Thursday, March 28, 2013

ပုတီးကုန်းမှာ နေအိမ်တွေကို ဖျက်စီးမှု ဖြစ်ပွား


မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီပတ်ဝန်းကျင်ကစပြီး ပုတီးကုန်းမြို့မှာ အင်အား သုံးရာကျော်ရှိတဲ့ လူအုပ်ကြီးက ဝင်ရောက်ဖျက်စီးတဲ့အတွက် ယခုအချိန်ထိ အိမ်ရှစ်...လုံး၊ဆိုင်ခန်းလေးခန်းနဲ့ပလီတစ်လုံးတို့ ပျက်စီးခဲ့ပါတယ်။

အဲဒီလူအုပ်ကြီးကို ရဲနဲ့တပ် စုစုပေါင်း အင်အား ၁၀၀ ခန့်က ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး၊အဲဒီလူတွေကို ပုတီးကုန်းဆေးရုံကို တင်ပို့ထားရပါတယ်။

ပေါက်တူး၊ပေါက်ချွန်းနဲ့ရဲဒင်းတွေ အသင့်ယူလာတဲ့ ဒီလူအုပ်ကြီးဟာ ဆိုင်ကယ် အစီးနှစ်ဆယ်ခန့်နဲ့ အတူ ပုတီးကုန်းမြိုကို အရှေ့ဘက်ကနေ တစ်ရှိန်ထိုး ဝင်ရောက်လာတာ ဖြစ်တယ်လို့ မြို့ခံ ကိုချိုက RFA
ကိုပြောပါတယ်။

"စစ်တပ်နဲ့ရဲက ပလီကို ဖျက်နေသူတွေကို သေနတ်နဲ့ပစ်နေတာတောင် ဒီလူအုပ်က ပလီကို ဖျက်နေသေးတယ်"လို့ ကိုချိုက ဆက်ပြောပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်းကမြို့တစ်ချို့မှာ အကြမ်းဘက် ဖျက်စီးမှုကို ညဘက်တွေမှာသာ လုပ်ဆောင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ဇီးကုန်းမြို့နဲ့အုတ်ဖိုမြို့တွေမှာ နေ့ခင်းဘက် မှာတင် ဝင်ရောက် ဖျက်စီးတာတွေ စတင် လုပ်ဆောင်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့ညကစပြီး ပဲခူးတိုင်း အနောက်ခြမ်းက မြို့နယ်တွေမှာ အမည်မသိ လူအုပ်တွေ ဝင်ရောက်မီးရှို့ဖျက်စီးတာတွေ ရှိတဲ့အတွက် ဇီးကုန်း၊ နတ္တလင်း၊ မ င်းလှ၊ စစ်ကွင်း၊ မိုးညို၊ ကြို့ပင်ကောက်၊သာယာဝတီမြို့တို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး၊ ပေါင်းတည်မြို့မှာတော့ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ရပါတယ်။
 
Copy from - RFA Burmese

0 comments: