Friday, March 8, 2013

မအိုဆေး (ကျော်သူ)

 
“တောင်းပန်ပါတယ် သူငယ်ချင်းတို့” “ငါ … မင်းတို့ကို အနူးအညွတ်တောင်းပန်တယ်… တောင်းပန် တယ်ဆိုတဲ့စကားကို ငါဘာကြောင့် ပြောတာလဲဆိုတာ မင်းတို့ကိုရှင်းပြမယ်။ ငါဆိုတာလည်း မင်းတို့ အသက်အရွယ်တွေကို ကျော်ဖြတ်လာပြီးတော့ အခုအချိန်မှာ လူကြီးလို့ပြောလို့ရတဲ့ အသက် (၅၃) နှစ် ထဲကို ရောက်နေပြီ။ ငါ လူငယ်ဘဝကို ဖြတ်သန်းခဲ့တယ်။ ငါတို့ လူငယ်တွေဆိုတာ ငါတို့ကို အမိန့်ပေးတာ အာဏာရှင်ဆန်တာကို ငါတို့လုံးဝ လက်မ...ခံဘူး။ မင်းတို့လည်း ဒီလိုအမိန့်ပေးတာ မလုပ်နဲ့၊ မသွားနဲ့၊ မသောက်နဲ့ မစားနဲ့ စတဲ့… စတဲ့… (နဲ့) တွေနဲ့ပြောတယ်ဆိုရင် မင်းတို့မခံနိုင်ဘူး။ ငါလည်း မခံနိုင်ခဲ့ဘူး။ ဒါကြောင့် မင်းတို့ကိုငါ နွေးထွေးစွားဖြင့် မင်းတို့ကို တောင်းပန်တယ်ဆိုတဲ့စကား ချစ်ခင်ရင်းနှီးစွာ ငါသုံးစွဲ ခြင်းဖြစ်တယ်။

သူငယ်ချင်းတို့ ဆိုတာကလည်း မင်းတို့ထဲမှာ ငါ့ထက် အသက်ကြီးတဲ့ သူတွေ၊ ငါနဲ့ ရွယ်တူတွေ၊ ငါ့ထက် အသက်ငယ်တဲ့ သူတွေ အများကြီး ၊ ဒါဟာလည်း ငါ ချစ်ခင် ရင်းနှီးစွာဖြင့် မင်းတို့ကို သူငယ်ချင်းတို့ ဆိုတဲ့ စကားလုံးကို သုံးလိုက်တာဖြစ်တယ်။ ငါ ဘာကို တောင်းပန်တာလည်း ငါ ဘာကို မေတ္တာရပ်ခံတာ လည်း

ဆိုတာကို မင်းတို့ကို ရှင်းပြမယ်။ အေး … မင်းတို့ မိဘတွေလည်း မကြိုက်တဲ့၊ မင်းတို့ ဆွေမျိုးသားချင်း တွေ၊ ညီအစ်ကို မောင်နှမတွေ အားလုံးလည်း မကြိုက်တဲ့၊ မင်းတို့ရဲ့ ညီငယ်၊ ညီမငယ်၊ တူ၊ တူမငယ်တွေ လည်းမကြိုက်တဲ့ ကုန်ကုန်ပြောရင် ဘုရားမကြိုက်တဲ့ “သုရာမေရယ” ဆိုတဲ့ အရက်သေစာ သောက်သုံး ခြင်းကို ငါပြောတာ။ မင်းတို့ကတော့ ငါ့ကိုပြောမယ် “ဟေ့… ဘဲကြီး ခင်ဗျားကြီးတုန်းကလည်း ခင်ဗျား လုပ်ခဲ့တာဘဲ၊ သောက်ခဲ့တာဘဲ၊ မျိုခဲ့စို့ခဲ့တာဘဲ။ ကျုပ်တို့ကို အခုမှလာပြီး ဆရာမလုပ်နဲ့ … လာနှမ်းမဖြူးနဲ့ လို့ မင်းတို့ပြောမယ်” မင်းတို့ပြောတာ ငါလက်ခံတယ်။ ငါလည်း အကုန် လုပ်ခဲ့ဘူးတယ်။ အကုန်မှ အကုန် လုပ်ခဲ့ဘူးတယ်။ ငါမလုပ်ဘူးတာ တစ်ခုဘဲရှိတယ် (-) မလှည့်ဘူး ဆိုတာဘဲ။ ရှင်းလား?။ မင်းတို့သောက် နေတဲ့ ဒီအရက် ငါအကုန် သောက်ဘူးတယ်။ ချက်အရက်၊ ဆေးအရက်၊ ဘီအီး ကအစ ရမ်၊ ဘရမ်ဒီ၊ ဝီစကီ အစုံ ငါအားလုံး သောက်ဘူးတယ်။ ဒီ ဝီစကီ ဆိုတာထက် ကောင်းတဲ့ အရသာ ပေါ်ပေါက်လာရင် ငါရှာဖွေပြီး သောက်ဦးမှာ သေချာတယ်။ ဒါ ငါလုပ်ဘူးတာကို ငါပြောပြတာ။ ဒီလုပ်ဘူးတာတွေကို ငါ ဘာဖြစ်လို့ ဖြတ်ခဲ့လဲ?။ ဒါမင်းတို့ကို ငါရှင်းပြမယ်။ ဒီအရာတွေဟာ မကောင်းဘူးဆိုတာ ငါသိတယ်။ ဘာကြောင့် လည်း? ကျန်းမာရေး ထိခိုက်လာတယ်၊ လုပ်ငန်းတွေ ထိခိုက်လာတယ်၊ အပေါင်းအသင်းတွေ ရှောင်ဖယ် လာတယ်၊ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမတွေ နှာခေါင်းရှုံ့လာတယ်၊ မိသားစုတွေ ပတ်ဝန်းကျင်မှာ မျက်နှာငယ်လာတယ်။ ဒါတွေကစတာ။ ကျန်းမာရေး ထိခိုက်လာတော့ ကိုယ့်လုပ်ငန်းပါ ထိခိုက်လာတယ်။ ကိုယ်ဆွေမျိုး သားချင်းတွေ အားလုံး စိတ်ဆင်းရဲ ရတယ်။ ဒါမကောင်းမှုဘဲ။ အဲ့ဒီအချိန်မှာ တစ်ပြိုင်နက်ထဲ ဆရာတော်ကြီးတွေ၊ သံဃာတော်တွေရဲ့ ဆုံးမသြဝါဒတွေ၊ တရားအခွေတွေ၊ စာအုပ်စာပေတွေ ငါဖတ်ရှု လာတယ်။ ဒီအချိန်မှာ ငါ့ခေါင်းထဲမှာလက်ခနဲ အလင်းတန်းတစ်ခု ပေါ်ပေါက်လာမိတယ်။ ဒီအလင်းတန်း ဟာ ကောင်းမှုဆိုတဲ့အရာ…။ ပြီးတော့ ငါ့ရဲ့ဆရာ… ဆရာကြီးမင်းသိင်္ခ စကားလုံးအတိုင်း “ဖြတ်ခနဲပေါ် … ဆတ်ခနဲလုပ်” ဆိုတာကို ငါအသုံးချခဲ့တယ်။ ကောင်းမှုကိစ္စတွေ ကိုယ့်ခေါင်းထဲမှာ ဖြတ်ခနဲ ပေါ်လာတဲ့ အချိန်မှာ ကိုယ်ကဆတ်ခနဲ လက်တွေ့လုပ်ဖို့ အရေးကြီးတယ်… ဒါဘဲ။ အဲတော့ ကုသိုလ်ကောင်းမှုတွေဘဲ ဖြစ်ဖြစ်၊ အများကောင်းကျိုးဘဲဖြစ်ဖြစ် ကောင်းမှုမှန်သမျှ ကိုယ့်ခေါင်းထဲမှာ ဖြတ်ခနဲပေါ်လာရင် ကိုယ်တွေ က ဆတ်ခနဲ အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်ဆိုတာ ငါသိသွားတယ်… ဒါ ငါ့ရဲ့အဖြေဘဲ။

အဲတော့… ဒီအချိန်မှာ မင်းတို့ကောင်းမှုဆိုတာတွေ မင်းတို့ဆီမှာ ပေါ်ချင်မှ ပေါ်ဦးမယ်။ ဒါပေမဲ့ တစ်ချိန်မှာတော့ ပေါ်လာမှာဘဲ။ အဲဒီလို ပေါ်လာတဲ့အချိန်ဟာ မင်းတို့ သက်တမ်းစေ့သွားတဲ့အချိန်၊ ကမ္ဘာ မြေပြင်ကနေ ထွက်ခွာသွားတဲ့အချိန်မဖြစ်ဖို့ အရေးကြီးတယ်။ ငါ ဟိုတလောက မလေးရှားကိုသွားတယ်။ မလေးရှား လူမှုရေးအသင်းတွေ ဖိတ်ကြားလို့ငါသွားတယ်။ ဟိုရောက်တော့ ငါမေးတယ်။ ခင်ဗျားတို့ အသင်းအဖွဲ့တွေ ဒီနာရေးကိစ္စလုပ်တာ ဘယ်လိုလူတွေကိုအများဆုံး အကူအညီပေးရတာလဲလို့ မေးတယ် (ဥပမာ) သက်တမ်းစေ့လို့ အကူအညီပေးရတဲ့ သူတွေများလား?၊ ကျန်းမာရေးချို့ယွင်းလို့ ဆုံးပါးသွားတဲ့ သူတွေများလား? စသဖြင့်ပေါ့။ သူတို့ကဖြေတယ်။ ငါအရမ်း… တုန်လှုပ်သွားတယ်။ ဘာလည်းဆိုတော့… “ကျွန်တော်တို့ အသုဘပေါင်း မြောက်များစွာချခဲ့ပါတယ်၊ ကျွန်တော်တို့ချပေးတဲ့ အသုဘတွေက လူငယ်၊ လူရွယ်တွေဘဲ ဖြစ်ပါတယ်တဲ့…” ဘာဖြစ်လို့လဲ ? ဘာဖြစ်လို့လူငယ်၊ လူရွယ်တွေများတာလည်း? သူတို့က ပြောတယ် ဒီမှာက… မလေးရှားနိုင်ငံကို လာအလုပ်လုပ်တယ်၊ အလုပ်ပင်ပန်းလို့ဘဲဖြစ်ဖြစ်၊ ပင်ပန်းမှုဒဏ် ကို ဖြေဖျောက်ဖို့ အရက်သေစာ၊ မူးယစ်ဆေးတွေသုံးစွဲတယ်။ အဲဒါနဲ့ဘဲ ဆုံးတာတွေများတယ်တဲ့…။ သွားပြီ။ ဒီလိုဆုံးပါးသွားတဲ့သူတွေရဲ့ မိသားစုတွေအတွက်ရင်နာစရာ၊ ရင်ကျိုးစရာအပြင် ငါတို့မြန်မာနိုင်ငံ အတွက် အနာဂတ်ခေါင်းဆောင် ကြယ်ပွင့်လေးတွေ ကြွေလွင့်သွားတာကို ငါယူကြုံးမရဖြစ်မိတယ်။ မင်းတို့ လည်း စဉ်းစားကြည့်။ ငါတို့မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆုတ်ကိုင်ကြမယ့် မင်းတို့လို လူငယ်၊ လူရွယ်တွေ တစ်စစီ… တစ်စစီ မကြွေသင့်ဘဲနဲ့ကြွေကုန်တာ ငါတို့နိုင်ငံအတွက် ဘယ်လောက်ဆုံးရှုံးမှုတွေ ဖြစ်ကုန်ပြီ လည်း? ဒါ ငါစဉ်းစားတယ် ဘာကြောင့်မို့ ဒီလိုကြွေလွင့်ကုန်တာလည်း။ အမှန်တော့ ကိုယ့်နေအိမ် ကိုယ့်ခြံ ဝန်းဟာ သာယာလှပ၊ စိမ်းလန်းစိုပြေနေတယ်ဆိုရင် ဘယ်သူမှ ကိုယ့်နေအိမ်ကနေပြီးတော့ ခြေစုံပစ် ထွက်ခွါသွားမှာမဟုတ်ဘူး။ နေအိမ်မှာနေရတာ ဆင်းရဲတယ်၊ ကျပ်တည်းတယ်၊ ဒုက္ခများတယ်၊ ဆူပူမှုတွေ ဖြစ်တယ်၊ မငြိမ်းချမ်းဘူးဆိုရင် ဘယ်သူမဆို နေအိမ်ကထွက်ခွါသွားမှာကတော့ ဓမ္မတာဘဲ။ ဒါ ငါနားလည် တယ်။ အဲတော့ ဒီလိုထွက်ခွါသွားတဲ့အချိန်မှာ တစ်ခြားအိမ်ကို ရောက်သွားပြီဘဲထား တစ်ခြားအိမ်မှာ ကိုယ်ကလည်း ထွက်ပေါက်ရှာတာ တစ်လွဲထွက်ပေါက်မဖြစ်ဖို့ အရေးကြီးပြန်တယ်။ မှန်ကန်တဲ့ ထွက် ပေါက်ဖြစ်ရမယ်။ ကိုယ်က ကိုယ့်တိုင်းပြည်ကနေ ထွက်ခွါသွားတယ် ပြည်ပရောက်တယ် ပြည်ပမှာ ကိုယ် ဘယ်လိုရှာဖွေမယ် စုဆောင်းမယ် ကိုယ့်မိသားစုကို ကိုယ်ဘယ်လိုပြန်ပြီး အကျိုးပြုမယ်၊ ဘယ်လို ထောက်ပံ့မယ် ဒါတွေကို စဉ်းစားရတော့မယ်။ အခု မင်းတို့ဖြစ်နေတာက ပြည်ပရောက်တယ်၊ အလုပ်လုပ် တယ်၊ ပင်ပန်းတယ်၊ ပင်ပန်းလို့ဘဲသောက်သောက်၊ စိတ်ညစ်လို့ဘဲသောက်သောက်၊ အိမ်ကိုလွမ်းလို့ဘဲ သောက်သောက်၊ အသည်းကွဲလို့ဘဲသောက်သောက်၊ အခုသောက်သမျှအားလုံးဟာ မင်းတို့ရဲ့ ဘဝတွေ ကြွေလွင့်ကုန်နေရတယ်။ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မအိုဆေးကို မသောက်ကြပါနဲ့။ မအိုဆေးဆိုတာ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်မကြီးဘဲနဲ့ သေဆုံးသွားတဲ့အတွက် မအိုဆေးကို မသောက်ကြပါနဲ့လို့ ငါကပြောတာ။ အိုတဲ့အထိကို မခံဘူး၊ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြပြီ။ ဒါ…နှမြောစရာကြီးပါ။ ဒီလို ဆုံးပါးသွားတာကလည်း မင်းတို့ ညှင်ညှင်သာသာ သေဆုံးသွားတာမဟုတ်ဘူး။ မင်းတို့ဆုံးပါးသွားပြီး တော့ မင်းတို့ရောက်သွားတဲ့ အခြားဘုံဘဝကနေပြီးတော့ မင်းတို့ခန္ဓာကိုယ်တွေကို ကြည့်ကြည့်စမ်း၊ ပုံဆိုး ပန်းဆိုး၊ ပုံပျက်ပန်းပျက်နဲ့ ကျန်ခဲ့တာကို မင်းတို့မြင်တွေ့လား…? မင်းတို့ ပြန်တွေးကြည့် စားသောက်ဆိုင် ထဲမှာ အော့အန်ပြီးသေတယ်၊ အိမ်သာထဲမှာ အော့အန်ပြီးသေတယ်၊ အိမ်သာအိုးထဲကို လက်တွေနှိုက် ထားတယ်၊ အားကိုးတကြီးနဲ့ လက်တွေဆုတ်ကိုင်ထားကြတယ်၊ သွေးတွေအန်တယ်၊ ပုံပျက်၊ ပမ်းပျက် မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက ကလီဇာတွေ တစ်စစီ ပြတ်တောက်နေတာတွေကို မင်းတို့ ပြန်ခံစားကြည့်ပါ။ ပြန်မြင်ယောင်ကြည့်ပါ။ ဒါမျိုးတွေက မဖြစ်သင့်တော့ပါဘူး။ လောကကြီးနဲ့ မင်းတို့မိသားစုတွေ သာယာ စိုပြေ၊ စိမ်းလန်းဖို့ ငြိမ်းချမ်းဖို့ မင်းတို့လူငယ်တွေ လက်ထဲမှာရှိတယ်။ ဒီလိုဖြစ်ကုန်တာကလည်း ဒါဟာ ဝိသမလောဘသားတွေရဲ့ လက်ချက်ပဲ။ မင်းတို့သောက်နေတဲ့အရက်တွေ အရက်နှစ်မျိုးရောတယ်။ ဒီ အရက်တွေအားလုံးက ကယ်လ်မီကယ်တွေ ဓါတ်မြေသြဇာတွေပါတယ်၊ အယ်လ်ကိုဟော ပါဝင်တဲ့ ရာခိုင်နှုန်းတွေက မမှန်ကန်တော့ မင်းတို့ဝမ်းထဲမှာ လှိုက်စားကုန်တယ်။ သွေးပြန်ကြောတွေ ပေါက်ထွက် ကုန်တယ်။ မင်းတို့ဆုံးသွားပြီ။ ဆုံးသွားတဲ့အခါ မင်းတို့ခန္ဓာကိုယ်ကို သက်သက်သာသာ၊ လွယ်လွယ် ကူကူနဲ့ သင်္ဂြိုလ်ပေးရတယ်လို့တော့မထင်နဲ့ နေထိုင်ခွင့်ကျော်လွန် (Over Stay) တွေဖြစ်တဲ့အတွက် သံရုံး က မင်းတို့အတွက် စာထွက်တာနောက်ကျတယ်။ နှောင့်နှေးတယ်။ ပြည်ပရဲကလည်း လာဘ်ပေးလာဘ်ယူ တွေလုပ်တယ်။ စီးပွားရေးသမားတွေကလည်း လာဘ်ထိုးတယ်။ အမှန်မှာ မင်းတို့ခန္ဓာကိုယ် ဆုံးပါးသွား တယ်ဆိုရင် မင်းတို့ခန္ဓာကိုယ်ကို ခွဲစိပ်ပြီးတော့ ဆေးစစ်ချက်ယူတယ်ဆိုရင် ပေါ်ပေါက်လာတဲ့ ဆေး စစ်ချက်အရ စားသောက်ဆိုင်(ဒါမှမဟုတ်) ဒီအရက်ထုတ်လုပ်တဲ့ အရက်ကုမ္ပဏီကို အရေးယူလို့ရတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ စားသောက်ဆိုင်တွေကနေ ရဲကိုလာဘ်ထိုးထားတယ်။ အဲ့ဒီတော့ မင်းတို့ရဲ့ သေဆုံးသွား တဲ့ ခန္ဓာကိုယ်ကို လွယ်လွယ်ကူကူနဲ့ သင်္ဂြိုလ်ပစ်လို့ မရတော့ဘူး၊ သင်္ဂြိုလ်မခံရတော့ဘူး၊ ပုံပျက်ပန်းပျက်နဲ့ ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ ဒီပြင် လမ်းဘေးသေဆုံးသွားတဲ့ အလောင်းတွေနဲ့အတူ ရောနှောပြီး သင်္ဂြိုလ်ခံ ရတော့မယ်။ အဲတော့ မင်းတို့ဒါတွေကို မြင်တွေ့ကြပါ။ မင်းတို့ရှာထား၊ ဖွေထား၊ စုထား၊ ဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ပျော်ရွှင်စွာနဲ့ မင်းတို့အမိမြန်မာနိုင်ငံကို အချိန်တန်လို့ ပြန်လာကြမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ၊ မင်းတို့မိသားစုတွေ မင်းတို့ကို စောင့်မျှော်နေကြပါတယ်။ ဒါမင်းတို့ကို ငါ ဆရာလုပ်တာ မဟုတ်ဘူး။ ငါ့ အတွေ့အကြုံတွေကို မင်းတို့အားလုံးကိုပြောပြတာ ပြောပြတယ်ဆိုတာ ပြည်တွင်းကကော ပြည်ပကကော ငါ့သူငယ်ချင်းတွေအားလုံးကို ပြောပြတာ။ အခုဆိုမကြာတော့ဘူး လာတော့မယ် သင်္ကြန်… သင်္ကြန်မှာ လုပ်ကြဦးမယ်၊ သောက်ကြဦးမယ်၊ သေကြဦးမယ်။ အဲတော့ မင်းတို့ကပြောမယ်၊ ငါတို့ဘာသာ ငါတို့သောက်တာ၊ ငါတို့ဘာသာ ငါတို့သေတာ မင်းနဲ့ဘာဆိုင်လဲ၊ ခင်ဗျားကြီးနဲ့ ဘာဆိုင်လည်းလို့။ အေး… ဆိုင်တယ်။ ငါတို့ကတော့ သေသွားတဲ့ သူတွေရဲ့ ခန္ဓာကိုယ်မှန်သမျှကို ငါတို့သင်္ဂြိုလ်ပေးနေရတာ၊ အခမဲ့ သင်္ဂြိုလ်ပေးနေရတာ၊ မင်းတို့ … ငါတို့ကို စိန်ခေါ်မယ်ဆိုရင် မင်းတို့ဘဲ ဘယ်လောက်သေနိုင်မလဲ။ ငါတို့ဘဲ အသုဘ ဘယ်လောက်ချပေးနိုင်မှာလဲဆိုတာ မင်းတို့ဘဲစောင့်ကြည့်။ ဒါမှမဟုတ်ရင် မင်းတို့မနေနိုင်လို့ သောက်တဲ့အခါ ပထမဦးဆုံးမင်းတို့ကို မင်းတို့ “သရဏဂုံ” အရင်တင်ပြီးတော့ မင်းတို့သေသွားရင် နောက် ဆက်တွဲ မဖြစ်မနေဆက်ဆံရမဲ့ စားသောက်ဆိုင်၊ ရဲ၊ ရင်ခွဲရုံ၊ ဆရာဝန်၊ မင်းတို့ရဲ့ သောက်ဖော် သောက် ဖက်တွေနဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်ကို အခမဲ့ သင်္ဂြိုလ်ပေးမယ့် နာရေးကူညီမှုအသင်းတွေကို အရင်ဆုံး မေတ္တာပို့ထား။ ဒါမှ မင်းတို့သေဆုံးသွားရင် မင်းတို့ရဲ့ခန္ဓာကိုယ် လွယ်လွယ်ကူကူ လျှောလျှောရှူရှူ မီး သင်္ဂြိုလ်စက်ထဲကိုရောက်သွားမှာ။ အဲ့တော့ မင်းတို့ကို ငါ စကားအကောင်းဘဲပြောချင်တယ် မင်းတို့ ဒီ သေရည်အရက်ကို မသောက်ကြပါနဲ့၊ သေရည်သေရက်နဲ့ ထွက်ပေါက်မရှာကြပါနဲ့၊ သေရည်သေရက်နဲ့ မင်းတို့ ဂုဏ်သိက္ခာကို မထိခိုက်စေပါနဲ့၊ သေရည်သေရက်နဲ့ မင်းတို့မိဘ ဆွေမျိုးသားချင်းတွေ မျက်နှာ မပျက်ပါစေနဲ့၊ သေရည်သေရက်နဲ့ အမိမြန်မာနိုင်ငံကြီး မပျောက်ဆုံးသွားပါစေနဲ့ ဒါတွေဟာ မင်းတို့ကို မင်းတို့အတွက် personal ပြောတာ။ သတိပေးတာ။ တောင်းပန်တာ။ ဒီထက် တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ ကြီးကျယ်တဲ့ စကားလုံးကြီးတွေကို ပြောရမယ်ဆိုရင် “လူမျိုးတစ်မျိုး နိမ့်ကျပျက်စီးစေရန် အရက်နှင့် ဘိန်း သည် အသံတိတ်ဗျူဟာမြောက် လက်နက်ဖြစ်သည်” လို့ “သုစရိတယုဝ” (အရက်မသောက်သူများ အသင်း)က ထုတ်ထားတဲ့ စာမှာပါလာတယ်။ အဲဒီအကျိုးပြုစာမှာပါတဲ့ အချက်တစ်ချို့ကို မင်းတို့ကို ငါပြောပြမယ်။ မြန်မာတို့၏ အမျိုးဂုဏ်နိမ့်ကျပျက်စီးစေရန် အရက်နှင့်ဘိန်းကို ဒလဟော သုံးစွဲကြစေရန် ဗြိတိသျှကိုလိုနီခေတ်မှာ မြန်မာပြည်အား ကျွန်ပြုအဓမ္မ အုပ်ချုပ်စဉ်ကာလတုန်းက တိုင်းပြည်တွင်း အရက် သမား ဘိန်းစားများ ပေါများလာပါက အုပ်ချုပ်ရာတွင် လွယ်ကူ၍ ဂုတ်သွေးစုပ်နိုင်ရန် အထူးရည်ရွယ်ချက် စီမံချက်ဖြင့် အသံတိတ်လက်နက်ကို အသုံးပြုခဲ့ကြသည်။ အသိဉာဏ်မဲ့၊ ပညာမဲ့သော မြန်မာလူမျိုး အများစုသည် အရက်သမား ဘိန်းစားဘဝကိုကျရောက်ပြီး နိမ့်ကျသော လူမျိုးတစ်မျိုးဘဝသို့ ရောက်ရှိခဲ့ ကြသည်။ အဲဒီအချိန်မှာ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်မာကျောပြီး စာအလွန်ဖတ်ကြတဲ့၊ စာဂျပိုးများ ဖြစ်တဲ့ မြန်မာမျိုးချစ်လူငယ်တစ်စုက YMBA လို့ခေါ်တဲ့ “ဗုဒ္ဓကလျာဏယုဝအသင်း” ကို အေဒီ ၁၉ဝ၆ ခုနှစ် မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး နေမဝင်အင်ပါယာ ဗြိတိသျှ ကိုလိုနီနယ်ချဲ့အစိုးရ အား အရက်ရောင်းချ ချက်လုပ်ဖြန့်ဖြူးခွင့်ဥပဒေကို တားမြစ်ပေးဖို့ ရဲရဲဝင့်ဝင့် ပြတ်သားစွာ တောင်းဆိုခဲ့ သည်။ ဒီလို အသံတိတ်လက်နက်ဖြစ်တဲ့ အရက်သေစာ မူးယစ်ဆေးဝါးတို့နဲ့ တိုင်းပြည်ပျက်သွားတဲ့ သာဓကတွေလည်း ကမ္ဘာ့နိုင်ငံတွေမှာရှိခဲ့တယ်။ ဒါကြောင့် ငါတို့မြန်မာနိုင်ငံမှာ သေရည်အရက် မူးယစ် ဆန့်ကျင်တားမြစ်တဲ့ကိစ္စမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတင်မကဘူး နိုင်ငံတွင်းနေထိုင်ကြတဲ့ အခြားဘာသာ ဝင်တွေပါ ပါဝင်ကြဖို့၊ မြန်မာပြည်ဘွား တစ်မျိုးသားလုံးရဲ့ တာဝန်ကြီးတစ်ရပ်လည်းဖြစ်တယ်။ နိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာနအပါအဝင် အစိုးရဌာနပေါင်းစုံ၊ နိုင်ငံရေးပါတီအင်အားစုပေါင်းစုံ၊ ပရဟိတ အင်အားစုပေါင်းစုံတို့ကပါ ပြည်သူလူထုအင်အားစုနှင့် ပူးပေါင်းပြီး ဒီအရက် မူးယစ်တိုက်ဖျက်ရေးကို ထိရောက်စွာ ပြုလုပ်သင့်တဲ့ အချိန်လည်းရောက်ပြီဖြစ်တယ်။ ……. ဒါပါဘဲ။ အခုတော့ကွာ မင်းတို့တွေက ရဲဆေးတင်ဖို့ဘဲဖြစ်ဖြစ်၊ နာမည်ကြီး အရက်ပုလင်းကိုကိုင်ပြီး အောက်ခြေလွတ်တဲ့သူကလွတ်၊ အရက်သေ စာသောက်ပြီး လူမသိ သူမသိ အရိုင်းအစိုင်း သတ္တဝါတစ်ကောင်လို ဖြစ်လိုဖြစ်၊ အဲဒီနောက် လူသတ်မှု၊ မုဒိန်းမှု၊ ရိုက်မှု၊ ဆဲမှု အမှားပေါင်း မြောက်များစွာတွေ နောက်ဆက်တွဲ ကျူးလွန်ကုန်ကြပြီ။ ဒီလို ဘုရား မကြိုက်တဲ့အလုပ်၊ နတ်ဒေဝါတို့ ရွံရှာတဲ့လုပ်ရပ်၊ လူအများမနစ်မြို့တဲ့ အကုသိုလ်လုပ်ရပ်တွေကို အခု တော့ မင်းတို့အရွယ်တင်မကဘူး။ လူကြီးတွေပါ လုပ်ကုန်ကြတော့ ငါ အရမ်းဆိုးရိမ်မိတယ်။ ဒီတော့ လူကြီးတွေကတော့ လူကြီးတွေပဲ ခေါက်ရိုးကျိုးနေပြီ။ ဒီလူကြီးတွေကို ခေါက်ထားလိုက်တော့။ မင်းတို့ လူငယ်တွေက ဖြူစင်တယ်။ သန့်ရှင်းတယ်။ နုငယ်တဲ့နှလုံးသားတွေရှိတယ်။ မင်းတို့မှာ အင်အားရှိတယ်။ ပါဝါရှိတယ်။ သတ္တိရှိတယ်။ မခံချင်စိတ်ရှိတယ်။ အဲဒီအင်အားစုတွေကို မင်းတို့မိသားစု၊ ငါတို့တိုင်းပြည် အတွက် အသုံးချလိုက်ရင် ဘယ်လောက်တန်ဖိုးရှိမလဲ။ အေး… မင်းတို့ကို ငါ ရိုးရိုးရှင်းရှင်းဘဲ ငါပြောမယ်။ သူတစ်ပါးအသက်သက်ခြင်း၊ သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးအိမ်ရာအား ပြစ်မှားကျုးလွန် ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်း၊ မူးယစ်စေသောအရက်သေစာ သောက်သုံးခြင်းဆိုတာတွေဟာ ငါတို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရား တင်မကဘူး ဘယ်ဘာသာ ဘယ်လူမျိုးမှ ကြိုက်နှစ်သက်တဲ့ လုပ်ရပ်တွေမဟုတ်ဘူး။ လူဆိုတာ လူ့ကျင့်ဝတ်ရှိရမယ်၊ ဒါမှလူပီသမယ်။ လူပီသမှ ကိုယ့်ပါတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်တိုင်းပြည်တင်မကဘူး ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းမှုကိုရမယ်။ ငါတို့ ဗုဒ္ဓမြတ်စွာဘုရားက အခုလို သီလကျိုးပေါက်မယ့် ကိစ္စရပ်တွေကိုမလုပ်ဖို့ သတိပေးထားသလို၊ လုပ်ရန်လည်း အားပေးမှု မပြု လုပ်ဖို့ ဆုံးမသြဝါဒ ဟောကြားထားခြင်းဖြစ်တယ်။ အခုငါတို့ဟာ ဘုရားကြိုက်တဲ့ အလုပ်ဖြစ်တဲ့ ပရဟိတ အလုပ်ကို လုပ်ကိုင်နေကြလို့ ငါတို့မှာ သူငယ်ချင်းတို့ကို အခုလို ဒီမူးယစ်သေစာ သောက်သုံးခြင်းကို မပြုဖို့ တောင်းပန်ရတာဖြစ်တယ်။ ကဲ … ဒါပါဘဲကွာ။ အဲဒီတော့ မင်းတို့ကို ငါတောင်းပန်တယ်။ ငါဒီလို မင်းတို့ကို ကြီးကြီးကျယ်ကျယ်တွေပြောတာ စေတနာနဲ့ပါ။ ငါတို့ဟာ သေလူတွေအားလုံးအတွက် ငါတို့ ကူညီပေးနေ ရတာပါ။ ဒါအပြင် ရှင်လူတွေအတွက်ပါ ငါတို့မှာတာဝန်ရှိနေပြီ။ နာရေးကူညီမှုလုပ်တယ်။ သုခကုသိုလ် ဖြစ်ဆေးခန်းဆိုပြီး ကျန်းမာရေးစောင့်ရှောက်တယ်။ သုခအလင်းဆိုပြီးတော့ ပညာရေးတွေပေးတယ်။ အလုပ်အကိုင်တွေရကုန်တယ်။ ပညာတတ်တွေဖြစ်ကုန်တယ်။ ကျန်းမာရေးတွေကောင်းကုန်တယ်။ ဒီကြား ထဲမှာ စစ်ဘေးဒုက္ခသည်တွေကို ငါတို့ကူညီစောင့်ရှောက်တယ်။ သက်ရှိထင်ရှား ဒုက္ခရောက်နေတဲ့ သူတွေ ကိုစောင့်ရှောက်တယ်။ အဲတော့ ငါတို့မှာတာဝန်ရှိလို့ ဒီစကားကို ပြောတာဖြစ်တယ်။ မင်းတို့ငါ့ကို နားလည် ပေးမယ်လို့ ငါယုံကြည်တယ်။ မင်းတို့ငါ့ကို ချစ်တယ်ဆိုရင် ငါပြောတဲ့စကားကို နားထောင်ကြပါ။ မင်းတို့ တတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မအိုသေးခင် ဘဝကူးပြောင်းစေတဲ့ ဒီ “မအိုဆေး” ကို မသောက်ကြပါနဲ့လို့ ငါ တောင်းပန်ပါတယ် ချစ်သူငယ်ချင်းတို့ . . . . ။

(ကျော်သူ)

0 comments: