Sunday, March 3, 2013

သွေးနဲ့ စိုက်တဲ့ စပါး၊ မျက်ရည်နဲ့ချက်တဲ့ ထမင်း

 
ဟိုးအရင်တုန်းက
ကျေးဇူးရှင် တောင်သူလယ်သမားကြီးများ
ခုကျ ကြွေးမီတင် တောင်သူလယ်သမားကြီးများ။
ဟိုးတုန်းက
ကျေးဇူးရှင် တောင်သူဦးကြီးများ
ခုကျ ကျေးဇူးရှင် ခရိုနီကြီးများ။
နာမည်တပ်ထားတာက
ပြည်သူ့ ရဲ
ခုကျ ခရိုနီရဲ့ ရဲ။
မအူပင်မှာ အမှုဆင်ပြီ
သေသော်မှတည့် သြော်ကောင်း၏။
ထမင်းမစားချင်တော့ဘူး
ဂျုံပြောင်းစားမယ့်ကိန်း။
တောင်သူလယ်သမားတွေရဲ့
သွေးတွေနဲ့ စိုက်တဲ့ စပါး
တောင်သူလယ်သမားတွေရဲ့
မျက်ရည်များရောနေတဲ့ ထမင်း
မင်းတို့ မိန်ရည်ရှက်ရည် မျိုချလျက်လား
ငါ ထမင်းမစားချင်တော့ဘူး။
စိုက်ပျိုးရေးနိုင်ငံမှာ
စိုက်ပျိုးရေးလုပ်သူတွေ ငတ်နေရ
မိုးခေါင်ချိန်မှာ ထွန်းလင်း နေ
မီးပမာ ပူချေပြီ။
မတရားမှုတွေက
မြေနိမ့်ရာ စူးစိုက်ဝင်တတ်လား
လက်ပိုက်ကြည့်မနေကြနဲ့ 
တချက်ငိုက် အသိ မဝေဝါးနဲ့ ။
တရားလက်လွတ်တွေကြောင့်
သေမထူး နေမထူး စေတတ်
ဝမ်းတထွာအခက်ကြုံရင်
ဧကရာဇ်အင်ပါယာလည်း ဖျက်ရဲတယ်
ခရိုနီ၊ ကိုလိုနီတွေ ဒီတခါ မင်းတို့ အလှည့်။
တရားခံအစစ်ကို သိလျက်နဲ့ 
တရားခွင်တံခါး ပိတ်
မင်းကြီးတာက ထွက်တဲ့ ရာဇဝတ်ကောင်
ပန်ကာအောက်မှာ ထိုင်နေတယ်။
ကျေးဇူးရှင် လယ်သမားတွေကို ဝန်းရံ
တရားခံအစစ် တွေ့ အောင်ရှာ
အမြစ်မကျန် သုတ်သင်ဖို့  အချိန်တန်ပြီ
ဆိုင်းလည်းဆင့် ဗုံလဲဆင့်
ခရိုနီတွေကို တောထုတ်ကြရအောင်။
ပြည်သူ့ ရဲတွေကို
ပြည်သူတွေကိုစော်ကားဖို့ များ
သင်တန်းပေးထားလား
ဟေ့ကောင် .. ရဲတွေ
မင်းတို့ တွေအထဲမှာ
လယ်သမားရဲ့သားတွေပါတယ်နော်
မင်းတို့ ရဲ့ နံပတ်တုတ်နဲ့ သေနတ်ပြောင်းတွေ
ဘက်ပြောင်း ပြန်လှည့်
ခေတ်သစ် အဇာတသတ်။
ဒီလိုမှမဟုတ်ရင်
ဆရာစံရဲ့ ဂဠုန်တပ်တွေ
တကြော့ပြန် ဝိညာဉ်လှန်မယ်။
တိုင်းပြည်ကိုက
ငြိမ်းချမ်းဆန္ဒ ထုတ်ဖော်ခွင့် မရ
တုတ် တုတ်ချင်း၊ ဓါး ဓါးချင်းမှလား။
ဒါဆိုရင် ဗမာပြည်မှာ
ဂဠုန်ဆရာစံပုံတွေ
လယ်မြေဧရိယာတိုင်းမှာ ပြန်စိုက်။ ။
 
မိုးမခ
ကျော်ဟုန်း
မတ်လ ၂၊ ၂၀၁၃

0 comments: