Thursday, March 21, 2013

NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တရုတ်နိုင်ငံသို့ တရားဝင် လာရောက် လည်ပတ်ရန် တရုတ်အစိုးရက ဖိတ်ကြား လိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း အာဏာရ တရုတ်ကွန်မြူနစ် ပါတီပိုင် The Global Times သတင်းစာ ဖော်ပြ


လက်ပံတောင်းတောင် ဒေသခံတစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၁၄ ရက်နေ့တွင် တွေ့ဆုံကြစဉ် (ဓာတ်ပုံ-ဋ္ဌေးလှအောင်)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တရုတ်နိုင်ငံသို့ တရားဝင် လာရောက် လည်ပတ်ရန် တရုတ်အစိုးရက ဖိတ်ကြား လိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း အာဏာရ တရုတ် ကွန်မြူနစ် ပါတီပိုင် The Global Times သတင်းစာက မတ်လ ဒုတိယပတ်တွင် ဖော်ပြခဲ့သည်။

မြန်မာ့နိုင်ငံရေးသည် သိသာထင်ရှားသော အပြောင်းအလဲ ဖြစ်လာတော့မည့် အခြေအနေ ရောက်ရှိ နေကြောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ဦးဆောင်မှုအောက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင် ကြိုးစားလာကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ် ခံခဲ့ရကြောင်း၊ လွှတ်တော်၌ နေရာ ၄၃ နေရာသာ ရရှိထားသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မြန်ဆန်ဆန် ကြီးထွားလာပြီး အားကောင်းလာကြောင်း၊ ပါတီ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တစ်နိုင်ငံလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် သြဇာ လွှမ်းမိုး၍ ဖြစ်ကြောင်း The Global Times သတင်းစာက ဖော်ပြခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရ ၂၀၁၁ ခုနှစ်တွင် တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည် ဖော်ခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်နိုင်ငံရေးပါတီ ဖြစ်မှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ထောက်ခံသူများသည် နိုင်ငံရေး လှုပ်ရှားမှုသစ်များကို လုပ်ဆောင် လာကြကြောင်း၊ သမ္မတဦးသိန်းစိန်ပြောကြားခဲ့သလို ပြုပြင်ပြောင်းလဲရေးများ နောက် ကြောင်းပြန်စရာ မရှိကြောင်း၊ တိုင်းပြည်သည် ရှေ့သို့သာ သွားနိုင်ကြောင်း၊ လွှတ်တော်တွင် အတိုက်အခံတို့၏ ပါဝင်မှုသည် ၎င်းသည် လာမည့် အာဏာရပါတီ ဖြစ်လာနိုင်ကြောင်းကို ဖန်တီးကြောင်း၊ နောက်ပိုင်းတွင် မဲ မည်မျှ ရမည်ဆိုသည်သာ အကြောင်းဖြစ်ကြောင်း The Global Times သတင်းစာက ဖော်ပြခဲ့သည်။

မြန်မာ့နိုင်ငံရေး အခြေအနေသည် အင်အားစုများစွာနှင့် ရောနှောပတ်သက်နေကြောင်း၊ အဆိုပါ အင်အားစုများစွာသည် မည်သည့်အင်အားစုများစွာ ဖြစ်ပါစေ တရုတ်ဆန့် ကျင်ရေး သဘောထားကို မဆုပ်ကိုင်သမျှ ကာလပတ်လုံး တရုတ်နိုင်ငံအနေနှင့် ရင်းနှီးသည့်သဘောထားကို ထားရှိသင့်ကြောင်း၊ ဘက်မလိုက်သော ရပ်တည်ချက်ကို ကိုင်စွဲသင့်ကြောင်း၊ ပြောဆိုဆက်ဆံမှု ပိုမိုပြုလုပ်သင့်ကြောင်း The Global Times သတင်းစာက ဖော်ပြခဲ့သည်။

မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ အခြေအနေကို အသိအမှတ်ပြုခြင်း၊ ၎င်းတို့နှင့် တရားဝင် လူသိရှင်ကြား ဆက်ဆံရေး ထူထောင်ခြင်းသည် ယုတ္တိတန်ပါကြောင်း၊ အလားတူ ယင်းသည် မြန်မာပြည်သူများ၏ ရွေးချယ်မှုကိုလည်း လေးစားရာရောက်ပါကြောင်း၊ တရုတ်အစိုးရအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရုတ်နိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား သင့်တော်သည့်အချိန်တွင် ဖိတ်ကြားလိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်မှုမှတစ်ဆင့် တရုတ်နိုင်ငံသည် ၎င်းတို့၏ အုပ်ချုပ်မှုအမြင် သဘောထားများကို ပိုမိုနားလည် သဘောပေါက်လာမည်ဖြစ်ကြောင်း၊ ယင်းသည် မြန်မာ-တရုတ် အနာဂတ်ဆက်ဆံရေးတွင် မည်သည့်အပြောင်းအလဲကိုမဆို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း The Global Times သတင်းစာက ဖော်ပြခဲ့သည်။

အမြော်အမြင်ကြီးပြီး အမြင်ကျယ်ကာ လက်တွေ့ကျသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဆန္ဒရှိကြောင်းကို အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရမ်းအရေးကြီးသည့် အိမ်နီးချင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံကို ရန်သူအဖြစ် မမှတ်ယူသင့်ကြောင်း ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်အား ဖိတ်ကြားခြင်းသည် အပြည်ပြည်ဆိုင်ရာလုပ်ရိုး လုပ်စဉ်များနှင့် ကိုက်ညီပါကြောင်း လည်း The Global Times သတင်းစာက ဖော်ပြခဲ့သည်။

 Copy from - EMG

0 comments: