Tuesday, April 9, 2013

ကျွန်တော်နဲ့ရန်ကုန်လေဆိပ်မှ စားပွဲတစ်လုံး


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကျနော်မုန်းတဲ့ကောင်တာ စားပွဲလေး တစ်လုံးရှိပါတယ်။ သက္ကရဇ် 2000 ကစလို့ ကျနော် မလေးရှားကနေ မြန်မာပြည်ကို ပြန်လည်ဖြစ်တဲ့လေးကြိမ်တိုင်းမှာ အဲ့ဒီ့ကောင်တာ ကလေးရဲ့ဆက်ဆံရေးက ကျနော့ အပေါ်မပြောင်းလည်းသေးပါဘူး။

သစ္စာရှိတုန်းပါပဲ။ လူတွေဘယ်လောက် ပြောင်းပြောင်း သူထားခဲ့တဲ့မူ ကတော့ ခုထိ မဟောင်းနိုင်သေးဘူးလေ။ သူ့ရဲ့ ဆက်ဆံရေး ဘယ်လိုဆိုတာ ကျနော် တစ်ယောက်တည်းတင် မကပဲ ပြန်ဖူးတဲ့သူတော်တော် များများလည်း သိပြီးသား ဖြစ်နေလောက်ပြီ ထင်ပါတယ်။သူတင် ဆက်ဆံရေး
ကောင်းတာ မဟုတ်ပါဘူး။ အင်မီဂေးရှင်းက အကိုတစ်ချို့လဲ ကောင်းကြပါသေးတယ်။



ဝင်လာလာခြင်း နုတ်ခွန်းဆက်ရှာပါတယ်။ လိုအပ်တာတွေ ရေးလို့အပြီးမှာ ပြုံးလျှက် (ညီလေး တစ်ခုခု လုပ်ပေးခဲ့ဦးလေကွာ )တဲ့။ လေသံမာမာနဲ့ ပြောတာ မဟုတ်ပါဘူး။ တစ်ဖက်လူ နားဝင်အောင် ခပ်တိုးတိုးလေး ပြောတာပါ။ ကျနော်ကလဲ လေဆိပ်ရဲ့ အထာတွေကို နပ်နေပြီဆိုတော့ ဘာကို ဆိုလိုတယ်ဆိုတာ သဘော ပေါက်ပြီးသားလေ။ ခက်နေတာက ကျနော်တို့ကလဲ ချမ်းသာလို့မြန်မာပြည်ကို ပြန်နေတာမှ မဟုတ်ပဲဗျာ။ အဲ့ဒီ့တော့ ဈေးနဲနဲ ညှိရတာပေါ့နော်။ ညှိရတယ်ဆိုလို့ ကျနော့် ပက်စပို့မှာ ဘာမှ မမှန်တာ မရှိဘူးနော်။ ပါမစ်ကအစ အခွန်ဆောင်ထားတာ အဆုံး အားလုံး အမှန်တွေကြီးပဲ။အပြစ်မယူရက်ပါဘူး။ ဒီလိုတောင်းရမယ်လို့ မိရိုးဖလာ ခွင့်ပြုထားတဲ့ ဥပဒေများ ရှိနေလားမှမသိတာ။

အဲ့ဒါနဲ့ကျနော်လဲ မလေးရှားမှာ ကျတဲ့ချွေးတွေ မခြောက်သေးပဲ စိုနေတဲ့ ဆယ်တန်အနီလေး နှစ်ရွက်ကို လူမမြင်အောင် ထုတ်ကာပေးခဲ့မိတယ်လေ။ ကိုယ်ချင်းစာပေးလို့ရပါတယ်။ သားသမီးမကောင်း မိဘခေါင်း ဆိုသလိုပေါ့နော်။ တင်းကျပ်တဲ့အုပ်ထိမ်းမှုအောက်မှာ ကိုယ့်ပါကိုယ် သတ္တိရှိနေတာဆိုရင်တော့ တစ်မျိုးပေါ့။ ကျေးဇူးတင်ရမှာက ကျနော်တို့ သဒ္ဒါသလောက် ယူရှာပါတယ်။ အော် ....စကားက ပြောနေရင်းနဲ့လမ်းကြောင်း လွဲသွားတယ်။ ကျနော်မုန်းတဲ့ကောင်တာလေးအကြောင်းဆက်ပြောပါဦးမယ်။အင်မီဂေးရှင်းဖြတ်ပြီး ဘက်ဂေ့ယူတဲ့ အနားက ကောင်တာလေးပါ။ ဘက်ဂေ့တွေလည်နေတဲ့
အနားကို လူရောက်ပြီဆိုတာနဲ့ လူငယ်တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် အနားကို ကပ်လာပါတော့တယ်။ လေယဉ်ကွင်းက ၀န်ထမ်းလား၊ စေတနာ့ဝန်ထမ်းလား၊ ဘက်ဂေ့ကောင်တာကို ကန်ထရိုက် ဆွဲထားတဲ့သူလားတော့ မသိဘူးခင်ဗျ။ လည်ပင်းမှာ ဘာကဒ်မှ ဆွဲထားတာလဲ မတွေ့ရဘူး။ယူနီဖောင်းလဲ ၀တ်ထားတာ မဟုတ်တာ့မှန်းလို့ မရဘူးပေါ့နော်။ ကျနော် ပြန်နေကြ အခေါက်တိုင်းမှာ ကြား နေကြစကားလေး တစ်ခွန်းကလဲ ခုချိန်ထိ မပြောင်းလည်းသေးဘူးခင်ဗျ။ ( အကို အိတ်တွေကို မမွှေစေချင်ရင် နဲနဲပါးပါးကြည့် လုပ်ပေးသွားလိုက်ပါ )တဲ့။ (ကျနော် တစ်ခါတည်း တွန်းပြီး ထွက်သွားပေးလိုက်မယ်) တဲ့။ အဲ့ဒီ့စကားလေး တစ်ခွန်းက လေဆိပ်ဝန်းထမ်းတွေရဲ့  သင်ရိုးညွှန်းတမ်းထဲမှာ ပါများနေသလားဆိုတာ လေဆိပ်နဲ့ နီးစပ်သူတွေကို မေးကြည့် ရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ ပြောင်းသွားပေမယ့် ခုချိန်ထိ ပြောတဲ့စကားတွေက တူနေသေးတယ်လေ။နဲနဲစဉ်းစားစရာဖြစ်နေပြီ။

အဲ့ဒါနဲ့ကျနော်လဲ အိပ်ထဲက လက်ကျန်ငွေလေးကိုကြည့်လိုက်တော့ 19 ကျပ်လားပဲကျန်တော့တယ်လေ။ကျနော်က ဒါအကုန်ပဲဆိုပြီးထုတ်ပေးလိုက်တော့ ( အကိုကလဲဗျာ ...ဒီလောက်လေးပဲလား မြန်မာငွေနဲ့တွက်ကြည့်ရင် ဘာရမှာမို့လို့လဲ )တဲ့ဗျာ။ကျနော်လဲ ပိုက်ဆံအိပ်ဖွင့်ပြီးပြလိုက်တယ်လေ။

 တကယ်ကို ဘာမှမရှိတော့တာ။ ဘယ်လိုလုပ်ပြီး ထပ်ပေးလို့ရမလဲ။ တကယ်လို့များ ပိုက်ဆံ တစ်ပြားမှ ပါမလာရင် လေဆိပ်မှာ ညအိပ်ရမလို ဖြစ်နေတယ်။ ဒါမှမဟုတ် အိတ်တွေကိုနောက်နေ့မှပိုက်ဆံနဲ့လာရွေးရမလိုဖြစ်နေတယ်။သူတို့လိုချင်တဲ့ ငွေ amount မရတော့ အပြုံးဆိုတာလဲ ဝေလာဝေးပေါ့ဗျာ။ကျနော်ပြောချင်တာက အဲ့ဒီ့ကောင်တာကလူတွေက အင်မီဂေးရှင်းလောက်သဘောမကောင်းဘူးခင်ဗျ။ပေးတာယူ ကျွေးတာမစားဘူး။ လူကို ကွန်ပလိန်းပြန်ပြန်တက်တယ်။

အော် ...2004 ခုနှစ်တုန်းက အဖြစ်အပျက်လေးတစ်ခုကို သတိရလို့ပြောရဦးမယ်။အဲ့ဒီ့တစ်ခေါက်ပြန်လာတုန်းက ထုံးစံအတိုင်းပဲ အထက်ကပြောခဲ့တဲ့စကားလေးနဲ့နုတ်ခွန်းဆက်ရှာတယ်။ကျနော်လဲ အိတ်တွေဆွဲရလို့ ပင်ပန်းပြီးစိတ်နဲနဲတိုနေချိန်ဆိုတော့ ပိုက်ဆံတစ်ပြားမှမပေးဖြစ်လိုက်ဘူးလေ။ဒါနဲ့ကျနော့ရဲ့ ဘက်ဂေ့ကိုစားပွဲပေါ်မှာတင်ပြီးဖွင့်ကြည့်မယ်တဲ့လေ။ခက်ထားတဲ့သော့က အလွယ်တကူရှာမရလို့ အိတ်ရဲ့ဇစ် ကိုအချွန်နဲ့ထိုးခွဲပြီး ကြက်ယက်သလို မွေနောက်ကျပါတော့တယ်။အိတ်အသစ်ကြီးရဲ့ဇစ်လဲ သုံးလို့မရတော့အောင် ပျက်စီးသွားပါတယ်။ကျနော်တစ်ခုစဉ်းစားမိတယ်။သူတို့က ဘာကိုလိုချင်တာလဲ။ ဘာဖြစ်လို့ အသည်းအသန်ရှာနေရတာလဲ။လေယဉ်ကွင်းလုံခြုံရေးအတွက်
ဗုံးတွေဘာတွေ ရှာတာဆိုရင်တော့ ဒီအဆင့်ရောက်မှရှာနေလို့အပိုပဲလေ။တကယ်လို့များ ကျနော့ရဲ့အိတ်ထဲမှာ ဗုံး၊ ဒါမှမဟုတ် သေနတ်၊ မူးယစ်ဆေးဝါးတစ်မျိုးမျိုး ကိုမဆိုထားနဲ့ ဓါးမြောင်လေးတစ်ချောင်းပါလာရင်တာင် မလေးရှားလေယဉ်ကွင်းရဲ့ လုံခြုံရေးစစ်စတန်တွေကသိပါတယ်။
ကျနော်လဲ မြန်မာပြည်ကိုတောင်ရောက်လာမှာမဟုတ်တော့ပါဘူး။

ပြီးတော့လဲ ကျနော်တို့ဘက်ဂေ့တွေဆိုတာ လေယဉ်ပေါ်ကိုမတက်ချင်အချိန်ထဲက စစ်ဆေးပြီးတာနဲ့ကိုင်ခွင့်တောင် ရှိတော့မှ မဟုတ်တာ။ ဒီဘက်ကိုရောက်တော့လဲ သူတို့ရှေ့မှာ တခါတည်း ဆွဲယူလာတာ မြင်နေတာပဲလေ။အဲ့ဒါကိုအသည်းအသန်မွှေပြီးရှာနေတယ်ဆိုတော့ စဉ်းစားစရာပါပဲ။ မလေးရှားရဲ့ လုံခြုံရေးစစ်စတန်နဲ့ ပစ္စည်းတွေက ရန်ကုန် လေဆိပ်လောက် စိတ်မချရလို့လာ။ ကျနော့ သဘောအရဆိုရင်တော့ အဲ့ဒီ့ကောင်တာက အပိုသက်သက်များဖြစ်နေသလားလို့ပါ။မလေးဘက် လေဆိပ်အထွက်မှာလဲ ရဲလေး နှစ်ယောက်လောက်နဲ့ အဲ့ဒီ့လို ကောင်တာလေးရှိပါတယ်။ ဒါပေမယ့်လူကိုတစ်ချက်ကြည့်ပြီး ပြီးသွားတာပဲလေ။ အရမ်းကြီး မသင်္က္ခာမှပဲ ခေါ်စစ်ကြတာပါ။အပြုံးလေး ပေးလိုက်ရုံပါပဲ။ ရန်ကုန်လေဆိပ်ကတော့ ခက်တယ်ဗျို့။ပြုံပြလဲမရ ငိုပြလဲမရနဲ့ဗျာ။ ငွေချမှ ထွက်ခွင့်ရတဲ့ဘ၀လေ။

ကျနော့်စကားကို ပြန်ဆက်ပါရစေ။ မျက်စိရှေ့မှာ ကျနော့အိတ်ကို မှောက်မချခင် ပါလာတဲ့ဆယ်တန်သုံးရွက်ကို ထုတ်ပေးလိုက်ပါတော့တယ်။ ဒါတောင်မှ အိတ်ကိုမွှေတဲ့ကောင်တာက မမချောလေးက ခွင့်မလွတ်သေးဘူးခင်ဗျ။ (ရှင်ပေးတဲ့ပိုက်ဆံသုံးဆယ်က ကျမတို့အဖွဲ့ဘာလုပ်လို့ရမှာလဲ )တဲ့။ ကျနော်လဲ စကားတွေအများကြီးထပ်မပြောချင်တော့တာနဲ့နောက်ထပ်ဆယ်တန်နှစ်ရွက် ထုတ်ပေးလိုက်မှ မျက်နှာမှာ ပြုံးရောင်နဲနဲလေးသန်းလာပါတော့တယ်။ကျနော်လဲ ဟစ်တလာရဲ့ အော့ဇဝေ့အကျဉ်းထောင်ကြီးထဲကနေ လွတ်မြောက်လာတဲ့ပီတိမျိုးနဲ့မိသားစုကို လက်ဆွဲနုတ်ဆက်နိုင်တော့တယ်လေ။

နောက်ဆုံးအနှစ်ချုပ် အနေနဲ့ပြောရရင်တော့ ကျနော်တို့ မြန်မာပြည်အနေနဲ့ဒီမိုကရေစီ ပန်းတိုင်ကိုေ ရှာက်လှမ်းနေတဲ့အချိန်မှာ ပထမဦးဆုံး ခြေလှမ်းတွေကအစ အဖျက်ပ ယောဂတွေ မပါလာစေချင်တာ အမှန်ပဲလေ။ပြီးတော့ ၀န်ထမ်းတိုင်းကလဲ မိမိတို့ကိုယ်တိုင်ရဲ့နားလည်မှုလေးတွေနဲ့ ခေါင်းပေါ်မှာချိတ်ထားတဲ့ ဆောင်ပုဒ်လေးတွေကို တက်နိုင်သလောက် အလေးထား စေလိုပါတယ်။အထူးသဖြင့် အမည်မဖော်တဲ့အကောင့်တွေနဲ့ သတင်းပေါင်းစုံအွန်လိုင်းပေါ်ရောက်နေတဲ့ခေတ်ကြီးထဲမှာ ခြင်တစ်ကောင်သားဖွားဖို့အတွက်တောင် မလွတ်လပ်တော့ဘူးဆိုတာကို သတိထားစေလိုပါတယ်။ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတဲ့ စကားပုံလေးအတိုင်း ကျနော်တို့မြန်မာပြည်သားတွေအားလုံး တစ်ဦးမကျန် စိတ်ဓါတ် စည်းကမ်းကအစ အားလုံးကောင်းနေပြီဆိုရင်တော့ ဒီမိုကရေစီဆိုတဲ့ပန်းတိုင်ကလဲ ဘယ်ကိုမှရွေ့မသွားမှာသေချာပါတယ်။

ဒီပို့စ် လေးက ကျနော့ရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးတွေမလို့ အမြင်တူတဲ့သူများလက်ခံတယ်ဆိုရင် ထပ်ပြီးရှယ်သွားပေးကြပါ။တကယ်လို့သဘောထားသေးတယ်လို့ယူဆတယ်ဆိုရင်တော ပေါက်ကရတွေ မရေးသွားပဲ မသိချင်ယောင်ဆာင် သွားပေးပါ လို့မေတ္တာရပ်ခံပါတယ်။

ကိုဇော်( မလေးရှား )
Ko Zaw(FB)စာမျက်နှာမှ

0 comments: