Tuesday, March 12, 2013

အစိုးရနဲ့ KIA တို့ သဘောတူညီမှုတွေ ရပြီ

မတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် နှစ်ဖက် သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မန်းသားလေး( ဧရာဝတီ )

March 12, 2013
ယခုဆွေးနွေးပွဲ၏ ရလဒ်အဖြေကို နှစ်ဖက်လုံး အားရကျေနပ်မှုရှိပြီး အပစ်ခတ် လုံးဝ ရပ်ဆိုင်းရေးအတွက် နှစ်ဖက်တပ်များ၏ အောက်ခြေ တပ်ဖွဲ့ဝင်များအထိ ရောက်ရှိအောင် ညွှန်ကြားသွားမည် ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို တစ်နိုင်ငံလုံး အတိုင်းတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါဝင် ကိုယ်စားလှယ် အဖွဲ့များနှင့် KIO အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ဒုတိယစ စ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါဝင် ကိုယ်စားလှယ် အဖွဲ့တို့သည် စစ်ဘက်ဆိုင်ရာများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

နှစ်ဖက် ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို
သဘောတူညီမှု ရရှိခဲ့ကြသည်။

၁။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်လှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်ခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

၂။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ တွေ့ဆုံပွဲ ရလာဒ်အဖြစ် တိုက်ပွဲများကို လျော့ချ နိုင်ခဲ့သည်ဖြစ်ရာ ဆက်လက်ပြီး ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်။

လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များ အထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည်။

၃။ ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ်မြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက် ပိုမိုနီးကပ်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြည့်ရေး ရုံးများကို နှစ်ဖက် ညှိနှိုင်းပြီး လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။

၎။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များနှင့် ၂၀၁၃ခုနှစ် မတ်လ (၁၁၊ ၁၂)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များကို ဆက်လက် အကောင်ထည် ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

၅။ နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။
မန်းသားလေး ~

Copy from - irrawaddy.org

0 comments: