မတ်လ ၁၄၊
၂၀၁၃
ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းငါးဆယ်ကျော်
အာဏာရှင်စနစ်ဆိုးအောက်မှာ ဖြတ်သန်းလာခဲ့ရတာပါ။နှစ်ပေါင်းငါးဆယ်ကျော်၊ ရာစုနှစ်
ဝက်ကျော် အမှောင်ခေတ်ထဲမှာဖြတ်သန်းခဲ့ရတာပါ။ ကျွန်တော်တို့တတွေရဲ့ ဥဏှောက်တွေ၊
အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း အမှောင်ဖုံးနေခဲ့ကြရတာပါ။ အခု မကြာသေးခင်ကမှ
ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖို့ ကြိုးစား ရုန်းကန်နေ တာဖြစ်ပါတယ်။
ကျွန်တော်တို့တတွေအတွက်လည်း ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊
အယူအဆတွေ အလင်းရဖို့ ၊ အမြင်ရှင်းဖို့၊ အတွေးခေါ်တွေမြင့်မားဖို့၊
အယူအဆတွေဆန်းသစ်ဖို့ လမ်းစပွင့်လာနေတဲ့အချိန်ပါ။အသွင်ကူးပြောင်းတဲ့ကာလတွေမှာတော့
အခက်အခဲတွေ၊ ပြဿနာတွေ လူမျိုးရေး ပဋိပက္ခတွေ ကြုံတွေ့နေရတာတော့ အမှန်ပါ။
ကမ္ဘာ့နိုင်ငံတိုင်းလိုလို ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါတိုင်း
ဒီလိုအခက်အခဲတွေ၊ ပြဿနာတွေ၊ လူမျိုးရေးပဋိပက္ခတွေကို
အနည်းနဲ့အများကြုံတွေ့ကြရတာချည်းပါပဲ။ ဒီလို ကြုံတွေ့ရတဲ့အခါတွေမှာ နိုင်ငံတကာမှာ
အစိုးရ၊ အတိုက်အခံ၊ တပ်မတော်၊ ပြည်သူလူတု၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဥပဒေနှင့်
အညီနေထိုင်ကြတဲ့ နိုင်ငံသားတွေဟာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊
အပြန်အလှန် လေးစားမှုတွေနဲ့ ပါဝင်ကူညီ ဖြေရှင်းကြတာတွေကို တွေ့ရပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း ယခုအခါ ဒီမိုကရေစီ အသွင်ကူးပြောင်းနေဆဲမှာ ပြဿနာတွေ၊
အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေက ဒီမိုကရေစီ ပြောင်းလဲရေးအတွက်
စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။ အဟန့်အတား မဖြစ်စေပေမဲ့၊ နှောင့်နှေး စေတာတော့
အမှန်ပါ။
ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊
လူမျိုးရေး ပဋိပက္ခတွေကို စမ်းစစ်ကြည့်တဲ့ အခါမှာ နှစ်ပေါင်းငါးဆယ် ကျော်ကြာအောင်
အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်ဆိုးရဲ့လက်ကျန် အမွေဆိုးတွေပါ။ နှစ်ပေါင်းငါးဆယ်ကျော်
အမှောင်ဖုံးခဲ့ရတဲ့၊ ၀ါဒမှိုင်းမိခဲ့ရတဲ့ ပြည်သူလူထု အနေနဲ့ စနစ်ဟောင်းရဲ့
အကျင့်ဆိုးတွေ၊ အမှောင်ခေတ်ရဲ့ စရိုက်ဆိုးတွေ၊ အတွေးအခေါ်ဆိုးတွေ၊
အပြုအမူဆိုးတွေကို ပြုပြင်ရမှာဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ၊
ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် အားလုံး စုစည်းညီညွတ်စွာ
ကြိုးပမ်းရမှာ ဖြစ်ပါတယ်။နယ်မြေမတူ၊ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား
ပဋိပက္ခဖြစ်စေနိုင်သော၊ အထင်အမြင်လွဲမှားစေသော၊ စည်းလုံး ညီညွတ်မှုပျက်ပြား စေသော
အပြုအမူတွေ၊ တုန့်ပြန်မှုတွေ၊ ရှောင်ရှားရမယ်။
နယ်မြေဒေသကိုလိုက်ပြီး၊အသားအရောင်ကို လိုက်ပြီးဖြစ်စေ၊ အဝတ်အစားကို လိုက်ပြီး
ဖြစ်စေ၊ မတူညီသော ဘာသာရေး၊ ယဉ်ကျေးမှုတွေကို လိုက်ပြီး ခွဲခြားမှုတွေ ရှောင်ရှားရမယ်။
အမုန်းတရားကို တိုးပွားစေတဲ့
၊ဒေါသကိုလှုံ့ဆော်ပေးတဲ့ ဝါဒဖြန့်စာတွေ၊ ပုံတွေ၊ အသံလွှင့်မှုတွေကို
ရှောင်ရှားဖို့လိုပါတယ်။ လူမျိုးခြားမယူရ၊ လူမျိုးခြားနှင့် မဆက်ဆံရ
စတဲ့အစွန်းရောက် အမြင်တွေကနေ ကင်းလွတ်ကြရမယ်။
လူသား တစ်ယောက်ချင်းစီရဲ့ မွေးရာပါလူ့ဂုဏ်သိက္ခာကို အသိအမှတ်
ပြုရမယ်။ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူသားတွေဟာ တစ်မိတစ်ဖတည်းက
ပေါက်ဖွားဆင်း သက်လာခဲ့ကြတာပါ။ ဒါပေမဲ့ လူသားမျိုးနွယ် အားလုံး တပုံစံတည်း၊ တထေရာတည်း
တသွေမတိမ်း မဖြစ်နိုင်ဘူးဆိုတာကိုတော့ လက်ခံရပါမယ်။ အရောင်အသွေးအစုံ၊
အမျိုးအနွယ် အဖုံဖုံရှိမယ်။ သွင်ပြင်လက္ခဏာတွေ၊ ဓလေ့စရိုက်တွေ၊ အပြုအမူတွေ၊
ဝါဒလမ်းစဉ်တွေ၊ အတွေးအခေါ်အယူအဆတွေ မတူကွဲပြားမှုတွေတော့ရှိမှာပါပဲ။
မွေးဖွားကြီးပြင်းရာဇာတိ နယ်မြေဒေသ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မတူတာ၊
ဘာသာမတူတာ၊ လူမျိုးမတူတာ၊ အသားအရောင် မတူတာ၊ အတွေးအခေါ် အယူအဆမတူတာ၊ ယုံကြည်ချက်
ခံယူချက်မတူတာ၊ အရည်အချင်း မတူတာ၊ လူတန်းစား မတူတာတွေရှိသလို လိင်ကွဲပြားတာ၊
ဝတ်စား ဆင်ယင်မှုကွဲပြားတာ၊
အစားအသောက် အနေအထိုင်ကွဲပြားတာ၊ အမူအကျင့် ကွဲပြားတာတွေ ရှိကြစမြဲပါ။
အဲဒီမတူကွဲပြားမှုတွေကို နားလည်ခွင့်လွှတ်ပေးပြီး၊
အပေါ်ယံသွင်ပြင်လက္ခဏာတွေကိုကြည့်ပြီး ခွဲခြားမှု၊ နှိမ့်ချမှု၊ စော်ကားမှု၊
ကျုးကျော်ရန်လိုမှု၊ မုန်းတီးမှုတွေမထားဘဲ လူသားမျိုးနွယ်၊ လူသားဖြစ်တည်မှု၊
လူ့ဗီဇအခြေခံကို အသိအမှတ်ပြုတန်ဖိုးထားပြီး လူသားမျိုးနွယ်တိုင်းကို
အားလုံးတန်းတူညီတူ အခွင့်အရေး ရပိုင်ခွင့် ခံစားပိုင်ခွင့်၊
တန်ဖိုးထားလေးစားမှုခံယူပိုင်ခွင့်တွေပေးဖို့တော့ လိုအပ်ပါတယ်။
မတူကွဲပြားခြာနားမှုတွေကြောင့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်း၊
အုပ်စုတစ်ခုခုကို သာစေနာစေတဲ့ အပြုအမူ အပြောအဆိုတွေကို ရှောင်ရှားရပါမယ်။
နယ်မြေဒေသပေါင်းစုံက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ရင်းနီးကျွမ်းဝင်တဲ့
လူ့အဖွဲ့အစည်းဖြစ်အောင် ဖန်တီးကြရပါမယ်။ မတူကွဲပြားခြာနားမှုတွေကြောင့်
ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေကို နားလည် ခွင့်လွှတ်ပေးရပါမယ်။ ဘာသာအယူဝါဒတစ်ခုခုရဲ့
ဓလေ့၊ အယူအဆကလွှမ်းမိုးလိုမှုတွေကို ရှောင်ရှားရမယ်။ အမုန်းတရားနဲ့ ကျူးလွန်သော
ရာဇ၀တ်မှုတွေ၊ ကြီးနိုင်ငယ်ညှင်းသတ်ဖြတ်မှုတွေကို ထိထိရောက်ရောက်
ဖော်ထုတ်အရေးယူဖို့လဲ လိုအပ်ပါတယ်။
ဘာသာအယူဝါဒပေါင်းစုံ၊ လူမျိုးနွယ်စုပေါင်းစုံနဲ့ ညီညီညွတ်ညွတ်
စည်းစည်းလုံးလုံး နေထိုင်နိုင်မဲ့
သင့်တော်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ထူထောင်ရပါမယ်။
လူအချင်းချင်း ခွဲခြားဆက်ဆံ၊ နှိမ့်ချမှုကို စက်ဆုပ်ရွံ့ရှာ
ရှောင်ကြဉ်ပြီး လူတိုင်းမှာ တူညီစွာ မွေးရာပါ တည်ရှိလာတဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ
အားလုံးတန်းတူညီမျှ နေနိုင်အောင် ကြိုးစားရမယ်။ ယဉ်ကျေးတဲ့ ခေတ်သစ်ကမ္ဘာရဲ့
မတူကွဲပြားမှုသဘောတရားတွေကို လက်သင့်ခံနိုင်တဲ့ ဒီမိုကရေစီစနစ်နဲ့ထိုက်တန်လျော်ညီတဲ့
လူသားမျိုးနွယ်ဖြစ်အောင်ကြိုးစားကြရမယ်။ မဟာလူမျိုးကြီးဝါဒဆိုတဲ့
စိတ်ဓာတ်တွေကိုပြင်ကြရ မယ်။
ဒီမိုကရေစီကိုအသွင်ကူးပြောင်းနေတဲ့နိုင်ငံတစ်ခုအနေနဲ့
ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာဖို့၊ ပြဿနာတွေ၊ အခက်အခဲတွေ၊
လူမျိုးရေးပဋိပက္ခတွေကင်းဝေးဖို့ လူသားမျိုးနွယ် အချင်းချင်းအပြန်အလှန် နားလည်မှု၊
အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု တွေနဲ့ ပါဝင်ကူညီဖြေရှင်းကြရမှာ
ဖြစ်ပါတယ်။
လူမျိုးရေးခွဲခြားမှုတွေ၊ အသားရောင်ခွဲခြားမှုတွေ ပပျောက်သွားပြီး
အချင်းချင်းအပြန်အလှန် စိတ်ရှည် သည်းခံမှုနဲ့ နားလည်မှုတွေ တိုးပွားလာတဲ့
တစ်နေ့မှာတော့ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေ ကင်းဝေးပြီး ကျွန်တော်တို
့မျှော်မှန်းနေတဲ့ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီလူ့ဘောင်၊ လူ့အစုအဖွဲ့ အဆောက်အအုံ
ဖွံ့ဖြိုးလာမှာ ဖြစ်ပါတော့တယ်။ ။
မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်)
သတင်းရင်းမြစ် - မိုးမခ
မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်)
သတင်းရင်းမြစ် - မိုးမခ
0 comments:
Post a Comment