Thursday, May 2, 2013

မြန်မာ့ပညာရေးအဆင့်မီရန် အောက်ခြေမှစ၍ ပြုပြင်သင့်ပြီ


ယနေ့အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့သော မြန်မာနိုင်ငံ၏ စနစ်သစ်ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ဆောင်ရာတွင် ပညာရေးအခန်းကဏ္ဍသည်လည်း အဓိကအရေးကြီးပါဝင်လျက် ရှိပါသည်။

တိုင်းပြည်တစ်ပြည်၏ တိုးတက်ရေးသည် စီးပွားဥစ္စာပိုင်ဆိုင်မှုထက် ပညာရေးတိုးတက်မြင့်မားဖို့ အထူးလိုအပ်လှပါသည်။ ဥပမာပြဆိုရပါလျှင် စင်ကာပူ၊ မလေးရှားနိုင်ငံတို့သည် မိမိတို့မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်လျှင် အားကိုးလောက်သော သယံဇာတနှင့် ရေမြေတောတောင် သဘာဝကွာခြားလှပေသည်။ သို့သော်ပညာရေးပိုင်းကို နှိုင်းယှဉ်လျှင် မိမိတို့၏တိုင်းပြည်၏ ပညာရေးသည် ထိုနိုင်ငံများထက်များစွာ ဆုတ်ယုတ်လျက် ရှိနေပေသည်။ ၎င်းနိုင်ငံများသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့် ကို မီအောင် ကြိုးစားအောင်မြင်ခဲ့ကြသော နိုင်ငံများ ဖြစ်လာခဲ့ကြသည်မှာ ဆယ်စုနှစ်အတန်ပင် ကြာ လာခဲ့ပြီ ဖြစ်သည်။

ယနေ့အာရှတွင် မြန်မာနိုင်ငံနှင့်ရှေ့နောက် လွတ်လပ်ရေး ရရှိခဲ့သော တရုတ်၊ အိန္ဒိယနိုင်ငံတို့၏ နည်း ပညာ တိုးတက်ဖွံ့ဖြိုးမှုသည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော အဆင့်တွင် ရောက်ရှိ နေကြသော်လည်း မြန်မာနိုင်ငံ၏ အခြေအနေကား သုညအောက်မှ အနုတ် လက္ခဏာသို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေး နယ်ပယ်များ အဖတ်ဆယ်မရအောင် ကျဆင်းဆုတ်ယုတ်လာခဲ့သည်။

မြန်မာနိုင်ငံသည် သယံဇာတများ ပေါကြွယ်ဝ၏။ သဘာဝ တောတောင်ရေမြေတို့ ပြည့်စုံလှ၏။ ရတနာပုံ ကြီး ဖင်ခုထိုင်ထားရသော်လည်း ပညာမဲ့သောသူ၏ စည်းစိမ်ဥစ္စာသည် ပညာရှိသူတို့အတွက်သာ ဖြစ်ခဲ့
ချေပြီ။

ဓမ္မပဒ ဇာတ်တော်ထဲမှ ချမ်းသာကြွယ်ဝလှစွာသော မိဘတို့မှ စည်းစိမ်ဥစ္စာများအားကိုး၍ ပညာမသင် ဘဲထားခဲ့သော ကုဋေရှစ်ဆယ်အမွေရသူဌေးသားကဲ့သို့ ဘဝနိဂုံးအရှုံးနှင့်သာရင်ဆိုင်ရချေပြီ။ ဤသည် တို့ကို ဆန်းစစ်ကြည့်ပါက မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသော်လည်း ပညာမဲ့လူတန်းစား များ ဖြစ်ခဲ့ကြ၍ ယခုကဲ့သို့ တိုင်းပြည်ဆုတ်ယုတ်နစ်မွန်းခဲ့ရသည်ဟု ကောက်ချက်ချနိုင်ပါသည်။

ယနေ့ပညာရေးလောကကို ပြန်လည်သုံးသပ်ကြည့်လျှင် သူငယ်တန်းမှ ရှစ်တန်း၊ ကိုးတန်းအထိ မအောင်မရှိ ငါ့တပည့်စနစ်ကို ကျင့်သုံးနေကြသည်။ အတန်းပိုင်ဆရာ၊ ဆရာမများသည်လည်း မိမိတို့ထံငွေကြေးပေး၍ ကျူရှင်အပ်နှံထားသော ကျောင်းသားများမှလွဲပြီး တခြားသောကျောင်းသား တို့ကို ကျောင်းခန်းအတွင်း၌ စနစ်တကျစေတနာ သဒ္ဓါတရားနှင့် ကျောင်းသားကျောင်းသူများအားလုံး တတ်ကျွမ်းနားလည်အောင် စာရင်းထုတ်ပြန်ပေးခြင်းဖြင့် တာဝန်ကျေပွန်နေကြသည်။ ကျောင်းသားတို့ ၏ ဘဝသည်ကား အတန်းသာတက်သွားသော်လည်း ပညာတတ်များကား ဖြစ်မလာချေ။

လက်တွေ့သာဓကအနေဖြင့် ယခင်နှစ်မိမိ၏ သားငယ်လေးအား သူငယ်တန်းတွင် အပ်နှံကျောင်းထား ပေးခဲ့သည်။ မိမိတို့သည် လက်လုပ်လက်စားများဖြစ်သည့်အလျောက် ဆရာ၊ ဆရာမများထံသာ မိမိ တို့၏ရင်သွေးငယ်များ ပညာရေးကို အလုံးစုံအားကိုး၍ အပ်နှံခဲ့ခြင်းဖြစ်သော်လည်း ပညာသင်နှစ် တစ်ဝက်ကျိုးချိန်၌ သားငယ်၏ပညာရေးကို စစ်ဆေးကြည့်ရာ 'ဝ' လုံးမကွဲသော အဆင့်တွင်သာရှိနေ သေး၍ မိမိတို့၏ တူမတော်စပ်သူ (ဘွဲ့ရ) မိန်းကလေးအား အကူအညီတောင်း၍ အပ်နှံခဲ့ရသည်။ ကျွန်ုပ်နည်းတူ အိမ်နီးနားချင်းတို့လည်း ၎င်းတူမလေးထံအပ်နှံ၍ မိမိတို့၏ သားသမီးများကို သင်ကြား စေခဲ့ကြရသည်။ အထူးဝမ်းနည်းစရာကောင်းသည်မှာ ၎င်းတူမလေးသင်ကြားပြသသော ကျောင်းသား များတွင် ခြောက်တန်းကျောင်းသားလေးတစ်ဦး၊ လေးတန်းကျောင်းသားလေးတစ်ဦးပါရှိလာပြီး ၎င်းက လေးများသည်ပင် ကျွန်ုပ်၏သား သူငယ်တန်းနှင့်အတူ သူငယ်တန်းသင်ခန်းစာများမှ ပြန်လည်သင် ကြားပို့ချခဲ့ရသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ရပေသည်။

ယခုအတိုင်းဆက်လက်၍ သွားနေလျှင်တော့ မြန်မာပြည်၏ပညာရေးလောက ရေစုန်မျောနေသလို တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတို့သည်လည်း ချောက်ထဲမှတက်နိုင်မည်မဟုတ် တိုင်းပြည် တစ်ပြည်၏ အနာဂတ်သည် ယခုပညာသင်ကြားနေသာ ကျောင်းသား၊ ကျောင်းသူများ လက်ထဲတွင် ရှိကြပေသည်။ ကျောင်းသား၊ ကျောင်းသူများ အရည်အသွေးမဲ့နေပါက တိုင်းပြည်၏ အနာဂတ်ဘယ် သို့ ရှိကြပေလိမ့်။

အစကောင်းမှ အနှောင်းသေချာဆိုသလို ပညာရေးတည်ဆောက်မှုတွင် အခြေခံအုတ်မြစ် Founda-tion ခိုင်မာဖို့အထူးလိုအပ်သည်။ သို့မှသာ ကမ္ဘာအဆင့်မီရန် ပညာရေးလောကအမြင်သို့ တက်လှမ်း နိုင်မည် ထိုသို့မဟုတ်ပါက မြန်မာတို့၏ ဘွဲ့ရပညာရေးသည် အိမ်တွင်းဓာတ်ပုံအလှချိတ်ဆွဲထားရန်နှင့် မင်္ဂလာဆောင်သောအခါ အမည်၏နောက်မှဂုဏ်ပုဒ် ဖော်ဆောင်နိုင်ရန်အဆင့်တွင်သာ ရှိနေပေလိမ့် မည်။

မိမိနှင့်ခင်မင်ရင်းနှီးသူ အလယ်တန်းပြကျောင်းဆရာတစ်ဦး၏ ပြောပြချက်အရ မူလတန်းမှ အရည်အ သွေးမမီသော ကျောင်းသားများ၊ အလယ်တန်းသို့ရောက်ရှိလာကြရာ ထိုကျောင်းသားများအတွက် အလွန်အခက်အခဲတွေရှိရကြောင်း နှစ်တန်းမျှ အရည်အသွေးရှိ ကျောင်းသားများငါးတန်းသို့ ရောက်ရှိ လာကြရာ ၎င်းတို့၏ ပညာရေးကို မည်သို့မှ မြှင့်တင်ရန် မဖြစ်နိုင်ကြောင်းနှင့် ထိုကလေးများ၏ ပညာ ရေးအနာဂတ်သည် ဘယ်လိုမှ ထွန်းပေါက်အောင်မြင်ရန် မဖြစ်နိုင်တော့ကြောင်း ပြောပြသိရှိရပါသည်။

ပညာရေးလောကတွင် ခြွင်းချက်အနေနှင့် ငါးဘာသာဂုဏ်ထူးရှင်များ ရှိနေသော်လည်း လက်ချိုး ရည်တွက်နိုင်သော အနေအထားတွင်သာရှိသည်။ ၎င်းတို့၏ အောင်မြင်မှုနောက်ကွယ်တွင် ငွေကြေး နှင့်ရင်း၍ ဝိုင်း၊ ကျူရှင်ပံ့ပိုးကူညီမှုများကြောင့် အောင်မြင်သူများသာများသည်။ စာသင်ကျောင်းတို့၏ သင်ကြားပို့ချမှုကြောင့် အလုံးစုံအောင်မြင်ကြသော ကျောင်းသားများကား မရှိသလောက်ရှားပါး၏။

မိမိတင်ပြလိုသည်မှာ မိဘပြည်သူများ တတ်စွမ်းသရွေ့ ကျောင်းထားပေးသောကာလပိုင်းတွင် ကျောင်းဆရာ၊ ဆရာမများမှ စနစ်တကျ စေတနာထားပြီး သင်ကြားပို့ချခြင်းဖြင့် အရည်အတွက်မှ အရည်အချင်းရှိသော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။ တိုင်းပြည် ၏ စနစ်သစ်ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသော ပြည်သူ့လွှတ်တော်တို့မှလည်း တိုင်းပြည်၏ အနာဂတ်အတွက် ပညာရေးလမ်းကြောင်းကို အောက်ခြေမှစ၍ ထဲထဲဝင်ဝင်လေ့လာပြုပြင်နိုင်ပါရန် တိုင်းပြည်ကို အမှန်တိုးတက်စေချင်သော တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ရေးသားတင်ပြလိုက်ပါသည်။
Written by မြမာလာကိုဝင်းစိုး 
 သတင်းရင်းမြစ် - မီဒီယာဝမ်း သတင်းနှင့်ကဏ္ဍစုံဂျာနယ်

0 comments: