Saturday, April 27, 2013

ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ လယ်သမားတွေ တောင်းဆို

ညောင်ပင်သာရဲစခန်းကို ချီတက်ဆန္ဒပြတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့က ရှေ့ဆက်မသွားဖို့ စည်းတားပိတ်ဆို့ထားစဉ်
photo: RFA/ Moe Thu Aung
2013-04-26

မုံရွာခရိုင် ကြေးနီစီမံကိန်းနယ်မြေက လက်ပံတောင်းတောင်ခြေမှာ ဧပြီလ ၂၅ ရက် မနေ့က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေ တင်းမာမှုဖြစ်ရာကနေ အဖမ်းခံထားရသူ ၃ ဦးကို ပြန်လည်လွှတ်ပေးဖို့ ဒီကနေ့ဧပြီလ ၂၆ ရက်နေ့မှာ ရာနဲ့ချီတဲ့ ဒေသခံတောင်သူ လယ်သမားတွေက ချီတက်တောင်းဆိုကြပါတယ်။

မနေ့က ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအ၀င် ဒေသခံ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ထိန်းသိမ်းထားတာပါ။

ဒီနေ့လယ်သမားတွေဟာ ကြေးနီစီမံကန်းအနီး တုံရွာထိပ်ကနေ ညောင်ပင်သာရဲစခန်းအထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ကြရာမှာ ၀က်မှေး-ကန်တောရွာသစ်ကြီးထိပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက တားမြစ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်တဲ့ ဒေသခံတွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက်လာတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ တားမြစ်ရတာဖြစ်တယ်လို့
မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းက ပြောပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအ၀င် ဒေသခံ ၂ ဦး အဖမ်းခံထားရတယ်လို့ သိရပါတယ်
 
Copy from - RFA Burmese

0 comments: