တန်းကျောင်းလာတက်တဲ့ ကျောင်းသားတယောက်ဖြစ်ပါတယ်။ အခု လူကြီးမင်းတို့ အလုပ်မှာ နေရာလွတ်ရှိတယ်လို့ ကြေငြာထားတာကိုတွေ့ရလို့ ဖုန်းဆက်ခြင်းဖြစ်ပါတယ်။ အလုပ် ကိစ္စနဲ့ပတ်သက်ပြီး အခုလောလောဆယ် ဖုန်းပြောလို့ရနိုင်ပါသလားရှင်) စသဖြင့် အဲလို အရင်ဆုံး ကိုယ့်အခြေအနေကို ပြည့်ပြည့်စုံစုံ ပြောနိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဒီလောက်ဆိုရင် တဖက်က ကိုယ့် ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု skillကို ခန့်မှန်းလို့ရလောက်ပြီ။ သူတို့အလုပ်အတွက် အဆင်ပြေနိုင်တယ်ဆိုရင် သူတို့ဆက်ပြောလိမ့်မယ်။ ဒါမှမဟုတ်လည်း အခုလောလောဆယ် တာဝန်ခံမရှိသေးဘူး။ နောက်ဘယ်လောက်ကြာမှ ပြန်ဆက်ပါဆိုတာမျိုးကိုလည်း ပြောတတ်တယ်။
 
တဖက်က စကားဆက်ပြောတယ်ဆိုကြပါစို့။ တဖက်က မေးတော့မယ်။ မေးတတ်တဲ့ ယေဘုယျ မေးခွန်းတွေကတော့
(၁) အခု ဘယ်မှာနေလဲ
(၂) အသက်ဘယ်လောက်လဲ
(၃)ကျောင်းသားဆိုလည်း ကျောင်းက ဘယ်မှာလဲ
(၄) ဒီမှာ ဘယ်အချိန်တွေ၊ ဘယ်နှစ်ရက်လောက် လုပ်ချင်တာလဲ
(၅)ဂျပန်ကို ရောက်တာကြာပြီလား….စသဖြင့် ဖုန်းနဲ့ပြောရင်တော့ အဲသည့်လောက်တော့ မေးလေ့ရှိပါတယ်။
သူတို့မေးသမျှကို ကိုယ်က တခွန်းမေး တခွန်းဖြေကို ၂ခါထပ်မေးစရာမလိုဘဲ ချောချောချူချူဖြေနိုင်လို့ သူတို့စိတ်ဝင်စားရင် အင်တာဗျူးလာဖို့ ခေါ်ပါလိမ့်မယ်။ ဒီအခါမှာ အလုပ်လျှောက်လွှာတစောင်နဲ့ passport size အရွယ်ဓါတ်ပုံ(၂)ပုံ၊ ကိုယ့်ရဲ့ နိုင်ငံခြားသားကဒ်၊ passport၊ကျောင်းသားကဒ် စတာတွေ ယူလာခဲ့ဖို့လည်း မှာပါလိမ့်မယ်။
 
အင်တာဗျူးလာဖို့ ခေါ်တဲ့ စကားကို ကိုယ်ကနားလည်ရင် သူတို့လာခိုင်းတဲ့အချိန်၊နေရာကို သေသေချာချာ မှတ်ထားပြီး အချိန်တိတိကျကျရောက်ဖို့ အရမ်းအရေးကြီးပါတယ်။
ဂျပန်မှာ လူတယောက်ရဲ့ တန်ဖိုးနဲ့ အရည်အချင်းကို သတ်မှတ်ရာမှာ အချိန်လေးစားတတ်ခြင်းဟာလည်း အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။
မြန်မာပြည်မှာသာ အဲသည်လို အချိန်လေးစားမှုကို လူ့တန်ဖိုးတခုအဖြစ်၊ လူ့အရည်အချင်းတခုအဖြစ် ထည့်သတ်မှတ်နေမယ်ဆိုရင် မြန်မာတွေအတော်များများဟာ တန်ဖိုးမရှိတဲ့လူတွေ ဖြစ်ကုန်မယ်ထင်တယ်။
လူချင်းတွေ့လို့ အင်တာဗျူးပြီဆိုရင်တော့ မေးတတ်တာတွေက
(၁) ဂျပန်ကို ဘာဗီဇာနဲ့လာလဲ (ဖုန်းထဲမှာပြောပြီးလည်း ထပ်မေးတာများတယ်)
(၂) ဂျပန်ကို လာတဲ့ရည်ရွယ်ချက်ကဘာလဲ
(၃) ဒီအလုပ်ကို ဘာလို့ လုပ်ချင်တာလဲ
(၄) ဘယ်လောက်ကြာကြာ လုပ်ဖို့ ရည်ရွယ်လဲ
(၅) တခြား ဘယ်နေရာတွေမှာ လုပ်ဖူးသေးလဲ
(၆) တလကို ဒီအလုပ်ကနေ ဘယ်လောက်လောက်ရဖို့ ရည်မှန်းထားလဲ
(၇) ဂျပန်မှာ ဘယ်သူတွေနဲ့နေလဲ
(၈) အိမ်ကနေ ဒီကို ဘာလိုလာလဲ၊ ဘယ်လောက်ကြာလဲ…စသဖြင့် မေးပါတယ်။
 
အမှန်က အဲသည့် မေးခွန်းတွေအတွက် အဖြေတွေက ကိုယ်ယူလာတဲ့ အလုပ်သမားလျှောက်လွှာထဲမှာ အကုန်ဖြည့်ပြီးသားပါ။ သူတို့က ဂျပန်စာ စကားကို ဘယ်လောက် အသွားအပြန် ပြောတတ်လဲဆိုတာကို Speaking, Hearing, listening တွေကို စမ်းသပ်ခြင်းပါ။
 
စောစောက ခေါက်ဆွဲဆိုင်ကို ပြန်ဆက်ကြပါစို့။ ကျွန်ုပ်အမက ကျွန်ုပ်အယောင်ဆောင်ပြီး ဖုန်းနဲ့ပြောလိုက်တော့ ချောနေတဲ့အခ့ကျတော့ ဟိုဘက်က သဘောကျပြီး လူတွေ့ အင်တာဗျူးဖို့ ခေါ်ပါလေရော။ အလုပ်သမား လျှောက်လွှာကိုလည်း အမကပဲ ဖြည့်ပေးတာ။ ဒါနဲ့ပဲ ကျွန်ုပ်တယောက် လျှောက်လွာကြီး ခပ်တည်တည်ကိုင်ပြီး သတ်မှတ်ရက်မှာ အင်တာဗျူးခံဖို့ သွားပါလေရော……
 
ဆက်ရေးပါဦးမည်
နန္ဒာ(ဂျပန်)

0 comments: