သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး ဆွေးနွေးပြီး အစိုးရပေါ်လစီ အနေနဲ့ မိတ္ထီလာအရေးပေါ် မူ ခြောက်ရပ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ မိတ္ထီလာမှာ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မူ ခြောက်ရပ်ကို ချပြ ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အစ္စလာမ် ဘာသာရေး ကောင်စီ တွဲဖက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ဘီဘီစီကို ပြောပါတယ်။
မူ ခြောက်ရပ်ကတော့...
၁။ မိတ္ထီလာဖြစ်စဉ်ပေါ်မှာ တရားဥပဒေ စိုးမိုးရေးကို ထိရောက်အောင် ဆောင်ရွက်ဖို့၊
၂။ အလားတူ အဖြစ်မျိုး နောက်နောင် မဖြစ်ပေါ်အောင် တားဆီး ကာကွယ်ဖို့၊
၃။ မိတ္ထီလာအရေးကြောင့် ဒုက္ခရောက်တဲ့ ဒုက္ခသည်တွေ အမိုးအကာအောက် ရောက်ဖို့၊
၎။ အဆင်ပြေသူတွေ အိမ်ပြန်နိုင်ဖို့ကို ဆောင်ရွက်သွားဖို့၊
၅။ အစိုးရ၊ ကုလသမဂ္ဂ၊ ဘာသာရေးနဲ့ ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ပေါင်းစု ညှိနှိုင်းပြီး ဒုက္ခသည်တွေကို ကူပံ့ဆောင်ရွက်ဖို့နဲ့
၆။ လူ့အဖွဲ့အစည်း နှစ်ရပ်ကြား ချစ်ကြည်စွာ နေထိုင်နိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတွေ အပါအ၀င် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
ဒီကနေ့မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားကလည်း မိတ္ထီလာက အပျက်အစီးတွေကို အစိုးရ၀န်ကြီးတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့အတူ သွားရောက် ကြည့်ရှုခဲ့ကြပြီး ပြစ်မှု ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ ပါတယ်။

Copy from - BBC Burmese
0 comments:
Post a Comment