Thursday, April 18, 2013

တိုင်းရင်းသား လူနည်းစု အခွင့်အရေး များ ကို အလေးမထားပဲ နိုင်ငံ့တည်ငြိမ်အေးချမ်းရေး မရနိုင်ပါ။

 
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရန်ကုန်၊ မန္တလေး လို မြို့ကြီး ပြကြီးများမှာ နေထိုင်သူများက သူတို့ ဒေသ နဲ့ မဆိုင်၊ တိုင်းရင်းသား ဒေသမှာ ဖြစ်နေတာပဲ၊ ဖြစ်တဲ့လူခံပေါ့၊ ဆိုပြီး ထင်နေတဲ့ လူတွေ အများကြီးပါ။
 
ပြီးခဲ့တဲ့ ကချင်စစ်ပွဲသတင်းများ နှင့် ပတ်သက်ပြီး ဖစ်ဘွတ် စာမျက်နှာမှာ ကွန်မန့်ပေးသူ တော်တော်များများက ခင်များတို့ ကေအိုင်အေ ကြောင့် ခင်များတို့ ကချင်ပြည်သူတွေပဲ ဒုက္ခရောက်တာပဲလေ၊ ငါတို့နဲ့တော့ ဘာမှ ထိစရာ အကြောင်းမရှိဘူး ဆိုပြီး ပြောနေတာ တွေ့ရပါတယ်။

၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာတော့ ကျောင်းသား သူရဲကောင်းတွေ တော်တော်များများ ပေါ်လာတယ်။ သူတို့ အဓိက ဆန့်ကျင်နေတာ စစ်အာဏာရှင်ပါ။ ရန်ကုန်သားတွေက စစ်အာဏာရှင် ဖြုတ်ချရမယ် ဆိုတာလောက်ပဲ သိကြပါတယ်။ အဲဒီ စစ်အာဏာရှင် ဘာဖြစ်လို့ ပေါ်လာရတယ် ဆိုတဲ့ အရင်းအမြစ် ကို စဉ်းစားတဲ့လူ သိပ်မရှိပါဘူး။

မြန်မာနိုင်ငံရဲ့ အဓိက ကျရှုံးခန်းဟာ စစ်အာဏာရှင် တသုတ် ကြောင့် ဖြစ်တယ်၊ ဆိုတာလောက်တော့ လူတိုင်းက မြည်းစမ်းပြီးသားမို့ လက်တွေ့ဘ၀ နဲ့ အခြေခံကျကျ သိနေတဲ့ အချက် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ စစ်အာဏာရှင်တွေဟာ ဘာဖြစ်လို့ ပေါ်လာတယ်။ ဘယ်က စလာတယ်၊ ဘယ်လို အဆုံးသတ်ရမယ်၊ ဆိုတာကို သိပ်မသိကြပါဘူး။ အခုလဲပဲ စစ်အာဏာရှင် နောက်ပြန်လှည့်မှာကို သွေးလန့်နေကြတာ
အမှန်ပါ။ ဒီတော့ ဘယ်လို အကြောင်းအချက်တွေက စစ်အာဏာရှင် နောက်ပြန်လှည့်စရာ ခိုင်လုံတဲ့ အကြောင်းပြချက် ဖြစ်လာမလဲ ဆိုတာ စဉ်းစား ရအောင်ပါ။

အာဏာရှင် ဦးနေ၀င်း အာဏာ ရလာတဲ့ အကြောင်းပြချက် အတိုချုံး ပြောရမယ် ဆိုရင် တောင်ကြီး ညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက ဖက်ဒရယ်မူ အတွက် တခဲနက် ထောက်ခံခဲ့ပြီး တိုင်းရင်းသား ပြည်နယ်တွေ ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးရေး အတွက် စိတ်ကူးယဉ် ခဲ့ကြပါတယ်။ ပင်လုံ ညီလာခံမှာ မပါခဲ့သော တခြား တိုင်းရင်းသား များလဲ တောင်ကြီးညီလာခံမှာ ပါလာပါတယ်။ ပင်လုံ ညီလာခံ ကတော့ ကချင်၊ ချင်း၊ နဲ့ ရှမ်း တွေပဲ ပါတယ်။ ဆိုပြီး အတွန့်တက်စရာ ရှိပေမယ့်၊ တောင်ကြီးညီလာခံဟာ ကျန်တိုင်းရင်းသား အားလုံးလဲ ဖက်ဒရယ်မူ ကို လက်ခံတယ် ဆိုတာ ငြင်းလို့ မရတဲ့ သက်သေ ဖြစ်ခဲ့ပါတယ်။

ဒီအချက် ကို နိုင်ငံတော် ပြိုကွဲဖို့ လုပ်လာတယ် ဆိုပြီး စစ်ခေါင်းဆောင် တွေက ၀ါဒဖြန့်ခဲ့ပါတယ်။ အမှန်ဆိုရင် အဲဒီတုန်းက ပြိုကွဲစပြုလာတဲ့ နိုင်ငံတော်ကို တစုတစည်းထဲ ပြန်ဖြစ်အောင် လက်နက်ကိုင် တော်လှန်ရေးသမား အားလုံးလဲ ရပ်သွားအောင် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက အကြံထုတ်ခဲ့တာပါ။ ဒါပေမယ့် လူပိန်းကြိုက် စစ်ခေါင်းဆောင် တွေက လက်တလုံးခြား လက်မတင်လေး ကာကွယ်ခဲ့ပါတယ်၊ ဆိုတဲ့ စကားနဲ့ပဲ အာဏာရှင် တက်လုပ်ပါတော့တယ်။ တိုင်းရင်းသား နိုင်ငံရေးသမားများ၊ ဇော်ဘွားများ၊ ဒူဝါ အများအပြားလဲ ဖမ်းဆီးခံ၊ လူမသိ သူမသိ သုတ်တင်ခံခဲ့ရပါတယ်။ ဒါကို ဗမာ နိုင်ငံရေး ခေါင်းဆောင်တွေက လက်ပိုက်ကြည့်နေခဲ့တာပါ။ တချို့ကတော့ အားပေး အားမြောက်လုပ်တဲ့ လူတွေတောင် အများကြီးပါ။ တမျိုးပြောရရင် တိုင်းရင်းသား အခွင့်အရေး ကို ဗမာ လက်အောက်က မလွတ်ချင်တဲ့ လူမျိုးရေး စိတ်ဓါတ်ကနေ မြန်မာ့ အာဏာရှင် စနစ် စတင်လာတယ် ဆိုရင် မမှားပါဘူး။

သို့သော်၊ အချိန်ကြာလာတာနဲ့ အမျှ အဲဒီ အစက သူတို့ လူမျိုးအတွက် ရှေ့ဆောင်လမ်းပြ ခေါင်းဆောင် လို့ ထင်ထားတဲ့ စစ်အာဏာရှင်တွေရဲ့ ဆိုးကျိုးကို သိလာပါတော့တယ်။

တိုင်းရင်းသား ဒေသတွေမှာ သတ်ဖြတ်နေတဲ့ ဗမာ စစ်တပ်ကို အားမပေးရင်တောင် မဟန့်တား ကြပါဘူး။ ဒါပေမယ့် အဲဒီ စစ်တပ်ဟာ လူသတ်ရင်း၊ သတ်ဖြတ်ရင်း အာဏာပိုကြီးလာတယ် ဆိုတာ သူတို့ မသိခဲ့ပါဘူး။ အီရန် အီရတ် စစ်ပွဲကြောင်း ဆက်ဒမ်ဟူစိန် ရဲ့ အာဏာရှင် စနစ်ဟာ အမျိုးသားခေါင်းဆောင် သူရဲကောင်း ဆန်ဆန် တောင် ဖြစ်လာခဲ့တယ်၊ ဆိုတာ သမိုင်းသက်သေ ဖြစ်ပါတယ်။

မြန်မာ့ သူရဲ့ကောင်းဘွဲ့ရတွေလဲ စစ်သမိုင်းပြတိုက်မှာ အများကြီး ပြထားပါတယ်။ ဂျပန်ခေတ် နဲ့ အင်္ဂလိပ်ခေတ်က သူရဲကောင်းထက် တိုင်းရင်းသား သတ်တဲ့ သူရဲကောင်းစာရင်းက အများကြီးသာပါတယ်။ အဲဒီ သူရဲကောင်း စာရင်း ရဲ့ ရလဒ်ကတော့ မြန်မာပြည်ကြီး ဒေသတွင်း အချမ်းသားဆုံး နိုင်ငံကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ အဆင့်ကို ထိုးကျသွားတဲ့ အချက်ပါပဲ။

အခုလဲပဲ အာဏာရှင် ပြန်လာမလား ဆိုပြီး သွေးလန့်နေသူများကို အချက်ပေးချင်တယ်။ အာဏာရှင် ဆိုတာ သူတို့ကို သူရဲကောင်းဘွဲ့ပေးတဲ့ အသိုင်းအ၀ိုင်းကနေလာပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ကြောင့်သာ စစ်အင်အားလိုနေတယ်။ အဲဒီ စစ်အင်အားကြောင့် စစ်ဗိုလ်ချုပ်တွေ အာဏာထွားလာတယ်။ ပြည်တွင်းစစ် ဒီထက်ပိုရှည်ရင် စစ် အာဏာရှင် ပြန်လာမယ်။ ဆိုတာပါပဲ။

ဒီတော့ ဘယ်လိုလုပ်မလဲ....

လူတော်တော်များများက သီရိလင်္ကာ အစိုးရက သမီကျားသူပုန်ကို အမြစ်ပြတ် တိုက်သလို တိုက်ခိုင်းမယ် ပေါ့။ မြန်မာပြည်အတွက်ကတော့ ဒါဟာ စိတ်ကူးယဉ်ဆန်ပါတယ်။ နယ်မြေဒေသ ချင်းလဲ မတူသလို၊ နိုင်ငံရေး နောက်ခံ သမိုင်းလဲ မတူပါ။ တိုက်နေတာ နှစ်ပေါင်း ၆၀ ကျော်ပြီ၊ ဘယ်အဖွဲ့မှ အမြစ်ပြတ်တယ် ဆိုတာ မရှိဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အမြစ်ပြတ် တိုက်ခိုင်းခြင်းဟာ စစ်အာဏာရှင် တစ်ယောက်ယောက် လက်ထဲကို အာဏာအပ်လိုက်တဲ့ သဘောပါပဲ။ နောက်ထပ် ဆက်တိုက်နေမယ် ဆိုပါစို့၊ နှစ်ပေါင်း ဘယ်လောက်ကြာအောင် ဆက်တိုက်မလဲ၊ အဲဒီလို တိုက်ရင် တိုင်းပြည် ဘက်ဂျက် ဘယ်လောက်ကုန်မလဲ။ လူမှုအဆောက်အအုံး ဘယ်လောက် ထပ်ဆုံးရှုံးမလဲ၊ ဆိုတာ ထပ်တွက်ကြည့်ပါ။ ပတ်ဝန်းကျင် နိုင်ငံတွေကို အမှီလိုက်ဖို့ နောက်ထပ် နှစ်ပေါင်း ဘယ်လောက် အချိန်ကြာသွားမလဲ၊ ဆိုတာလဲ စဉ်းစားဖို့လိုပါတယ်။

ဒီတော့...

စစ်တိုက်စရာ မလိုတဲ့ နည်းလမ်းရှာရပါမယ်။ ဒါဟာ ဖက်ဒရယ် ပါပဲ။ ဘယ်သူမှ နောက်ထပ် သေစရာမလို၊ ခြေကျိုးလက်ကျိုး ဖြစ်စရာမလို၊ ပူဆွေးသောက များစရာ မလိုတဲ့ ဖြေရှင်းနည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေ ကြီးပွါးလာရင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ တက်လာမယ်။ တိုင်းရင်းသားတွေ အခွင့်အရေး ရတာနဲ့ ဗမာတွေ ပျောက်သွားစရာ အကြောင်းလဲမရှိ သလို၊ မြန်မာပြည်ကြီး ပြိုကွဲစရာ အကြောင်းလဲ မရှိပါ။

အိန္ဒိယ အရှေ့ခြမ်းမှာ နေတဲ့ ကချင်လူမျိုးတွေက လူဦးရေ သောင်းဂဏန်းပဲ ရှိပေမယ့် သူတို့ နယ် သူတို့ စီမံပိုင်ခွင့်ရှိတယ်။ အမျိုးသားလွတ်တော်မှာ သူတို့ ကိုယ်စားလှယ် တစ်ယောက် လွတ်ခွင့်ရတယ်။ သူတို့နယ်အုပ်ချုပ်ရေးမှူးကို သူတို့ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ သူတို့ နယ်ထဲက သူစိမ်းမ၀င်ရအောင် တားပိုင်ခွင့်ရှိတယ်။ သူတို့ လယ်ယာမြေတွေ အိန္ဒိယ အစိုးရ သိမ်းပိုင်ခွင့် မရှိပါဘူး။ ဒီတော့ သူတို့ တော်လှန်စရာ မလိုဘူးပေါ့။ ဒါပေမယ့် သူတို့ ဟိန္ဒီ ဘာသာစကားလဲ ပြောတတ်ကြပါတယ်။

မြန်မာပြည် အမြန်ငြိမ်းချမ်းပြီး တိုးတက်လာတာကို ကချင်တွေလဲ ကြုံဖူးချင်လို့ပါ။

 
Copy from - Duwa Kachin

0 comments: