Wednesday, April 3, 2013

**အင်အားသုံးပြီး ပြဿနာတွေ ဖြေရှင်းတာ မနှစ်မြို့ဟုဆိုခဲ့သော သမ္မတဦးသိန်းစိန်မှ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ တပ်စခန်းများအား ဝင်ရောက် တိုက်ခိုက်ရန် အမိန့်ပေး**


ရှမ်းပြည် မြောက်ပိုင်းတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်း အချိန်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှုး တာဘုန်းကျော်က ပြောပါသည်။

“ကွတ်ခိုင် မြို့နယ် နဲ့ နမ့်ဆန် မြို့နယ်မှာ ရှိတဲ့ ကျနော်တို့ တပ်စခန်းကို အစိုးရ တပ်ဖွဲ့တွေ ဒီနေ့ မနက်ပိုင်းမှာ နှစ်နေရာ စလုံး လာတိုက်တယ်။ ပြင်းပြင်း ထန်ထန်လည်း တိုက်တယ်။ နမ့်ဆန် ဘက်မှာတော့ မနက် ၇ နာရီခွဲက စပြီး ၉ နာရီ အထိ ဖြစ်ခဲ့ ပါတယ်။ ကွတ်ခိုင် ပွဲမှာတော့ မနက် ၁၀ နာရီ ကနေ မွန်းလွဲ တနာရီ အချိန်ထိကို ဆက်ဖြစ် နေဆဲ ပါဘဲ” ဟု ဆိုပါသည်။

နမ့်ဆန် တိုက်ပွဲတွင် ဒုဗိုလ်မှုးကြီး ဇော်လတ် ဦးဆောင်သော ခမရ ၅၀၄ တပ်ပေါင်းမှ စစ်ကြောင်း တကြောင်းသည် နမ့်ဆန်မြို့ အနောက်ဖက် ၃ မိုင်ခန့် ရှိသည့် နမ်းဖိုက်ခေါင် ကျေးရွာဖက်မှ TNLA တပ်ရင်း ၂၅၆ ၏ ယာယီ စခန်း တခုကို လာရောက် တိုက်ခိုက်ခြင်း ဖြစ်ပြီး အစိုးရ ဖက်မှ (၁၀) ဦးခန့် ကျဆုံး နိုင်ကြောင်း TNLA ဘက်က ဆိုပါသည်။

နောက်တပွဲမှာ ကွတ်ခိုင် မြို့နယ် လုံကန် ကျေးရွာ အနောက်ဖက် ၂ မိုင်ခန့် ရှိသည့် သာပန်းကုန်းနှင့် ရှာပန်းကုန်း ကျေးရွာ များဖက်မှ TNLA စခန်းကို အဆိုပါ ခမရ ၅၀၄ တပ်ပေါင်းမှ စစ်ကြောင်း တကြောင်းက နေ့လည် တနာရီ အထိ ဆက်လက် တိုက်ခိုက် နေခဲ့ ပါသည်။

အစိုးရ တပ်ဖွဲ့ များသည် ကွတ်ခိုင် မြို့နယ် နမ့်လိတ်တော ကြောရှိ TNLA တပ်ရင်း (၁၀၁) ၊ (၁၁၂) တပ်ဖွဲ့ များအား စစ်ဆင် နေခဲ့ရာ ယမာန်နေ့ ကလည်း ခလရ ၄၅ အပါဝင် ခမရ ၅၀၂ ပူးပေါင်း တပ်ဖွဲ့ နှင့် လုံကန် ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။

“ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ ကလည်း ပန်းကန် ဖက်မှာ နေရာ ဖယ်ပေးပါ ဆိုပြီး အကြောင်းကြား ခဲ့လို့ ကျနော်တို့က ဖယ်ပေး ခဲ့တယ်။ ဖယ်လည်း ပြီးရော ဒီနမ့်လိတ် တောင်ကိုပါ ထပ်မံ ဖယ်ခိုင်း ပြန်တယ်။ ဆိုတော့ ကျနော်တို့ သံသယ ဖြစ်လာတယ်။ ဒါနဲ့ မဖယ်တော့ဘူး ဆိုပြီး အကြောင်းပြန် လိုက်ပါတယ်။ ဒီတော့ မကြာပါဘူး သူတို့က တက်လာပြီး တိုက်တော့ တာဘဲဗျ" ဟု တအာင်း တပ်မှူး တဦးက ဆိုပါသည်။

ဤကဲ့သို့ ဆုတ်ခွာ ပေးခြင်း မရှိသဖြင့် အင်အား (၁၀၀) ခန့် ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်းသည် မတ်လ (၂၁) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် TNLA တပ်များအား တနာရီကျော် လာရောက် တိုက်ခိုက် ခဲ့ပါသည်။ ဤတိုက်ပွဲ တွင် အစိုးရ တပ်ဖွဲ့ဘက်မှ (၁၀) ဦးကျပြီး (၅) ဦးထက် မနည်း ဒဏ်ရာ ရရှိ သွားသည်ဟု တအာင်း တပ်ဖွဲ့ ဘက်က ဆိုပါသည်။ တိုက်ပွဲကို နမ့်လိတ် တောင်ကြော၌ အခြေ စိုက်သော TNLA တပ်ခွဲ (၁) နှင့် KIA တပ်ရင်း (၈) တပ်ဖွဲ့ တို့က ပူးပေါင်းပြီး ခုခံ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။

ဤတိုက်ပွဲသည် TNLA တပ်များ နမ့်လိတ် တောင်ကြောပေါ်မှ ဆုတ်ခွာပေးရန် ရာဇသံ ထုတ်ပြီး တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါ သည်။ ဤကဲ့သို့ ရာဇသံထုတ် တိုက်ခိုက်ပြီး နောက်တနေ့ ဖြစ်သော မတ်လ (၂၂) ရက်နေ့ တွင်လည်း အစိုးရ တပ်များသည် TNLA တပ်များကို ဆက်လက် တိုက်ခိုက် နိုင်ရန် သာပန်းကုန်းနှင့် ရှာပန်းကုန်း ကျေးရွာ ဖက်သို့ နေရာယူ လာခဲ့ ပြန်ရာက ယခုထိ တိုက်ပွဲ ဖြစ်နေ ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ၏ ဤစစ်ဆင်ရေး စီမံချက်သည် ပြီးခဲ့သည့် မတ်လဆန်းမှ စတင်ခဲ့ပြီး နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်း မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ်၌ ရှိသော TNLA တပ်ဖွဲ့ များအား တိုက်ခိုက် နိုင်ရန် တပ်အင်အား (၁၀) ရင်းမှ (၁၆) ရင်းအထိ တဖြည်းဖြည်း တိုးချဲ့ ထားသည်ဟု ဆိုပါသည်။

ဤသို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသော ကြောင့်လည်း TNLA နှင့် အစိုးရတို့ အပစ်ရပ်ရန် တွေ့ဆုံ ဆွေးနွေး နေမှုများ ကိုလည်း နောင့်နှေး စေလျက် ရှိကြောင်း ဆိုပါသည်။
နမ့်လိတ် တောင်ကျောသည် စစ်ဗျူဟာ အရ အရေကြီးသော နေရာ တောင်ကုန်း ဖြစ်သဖြင့် ဆုတ်ခွာ ပေးရန် မဖြစ်နိုင်ဟု TNLA က ဆိုပါသည်။ ဤတောင်ကုန်း၏ အရေးပါ မှုကြောင့် ၂၀၁၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ တွင်လည်း KIA အား အစိုးရက တိုက်ခိုက် လိုက်သဖြင့် (၁၉၉၄) ခုနှစ်က ရယူ ထားသော နှစ်ဖက် အပစ်အခတ် ရပ်စဲ ရေးလည်း ပျက်ပြား ခဲ့ရ ပါသည်။ 

သတင်းရင်းမြစ် - ရွှေင်္ဟသာ သတင်းဌာန

0 comments: