Saturday, March 9, 2013

နေပြည်တော် လေယာဉ်ကွင်း အနီး ဧက ၁,၀၀၀ ကျော်ကို အေးရှားဝေါ


 
နေပြည်တော် လေယာဉ်ကွင်းအနီး နေပြည်တော် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၊ ၀ဲကြီးရွာမှ တောင်သူများ လုပ်ကိုင်နေသော လယ်ယာမြေ ဧက ၁,၀၀၀ ကျော်ကို အေးရှားဝေါလ်ကုမ္ပဏီက ခြံစည်းရိုး လာခတ်ထားကြောင်း ဒေသခံတောင်သူများက ပြောသည်။

အဆိုပါ လယ်ယာမြေများမှာ ၂၀၀၄ ခုနှစ်တွင် နေပြည်တော် လေယာဉ်ကွင်း စီမံကိန်းအတွက် သိမ်းခဲ့သော မြေများထဲမှ မည်သည့်စီမံကိန်း၊ မည်သည့် လုပ်ငန်းမှ ဆောင်ရွက်ခြင်း မရှိသော လယ်ယာမြေများ ဖြစ်ကြောင်း တောင်သူများက ပြောသည်။

“၂၀၀၄ခုနှစ် အသိမ်းခံခဲ့ရကတည်း က အခုအချိန်ထိ လုပ်လာတာ။ အဲဒီ တုန်းကတော့ မလုပ်နဲ့လို့ မပြောဘူး။ အခု ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ တောင်သူတွေကို အကြောင်းကြားခြင်း၊ ညှိနှိုင်း ဆွေးနွေးခြင်း မပြုဘဲ မင်းတို့ ဆက်မလုပ်နဲ့တော့ဆိုပြီး အေးရှားဝေါကုမ္ပဏီက ခြံစည်းရိုးတွေ လာခတ်လို့ တစ်ရွာလုံး ထွက်တားတော့ ဘာလို့တားတာလဲ မေးတယ်။ ကျွန်တော်တို့က လုပ်စားစရာ မရှိတော့လို့ တားတာပြောတော့ အထက်က ညွှန်ကြားထားတာ လုပ်စရာရှိတာ လုပ်မှာပဲလို့ပြောတယ်”ဟု
ဝဲကြီးရွာမှ တောင်သူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က စုံစမ်းစစ်ဆေး ရေးကော်မတီ ၀င်ပြီးတဲ့အထိ စောင့်ပေး ပါလို့ မေတ္တာရ ပ်ခံတဲ့အခါကျတော့ လုပ်မှာဆိုလည်း အထက်ထိ ပေါက်ရောက်အောင်လုပ်ပါ။ မေတ္တာရပ်ခံလို့ သူတို့ပြန်သွားမယ်၊ ခြံစည်းရိုးကာရမယ် မကာရဘူး အကြောင်းပြန်ပါ။ အခုလို ထွက်တားနေတော့ အနှောက်အယှက် ဖြစ်တယ်လို့ပြောတယ်”ဟု ၎င်းက ပြောသည်။

၂၀၀၄ ခုနှစ်တွင် လေယာဉ်ကွင်း စီမံ ကိန်းအတွက် နေပြည်တော် လယ်ဝေးမြို့ နယ်အတွင်းရှိ သော်မှော်ကုန်း၊ ကြောင်ရေ၊ သဲကောကြီး၊ အေလာ၊ ဂူသပိတ် ကျေးရွာအုပ်စု ငါးအုပ်စုမှ လယ်ယာမြေ ဧက ၅,၅၆၉ ဧက သိမ်းဆည်းခဲ့ပြီး လယ်တစ်ဧကလျှင် သုံးသိန်းခွဲ၊ ယာတစ်ဧကလျှင် နှစ်သိန်းခွဲနှုန်းသာ ရရှိခဲ့ကြောင်း သော်မှော်ကုန်းအုပ်စု၊ ၀ဲကြီးရွာမှ တောင်သူများက ပြောသည်။

“ပေးတုန်းကလည်း လျော်ကြေး ရယ်လို့ပေးတာမဟုတ်ဘူး။ နစ်နာကြေးလို့ ပြောပေးတာ။ မလုပ်နဲ့တော့ ထွက်သွားလို့လည်း မပြောဘူး။ မင်းတို့ပေးတာပဲ ယူထား၊ မယူလည်းသိမ်းမှာ၊ ယူလည်း သိမ်းမှာလို့ စစ်တပ်က ပြောတယ်။ အဲဒီကာလတုန်းက ကျွန်တော်တို့မြေတွေက ကာလပေါက်ဈေး အပေါင်တင် ၁၅ သိန်းရတယ်”ဟု ၀ဲကြီးရွာသား တစ်ဦးက ပြောသည်။

နိုင်ငံတော် သမ္မတထံ အသနားခံစာ နှစ်ကြိမ်၊ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မတီ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ တို့ကိုလည်း  နှစ်ကြိမ်စီ စာတင်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခဲ့ခြင်း မရှိကြောင်း တောင်သူများက ပြောသည်။

“တောင်သူတွေက လယ်ယာမြေကို မှီခိုပြီးတော့ပဲ လုပ်ကိုင် စားသောက်နေရ တာ။ ဘိုးဘွား လက်ထက်ကတည်းက လုပ်ကိုင် လာတာဆိုတော့ ကျွမ်းကျင်တာဆိုလို့ ဒါပဲရှိတာ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးတွေကလည်း လယ်ယာမြေ လုပ်ကိုင်ပြီးတော့ပဲ မှီခိုနေရတာ။ ဒါမှဆက်မလုပ် ရတော့ဘူးဆိုရင် စားဝတ်နေရေး၊ သားသမီးတွေရဲ့ ပညာရေး၊ ဘာသာရေး၊ လူမှုရေးတွေ အားလုံး နိမ့်ကျကုန်တော့မှာ။ လုံးဝမဖြစ်တော့တဲ့အခြေအနေဆိုရင် တောင် သင့်တင့်မျှတတဲ့ နှုန်းနဲ့ဖြစ်စေချင်ပါ တယ်။ အဖြစ်ချင်ဆုံးဆန္ဒက ကိုယ့်လယ် ယာမြေ တွေပေါ်မှာပဲ ပြန်လည်လုပ်ကိုင် ချင်တာ။ လယ်ယာမြေက တစ်သက်လုံး လုပ်စားလို့ရတယ်”ဟု တောင်သူများက ပြောသည်။


- နေဖြိုးဝင်း
Copy from - The Farmer Media

0 comments: