Saturday, May 11, 2013

အဖွတ်ခံနေ့ရက်များ (၂)။ (၃)။


အဖွတ်ခံနေ့ရက်များ (၂)။
 

မြန်မာပြည်မှာ ဝန်ထမ်းနေရာ တခုခုအတွက် ကိုယ်တိုင်လက်တွေ့ အင်တာဗျူးမခံဖူးပေမယ့် အခုခေတ် မြန်မာဇါတ်လမ်းအချို့မှာတော့ မင်းသမီးက အင်တာဗျူးသွားလိုက်ရင် မင်းသားလုပ်သူ သူဌေးက ခန့်လိုက်တာပါပဲ။ မင်းသမီးကလည်း နေရင်းထိုင်ရင်းကို အရမ်းထက်မြက်ပြီး တော်နေတယ်ဆိုပါတော့။
ဂျပန်ရောက်ခါစ သက်တမ်း(၃)လ ကျွန်ုပ်ကတော့ဖြင့် အမလုပ်သူက ကျွန်ုပ်ယောင်ဆောင်ဖုန်းဆက်ပြီး၊ ကျွန်ုပ်ကိုယ်စား ဂျပန်ဘာသာဖြင့် ရေးပေးလိုက်တဲ့ အလုပ်လျှောက်လွှာကို မကျိုးမကျေအောင် ဂရုစိုက်ထည့်လာပြီး လမ်းတလျှောက်မှာလည်း အမ နှုတ်တိုက်လေ့ကျင့်ပြီး Question out ပေးလိုက်တဲ့ ဘာမေးရင် ဘယ်လိုဖြေဆိုရမယ်ဆိုတာတွေကို စိတ်ထဲကရွတ်ရင်း ဆိုင်ရှေ့ရောက်သွားပါတော့တယ်။

ဆိုင်ရှေ့ရောက်တော့ ကျွန်ုပ်နဲ့ သက်တူရွယ်တူ အသက်(၂၅)နှစ်ကျော်ကျော်လောက်ရှိမယ့် အမျိုးသမီးတယောက်ကိုတွေ့တယ်။ အင်တာဗျူးခေါ်ထားလို့ လာတဲ့ မြန်မာလူမျိုး နန္ဒာဖြစ်ပါတယ်လို့ ပြောလိုက်တယ်။ ဂျပန်မှာ စကားပြောရင် (ဦး၊ကို၊မောင်၊မ၊ဒေါ်) သဘောမျိုးဖြစ်တဲ့ (စံ)ဆိုတဲ့ ဝေါဟာရကို ကိုယ့်ကိုကိုယ်ပြောရင် ထည့်မပြောရပါဘူး။ အမျိုးသမီးက ကျွန်ုပ်က ဖြတ်ခနဲ ခြေဆုံးခေါင်းဆုံး တချက်ကြည့်ပြီး ဆိုင်အနောက်ခန်းကို ခေါ်သွားတယ်။
ကျွန်ုပ်ကို ထိုင်ခိုင်းပြီး သူမ ဘာမှ မပြောခင်မှာပဲ ဒီဆိုင်မရောက်ခင် ၂ဆိုင်အလိုလောက်ကတည်းက အိတ်ထဲက အဆင်သင့်ထုတ်ထားတဲ့ လျှောက်လွှာစာအိတ်ကို လက်၂ဖက်နဲ့ ခပ်သွက်သွက်လေး လှမ်းပေးလိုက်တယ်။
အဲလို လုပ်ရတာအကြောင်းရှိတယ်။
ဘာလို့လဲဆိုတော့ အကယ်၍ သူမ တခုခု ပြောလိုက်လို့ ကျွန်ုပ်နားမလည်တဲ့စကားဆိုရင် အင်တာတောင်မဗျူးရသေးဘဲ အမှတ်က လျော့တော့မယ်လေ။ ဒီလောက်တော့ လည်တာပေါ့။ ဘယ်ရမလဲ မြန်မာပဲဟာ။ သူတို့ထက် လည်လို့ ဂျပန်လာပေါ့နော့်။
 
ကျွန်ုပ်လှည့်ကွက်ကို မသိတဲ့ အမျိုးသမီးကတော့ ကျွန်ုပ်ကို တယ်အလိုက်သိတာပဲဆိုတဲ့ အပြုံးနဲ့ တချက်ပြုံးပြီး စာအိတ်ကိုလှမ်းယူ ဖေါက်ဖတ်ပါတော့တယ်။ ဒီ့နောက်မှာတော့ အမ အတွေ့အကြုံတွေအရ သင်လိုက်တဲ့ အတိုင်းကိုပါပဲ။ မေးခွန်းတိုးတယ်ပဲ ဆိုရမလားပဲ။ ဒါမေး ဒါဖြေ ဒီလိုမေး ဟိုလိုဖြေနဲ့ အဆင်ကို ချောနေတာပဲ။ နောက်အတွေ့အကြုံတွေများလာမှ သိလာရတာကတော့ ဂျပန်တွေဟာ ပုံစံခွက်ထဲကို မထွက်ဘူးဆိုကိုပါပဲ။
ဒါနဲ့ပဲ ဂျပန်ရောက်ပြီး (၃)လအကြာမှာတော့ ကျွန်ုပ်ရဲ့ အင်ပလင် အင်တာဗျူးဟာ အူကြောင်ကြားစွာနဲ့ အောင်မြင်သွားပြီးတော့ အလုပ်ရသွားတယ် ဆိုပါတော့။ တစ်နာရီကို ယန်း၈၀၀ (အဲသည့်တုန်းက မြန်မာငွေ ၇ထောင်နီးပါး)၊ တနေ့ကို (၄)နာရီနဲ့ တပါတ်ကို (၆)ရက်ပေါ့။ တလကို ယန်း ၇သောင်း၆ထောင့်၈ရာ(မြန်မာငွေ ၇သိန်းကျော်ကျော်)လောက်ရပါတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်ကျော်က မြန်မာငွေ (၇သိန်း)ပေါ့။
ဒါပေမယ့် အဲသည့်အချိန်မှာ ကျွန်ုပ်တို့နေတဲ့ အိမ်ခန်းက တလကို ယန်း ၈သောင်း၇ထောင်၊ ရေဖိုး လျှပ်စစ်မီးဖိုး ဂက်စ်ဖိုး ဖုန်းဖိုး က တလကို ကျွန်ုပ်တယောက်စာဆိုရင် ယန်း (၁)သောင်းလောက်ကျတယ်။ ကျောင်းလခ မပါသေးဘူး။ စားစရိတ် မပါသေးဘူး။ ခရီးစားရိတ် မပါသေးဘူး။ အဝတ်အစားဖိုး မပါသေးဘူး။
အဲသည့်တုန်းက ကျွန်ုပ်အမနဲ့အကိုသာ မရှိရင် ခွက်လက်ဆွဲကာ တောင်းစားပါလည်း ဂျပန်ဟာ သူတောင်းစား အားပေးတဲ့ နိုင်ငံမဟုတ်လေတော့ အဆင်ပြေမယ်မထင်ဘူး။
ဒီလိုနဲ့ ကျွန်ုပ်အဲသည့်ဆိုင်မှာ ခေါက်ဆွဲပြုတ်ရတယ်။ ပွက်ပွက်ဆူပြီး အငွေ့တထောင်းထောင်းထနေတဲ့ (၂)ပေ ပတ်လည်လောက်ရှိတဲ့ လေးထောင့်ရေနွေးကန်ထဲမှာ ပန်းဂျူံခေါက်ဆွဲအညို နဲ့ ဂျပန်လုပ် ဂျူံခေါက်ဆွဲအဖြူ၂မျိုးကို တမျိုးစီ စတီးဇကာထဲမှာထည့်ပြီး ရေနွေးကန်ထဲမှာ ၃မိနစ်လောက် စိမ်ရတယ်။ စစိမ်ပြီး ၁မိနစ်လောက်ကြာရင် တူနဲ့ တချက်မွှေပေးရတယ်။
အငွေ့က တထောင်းထောင်းထနေတော့ ခေါက်ဆွဲဇကာထဲကို တူနှစ်ပြီး မွှေလိုက်ရင် ကိုယ့်လက်ကိုယ် မမြင်ရတော့ဘူး။ စတီးဇကာရဲ့ အပေါက်က ၃လက်မလောက်ပဲ ကျယ်မယ်။ သူတို့က တူအရှည် သုံးခိုင်းပေမယ့် တူအရှည်ကို ကျွန်ုပ်ကောင်းကောင်း ကျွဒီအခါမှာ ရေနွေးထဲစိမ်ထားတဲ့ စတီးဇကာနှုတ်ခမ်းနဲ့ ကျွန်ုပ်လက်နဲ့ မိတ်ဆက်တဲ့ အကြိမ်ပေါင်း မနည်းခဲ့ဘူး။ အပူလောင်ရာပေါ် အပူလောင်ဆင့်ပြီး အရေပြားက အရည်ကြည်ဖုထချိန်၊ အသားနီလန်ချိန်တောင် မရတော့ပါဘူး။
 
ခေါက်ဆွဲရလာပြီဆိုရင်လည်း စွပ်ပြုတ်ရည်ထဲ မထည့်ခင် ရေစင်အောင် ဇကာကို မြှောက်မြှောက်ပြီး ရေကိုစင်နေအောင် အားကုန်လွှဲခါရတယ်။ ညာညောင်းရင် ဗယ်ပြောင်းသုံးလို့ ညာဗယ်လှည့်ကာ ရေခါသောအခါ ကျွန်ုပ်လက်မောင်း ကြွက်သားများဟာ ညအိပ်ရာဝင်ရင် တဆစ်ဆစ်နဲ့ နောက်နေ့အလုပ်မသွားနဲ့တော့လို့ တဗျစ်ဗျစ် တတောက်တောက် ပြောနေသလိုပဲ။
ဒီလိုနဲ့ တလလောက်ကြာတဲ့အခါမှာတော့ ရေနွေးပူတွေဟာလည်း ခပ်နွေးနွေးဖြစ်လာသလို ခံစားရတယ်၊ ရေစစ်နည်းကိုလည်း အားကုန်မသုံးဘဲ ရေစင်အောင် စစ်တတ်လာတယ်။ ကိုယ့်အလုပ်ကိုယ် နည်းနည်းလေး နိုင်နင်းစပြုလာတော့ ကျွန်ုပ်ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို စပ်စုတော့တာပေါ့။
အလုပ်ထဲရောက်ပြီးမှ သိရတာကတော့ ကျွန်ုပ်ကို အင်တာဗျူးတဲ့ အမျိုးသမီးက အလုပ်ရှင်ရဲ့ သမီးဆိုပဲ။ ဒီတော့ သူက အမျိုးသမီး ဆိုင်ခေါင်း ဆိုပါတော့။ ဂျပန်မှာက ယေဘုယျအားဖြင့် မိန်းကလေးအချင်းချင်းဆို မချိုဘူး။ ယောကျာင်္းလေးအချင်းချင်းဆို ချဉ်တယ်။ မိန်းကလေးနဲ့ ယောကျာင်္းလေးဆိုရင်တော့ ချိုချဉ်လေးဖြစ်သွားတော့ အဆင်ပြေသွားတဲ့ သဘောလေးတွေ ရှိတတ်တယ်။
အခု အလုပ်မှာတော့ ကျွန်ုပ်ကို ဆိုင်ခေါင်းအမျိုးသမီးက မရက်စက်ဘူး။ ကျွန်ုပ်နားမလည်တာတွေကို သင်ပေးတယ်။ ကျွန်ုပ်ကလည်း အလုပ်ကို Dictionary ယူသွားတယ်။ Dictionaryကို သုံးပြီး ကျွန်ုပ်နဲ့သူနဲ့ communication လုပ်ကြတယ်။ သူက မရက်စက်ဘူးဆိုပေမယ့် သဘောတော့ အကောင်းကြီး မဟုတ်ဘူးပေါ့။ ခပ်တည်တည် ခပ်တန်းတန်းပဲ။
 
တနေ့မှာတော့ ဆိုင်ကို လူတယောက်လာတယ်။ အတိအကျဆိုရရင် အရပ်မြင့်မြင့် ဂျပန်အမျိုးသား ခပ်ဖြောင့်ဖြောင့် တယောက်လာတယ်။ အဲသည့်လူကို သူမ မြင်လိုက်တဲ့အချိန်မှာ သူမမျက်လုံးဟာ တလကျော်ကျော်လောက် အတောအတွင်း ကျွန်ုပ်တခါမှ မမြင်ဖူးတဲ့ မျက်လုံးမျိုး ဖြစ်သွားတယ်။
အဖျား၂ဖက်က အမြဲလိုလို အောက်ကို ကုပ်နေတဲ့ သူမနှုတ်ခမ်းစွန်းတွေဟာလည်း ကြေးစည်အနားစွန်းများလိုပဲ အပေါ်ကို ကော့တက်သွားတယ်။ သူမသွားတွေ အားလုံးနီးပါး ဖြူဖွေးကြောင်းကိုလည်း အဲသည့်နေ့မှ ကျွန်ုပ် ကောင်းကောင်းကြီး သိလိုက်ရတယ်။ ဂျပန်စရောက်ကတည်းက ကြားရတဲ့ ဂျပန်သံထဲမှာ အဲသည့်လူကို နှုတ်ဆက်တဲ့ သူမရဲ့ အသံလောက်
ချွဲပစ်တဲ့အသံ တခါမှမကြားဖူးဘူး။

ဘာတွေ ဘယ်လို နှုတ်ဆက်မှန်း၊ ပြောနေမှန်းတော့ အဲသည့်တုန်းက ကျွန်ုပ်နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် နားလည်လိုက်တာတခုကတော့ ဒီလူဟာ လူကောင်ကြီးနေပေမယ့် (small) ဖြစ်နေတယ် ဆိုတာကိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ အမျိုးသားနဲ့ကလေးကို ကျွန်ုပ်နဲ့ မိတ်ဆက်ပေးဖူးတယ်လေ။ ဒီလောက်တော့ လည်တာပေါ့။ ဘယ်ရမလဲ မြန်မာပဲဟာ။ သူတို့ထက် လည်လို့ ဂျပန်လာပေါ့နော့်။
သည့်နောက်မှာတော့ သူမဟာ အရှိန်မသေသေးတဲ့ ဖရိုဖရဲမျက်နှာကို ချွေးသုတ်ချင်ယောင်ဆောင်ပြီး Tissueနဲ့ကာပြီး ကျွန်ုပ်ကို ဆိုင်ခဏကြည့်ထားနော်လို့ဆိုတယ်။ သူမက ဆိုင်ကြည့်ထားလို့ဆိုပေမယ့် ကျွန်ုပ်စိတ်မတော့ သူတို့နောက်ကိုပဲ လိုက်ကြည့်ချင်နေမိပါတယ်။
ဆိုင်ကလည်း ပိတ်ခါနီးပြီမို့ ဒီအချိန်လူသိပ်မလာတော့တာကို သိလို့ပဲ ကျွန်ုပ်တယောက်တည်းကို စိတ်ချလက်ချ ထားသွားသလားတော့ မပြောတတ်ဘူးပေါ့လေ။
ဒါပေမယ့် သူမအတွက် ကျွန်ုပ်ကို စိတ်ချလက်ချ ထားသွားတာဟာ ကိစ္စမရှိပေမယ့် သူမစိတ်ချလက်ချ ထားမသွားသင့်တဲ့ ကိစ္စကတော့ သူမရဲ့ (Big)ကြီး ဘယ်အချိန်ရောက်လာမလဲဆိုတာကိုပဲလေ။
ဆိုင်ပိတ်ချိန် လာကြိုတတ်တာလည်း ၃ခါလောက်တော့ တွေ့ဖူးတယ်။ ဒါပေမယ့် အဲသည့်အချိန်မှာ ကျွန်ုပ်လည်း သူမရဲ့ Big ကြီးကို သတိမရဘဲ စောစောက သူတို့၂ယောက်ပြောတဲ့ စကားတွေကို မှတ်မိသလောက်၊ နားလည်သလောက် ပြန်စဉ်းစားနေချိန်မှာပဲ " ဗြုန်း " ဆို Big ကြီးဟာ ဗွားကနဲ ဆိုင်ရှေ့မှာ View မှာ ပေါ်လာပါတော့တယ်။
 
ဆက်ရေးပါဦးမည်။
နန္ဒာ

ကျွန်ုပ်သုံးခဲ့ရသော ခေါက်ဆွဲပြုတ်စကာများ


ပန်းဂျူံခေါက်ဆွဲညို (SOBA  蕎麦)နှင့် ဂျူံခေါက်ဆွဲအဖြူ(UDON うどん)


ဒီစာကို မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြသော လူငယ်များ၊ ဂျပန်ကို အလုပ်လာလုပ်ချင်သော လူငယ်များအတွက် အဓိကဦးတည်၍ ရေးပါသည်။ ကမ္ဘာ့အလုပ်လုပ်ဆုံး လူမျိုးများလို့ မှတ်တမ်းတင်ခံရတဲ့ တိုင်းပြည်တပြည်ကို ရောက်သွားတဲ့အခါ အခြေခံ လူတန်းစားတယောက်ရဲ့ အလုပ်ခွင်တွင်း တွေ့ကြုံရသော စီးပွားရေး၊ လူမှုရေး ပြဿနာများထဲမှ သင်ခန်းစာများ၊ အတုယူစရာများ၊ ရှောင်ကျဉ်စရာများအား လိုလျှင်ယူနိုင်ရန်သာ ရေးသားခြင်းဖြစ်ပါသည်။ “လောကတွင် ယူသော်ရ၏”။
 
 
အဖွတ်ခံနေ့ရက်များ (၃)

" တာဝန်ယူခြင်းနဲ့ အခွင့်အရေး ခံစားရခြင်း၊ တာဝန်ကိုမှီပြီး အခွင့်အရေးယူခြင်းဟာ တူမလိုလိုနဲ့ လုံးဝ ကွဲပြားခြားနားတယ်။"

ဂျပန်လူမျိုးတို့ရဲ့ လူနေမှုစရိုက်ပတ်ဝန်းကျင်မှာ အိမ်ထောင်ရှိပြီးသား ယောကျာင်္းအငယ်အနှောင်းထားတာ၊ အိမ်ရှင်မတယောက် အမြှောင်နေတာတွေဟာ စာဖွဲ့ရလောက်အောင် ပြောပလောက်တဲ့ အကြောင်းကိစ္စတွေ မဟုတ်တော့ဘူး။ ဝင်ငွေကောင်းတဲ့ အိမ်ထောင်ရှင် ဂျပန်အမျိုးသားတယောက် smallရှိတာ မဆန်းဘူး။ မရှိရင်သာ ထူးဆန်းစွာ ချီးမွမ်းခြင်းခံရမှာ။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာခြင်းရဲ့ ဘေးထွက်ဆိုးကျိုးလို့ပဲ ပြောရမှာပေါ့။
 
ဒါပေမယ့် ကျွန်ုပ်ကြားဖူးသလောက်၊ ကျွန်ုပ်နဲ့ သိကျွမ်းတဲ့ ဂျပန်မှာနေထိုင်ပြီး ဂျပန်အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတဲ့ မြန်မာအမျိုးသားတွေကတော့ အဲဒီလို အငယ်အနှောင်း ပေါ်တင်ကြီးရှိတာမျိုး မကြားဖူးသလောက်ပါပဲ။
ဘယ်လို အကြောင်းနဲ့ပဲ ယူယူ ကိုယ်တရားဝင် လက်ထပ်ထားတဲ့ ဂျပန်အမျိုးသမီးကိုတော့ သစ္စာရှိရှိ မယားမှတ်မှတ် ပေါင်းကြတာတွေ့ရတယ်။

ဒါဟာ မြန်မာတို့ရဲ့ အစဉ်အလာကြီးမားတဲ့ ယဉ်ကျေးမှုအဆုံးအမရဲ့ လွှမ်းမိုးမှုပေါ့။ ဒါကြောင့်လည်း မြန်မာအမျိုးသားများဟာ ဂျပန်အမျိုးသမီးများကြားမှာ မျက်နှာပွင့်ကြတယ်။ မြန်မာယောကျာင်္းဆို မခါးဘူး။ ကျွန်ုပ်အသိ တချို့ဂျပန်အမျိုးသမီးတွေဆို ကျွန်ုပ်ကိုပြောတယ်။ မိတ်ဆက်ပေးနော် မြန်မာယောကျာင်္း အသိရှိရင် မိတ်ဆက်ပေးနော်တဲ့။

ဘာပဲပြောပြော ကျွန်ုပ်ကတော့ အဲဒီလို လူမျိုးခြားအလည်မှာ ဂုဏ်ယူစရာဖြစ်အောင် နေပေးတဲ့ မြန်မာအမျိုးသားများကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်း ကိုယ့်သိက္ခာ၊ ကိုယ့်လူမျိုးသိက္ခာကို စောင့်ထိန်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
 
ကျွန်ုပ်အလုပ်ရှင် ဂျပန်အမျိုးသမီးကတော့ အရင်စာနံပါတ်(၂)မှာ ဖေါ်ပြခဲ့သလိုပဲ အလုပ်များရတဲ့အထဲ ရံဖန်ရံခါမှာ smallနဲ့ bigကြားမှာ ဗျာများရသေးတယ်။ ကျွန်ုပ် ရိပ်မိသွားမှန်းသိလို့ ကျွန်ုပ်ကိုဆို အလုပ်တွေ သိပ်မခိုင်းတော့ခြင်း၊ ကိတ်မုန့် ခဏခဏ ကျွေးပြီး အလုပ်ထဲက အင်မတန်မှ အတင်းပြောတဲ့ အဖွားကြီးတွေနဲ့ မရောဖို့ကိုလည်း ပြောရသေးတယ်။
 
ကျွန်ုပ်ရဲ့ ပင်ကိုယ်အကျင့်က ကျွန်ုပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ လူမှန်သမျှကို စိတ်ဝင်စားတယ်။ သိထားချင်တယ်။ အဲဒီလို တတ်နိုင်သမျှ သိထားခြင်းဖြင့် အဲသည့်လူနဲ့ဆက်ဆံရေးမှာ အရမ်းအသုံးဝင်တယ်။ အဲဒါကြောင့် သိထားချင်ခြင်းပဲဖြစ်တယ်။ အတင်းပြောဖို့ အပုပ်ချဖို့ ကျွန်ုပ်စိတ်မဝင်စားဘူး။ ကျွန်ုပ်ကိုလာပြောရင်လည်း အချိန်ရရင် နားထောင်နေလိုက်တာပဲ။ အလုံးစုံကိုလည်း ဘယ်တော့မှ ယုံလေ့မရှိဘူး။

ဒါပေမယ့် ကျွန်ုပ်အလုပ်ရှင် အမျိုးသမီးနဲ့ကျတော့ အချိန်ရရ မရရ နားထောင်ရမှာက ကျွန်ုပ်အလုပ်လို ဖြစ်လာရော။ သူကလည်း ဘယ်တုန်းက ပြောချင်နေမှန်းမသိတဲ့ သူ့ခံစားချက်တွေကို Dictionaryအားကိုးနဲ့ ကျွန်ုပ်ကို နေ့တဓူဝ ပြောပြပါလေရော။ တခုတော့ ကောင်းတယ်။ သူအဲလိုပြောတဲ့အချိန်ဆို ကျွန်ုပ် အလုပ် လုပ်စရာမလိုဘူး။ (အဲသည့်တုန်းကအတွေးပေါ့နော်)

တနေ့မှာတော့ ဆိုင်မှာလူရှင်းခိုက် ကျွန်ုပ်လည်း ကိတ်မုန့်တလုံးကို ဖြေးဖြေးချင်းဖဲ့စားရင်း သူရင်ဖွင့်တာကို နားလည်လိုက် နားမလည်လိုက်နဲ့ပဲ နားထောင်နေလေရဲ့။ ထိုအချိန်မှာပဲ သူ့အဖေ သူဌေးရောက်လာပြီး ကျွန်ုပ်တို့ကို အချောင်ခိုနေတယ်ဆိုပြီး ဆူပါလေရော။
 
ဂျပန်က စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ စက်ရုံအလုပ်ရုံပဲဖြစ်ဖြစ်၊ စာရေးစာချီပဲဖြစ်ဖြစ် အလုပ်ချိန်မှာ လက်ကအလုပ် လုပ်နေရင်းနဲ့ စကားပြောခွင့်ရှိပေမယ့် ဒီအတိုင်း ဘာမှ မလုပ်ဘဲ ရပ်စကားပြောတာ ထုံးစံမရှိဘူး။ အလုပ်နဲ့လက်နဲ့ ပြတ်လေ့မရှိကြဘူး။

အခုတော့ ကျွန်ုပ်က လက်ထဲမှာ မုန့်တန်းလန်း၊ သူ့သမီးကလည်း လက်ထဲမှာ Dictionaryကြီး တန်းလန်းနဲ့ မိတော့တာပေါ့။ သူဌေးက တူးတူးခါးခါး စူးစူးဝါးဝါး ဆူပါလေရော။ သားအဖချင်းမို့ သူဌေးပြောသမျှကို သူ့သမီးက မနာပေမယ့် ကျွန်ုပ်က နာတယ်။ အလုံးစုံ နားမလည်ပေမယ့် နှလုံးတုန်တက်အောင် နာတယ်။
 
“ကျမက ဦးလေးသမီးပြောလို့ ရပ်နားထောင်နေရတာ၊ တကယ်ဆို ဦးလေးသမီးရဲ့ ရင်တွင်းဖြစ်တွေကို စိတ်မဝင်စားဘူး၊ မုန့်ကလည်း သူကျွေးလို့စားတာ၊ ဦးလေးသမီးနဲ့ အကြိုက်မလိုက်ရင် ကျမကို အလုပ်ထဲမှာ ဂွင်ထဲကနေ ဦးလေးသမီးက ပညာပြတော့ ကျမပဲ ခံရမှာလေ။ ဆူစရာရှိရင် ကိုယ့်သမီးကိုယ်ဆူပါ့လား “ လို့ အားရပါးရ ပြောလိုက်ချင်တာပေါ့နော်။
 
ဒါပေမယ့် တကယ်တမ်းမှာ ကျွန်ုပ် အဲဒီလို ဘယ်ပြောတတ်ပါ့မလဲ။ ကိုယ်နားမလည်တဲ့ ဘာသာစကားတခုရဲ့ ဆူသံပူသံဟိန်းဟံဟောက်သံတွေဟာ နားလည်တာထက်တောင် ပိုပြီးအခံရခက်သေးတယ်ဆိုတာကို အဲသည့်အချိန်မှာ ပထမဦးဆုံး တွေ့ကြုံခံစားလိုက်ရတာပဲ။ ရင်ထဲက စူးပြီးအောင့်လာတယ်။
 
မကျေနပ်စိတ်၊ မခံချင်စိတ်ကြောင့် ဖြစ်ရတဲ့ ဒေါသအပူမီး၊ ပြန်မပြောနိုင်တဲ့အတွက် ဖြစ်ရတဲ့ ဝမ်းနည်းလောင်မြိုက်မှု အပူမီးတွေကြောင့် ကျွန်ုပ်ရင်ဘတ်ထဲက အောင့်လာတယ်။ နောက်ဆုံးတခွန်း မေးသလိုလို ဆူသလိုလို ခပ်ငေါက်ငေါက် ပြောလိုက်တဲ့ စကားကို ကျွန်ုပ်နားလည်တယ်။

အဲသည့်လူကြီးက “ ငါပြောနေတာကြားလား၊ နားလည်လား၊ နားလည်ရင် ဟုတ်ကဲ့ လို့ ပြန်ပြော “တဲ့။ ဒီအခါမှာတော့ ကျွန်ုပ်လည်း တချိန်လုံး ခေါင်းငုံ့ပြီး အဆူခံနေရာကနေ အဲသည့် လူကြီး မျက်နှာကို မော့ကြည့်လိုက်တယ်။ နောက်သူ့မျက်လုံးကို ကြည့်ပြီး တခွန်းပဲ ပြောလိုက်တယ်။

“ ငါနားလည်ပါတယ်၊ အဲဒါကြောင့် ငါ အလုပ်က ထွက်တယ် “ လို့။
 
ဒီ့နောက်မှာတော့ ပြောပြောဆိုဆိုပဲ အတွင်းခန်းထဲဝင်ပြီး Time card သွားရိုက်လိုက်တယ်။ အဝတ်လဲတယ်။ ပြက္ခဒိန်ကို သူတို့ ၂ယောက်ကြားကို ယူလာပြီး လခပေးမယ့်ရက်ကို လက်နဲ့ထောက်ပြပြီး အဲသည့်နေ့ ငါ့ပိုက်ဆံလာယူမယ်လို့ ပြောလိုက်တယ်။ အဲသည့်တုန်းက လခဆိုတဲ့ ဝေါဟာရကိုတောင် အခုလို သွေးပူနေချိန်မှာ မစဉ်းစားဘဲနဲ့ မပြောတတ်သေးဘူး။
 
သူတို့၂ယောက်က ကျွန်ုပ်ကို ဘာတွေလဲ မသိဘူးပြောကြတယ်။ နားထောင်ချင်စိတ်မရှိတော့လို့ ဆိုင်ရဲ့ မှန်တံခါးကို တွန်းဖွင့်ပြီး ထွက်လာတဲ့ အချိန်မှာတော့ အံ့သြခြင်း၊ နားမလည်ခြင်း ၊စိတ်ပျက်ခြင်းတို့နဲ့အတူ ဘယ်လိုလူမျိုးပါလိမ့် ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကျွန်ုပ်ကျောပြင်ကို ကြည့်နေတဲ့ သူတို့ ၂ယောက်ကို တွေ့လိုက်ရတယ်။

အဲသည့်အချိန်တုန်းက ကျွန်ုပ်ရဲ့စိတ်ဓါတ်၊ ကျွန်ုပ်ရဲ့အတွေးအခေါ်နဲ့ ကျွန်ုပ်ရဲ့အတွေ့အကြုံတွေဟာ မြေကြီးထဲက ထွက်ပြီး ကမ္ဘာမြေလောကကို ရောက်ခါစ မျှစ်စို့ပေါက်စနုနုလေးလောက်ပဲ ရှိသေးပါလားဆိုတာကို အဲသည့်တုန်းက ကိုယ့်ကိုယ်ကို မသုံးသပ်တတ်ခဲ့ဘူး။

ကိုယ့်ကိုယ်ကို ကြွေးကျော်လိုက်တာက ငါမာတယ်ပေါ့။ မြေသားမာမာကြီးထဲက ထိုးထွက်ပေါက်လာတဲ့အတွက် ငါဟာ မြေကြီးထက်မာတယ်ဆိုတဲ့ သဘောမျိုးကိုပဲ မြင်တယ်။ ကိုယ့်ကိုယ်ကိုပဲ မြင်တယ်။ ကိုယ်တယောက်တည်းပဲ မြေကြီးကို ဖေါက်ထွက်လာရသလိုလိုပေါ့။ ကိုယ့်ဘေးမှာ အလွန်မြင့်မားစွာ အပြိုင်းအရိုင်းတည်ရှိနေကြတဲ့ ဝါးပင်များဟာ မျှစ်ဘဝကလာတယ်ဆိုတာကို နားမှ မလည်သေးပဲကိုး။

တာဝန်ယူခြင်းနဲ့ အခွင့်အရေး ခံစားရခြင်း၊ တာဝန်ကိုမှီပြီး အခွင့်အရေးယူခြင်းဟာ တူမလိုလိုနဲ့ လုံးဝ ကွဲပြားခြားနားတယ်ဆိုတာကို ကျွန်ုပ်မစဉ်းစားတတ်ခဲ့ဘူး။
 
အဲသည့်တုန်းကတော့ ငါမမှားဘူး။ ငါမှန်တယ်ပေါ့။
 
အလုပ်ကတော့ (၃)လပဲ ခံတယ်။ ပြုတ်သွားပြီ။ အဲ….မှားလို့ ထွက်လိုက်တယ် ဆိုပါတော့။
ဆက်ရေးပါဦးမည်။
နန္ဒာ

ဒီစာကို မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြသော လူငယ်များ၊ ဂျပန်ကို အလုပ်လာလုပ်ချင်သော လူငယ်များအတွက် အဓိကဦးတည်၍ ရေးပါသည်။ ကမ္ဘာ့အလုပ်လုပ်ဆုံး လူမျိုးများလို့ မှတ်တမ်းတင်ခံရတဲ့ တိုင်းပြည်တပြည်ကို ရောက်သွားတဲ့အခါ အခြေခံ လူတန်းစားတယောက်ရဲ့ အလုပ်ခွင်တွင်း တွေ့ကြုံရသော စီးပွားရေး၊ လူမှုရေး ပြဿနာများထဲမှ သင်ခန်းစာများ၊ အတုယူစရာများ၊ ရှောင်ကျဉ်စရာများအား လိုလျှင်ယူနိုင်ရန်သာ ရေးသားခြင်းဖြစ်ပါသည်။ “လောကတွင် ယူသော်ရ၏”။





0 comments: