Friday, March 8, 2013

ငြိမ်းချမ်းရေး နိုဘယ်ဆု အမှတ်တရ

ငြိမ်းချမ်းရေး နိုဘယ်ဆု အမှတ်တရ

အခုတစ်လောဖတ်ရတဲ့ ဂျာနယ်တွေမှာ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ စာရင်းတင်သွင်းကြတယ်ဆိုတဲ့ သတင်းပါလာပါတယ်။ ၀မ်းသာစရာ သတင်းကောင်းပေါ့ဗျာ။ သမ္မတကြီးသာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရရင် ကျွန်တော်တို့ ပြည်ထောင်စု တစ်ဝှမ်းလုံး နိုင်ငံသားအားလုံးက ၀မ်းသာပျော်ရွှင်ကြမှာ မလွဲပါဘူး။ ဂုဏ်ယူလို့ မဆုံးဖြစ်နေကြမှာပါ။ မြန်မာနိုင်ငံအဖို့လည်းဘဲ အာစီယံနိုင်ငံတွေထဲမှာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နှစ်ဦးရှိနေတဲ့ နိုင်ငံအဖြစ်နဲ့ ဂုဏ်ယူဝင့်ကြွားစရာ သိပ်ကိုကောင်းမှာပါ။ အခုဆိုရင် ဒီသတင်းကို ကြားကြတဲ့ ပြည်သူတွေကလည်း ဆုချီးမြှင့် ခံရဖို့ကို ၀ိုင်းဆုတောင်းနေကြမှာ မလွဲပါဘူး။

အဲဒီအကြောင်းတွေကို စဉ်းစားမိတော့ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုနဲ့ ပတ် သက်ပြီး ကြုံခဲ့ဆုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးကို ပြန်သတိရမိသွားပါတယ်။

၁၉၉၁ ခုနှစ် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဖြစ်ရွေးချယ်ကြောင်း ကြေညာပြီး တစ်ပတ်လောက်မှာ ထင်ပါတယ်။ ရက်စွဲကတော့ မမှတ်မိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိတဲ့အကြောင်း တစ်ပြည်လုံး အုံးအုံးကြွက်ကြွက် ဝေဖန်ပြောဆိုနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆီကို ဖိတ်စာတစ်စောင်ရောက်လာပါတယ်။ ပန်းပဲတန်းမြို့နယ် ပြည်သူ့ကောင်စီရုံး (အဟောင်း) နေရာကို နေ့လယ် ၁၂ နာရီ အရောက်ကြွခဲ့ဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပါတီတွေထဲမှာ အချင်းချင်းပြောဆို နောက်ပြောင်နေကြတာရှိပါတယ်။ ဖိတ်စာ ရပြီလားဟေ့ ဆိုရင် ဒါ ခေါ်ပြီး ဆူတော့မယ် ပူတော့မယ် ဆိုတဲ့ သဘောကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဒီလိုမျိုး နောက်ပြောင်နေကြ ဖြစ်ပါတယ်။

ကျွန်တော်တို့လည်း ဖိတ်စာရပြီပေါ့။ ဒါပေမဲ့ ဘာအတွက် ဖိတ်တာလည်း အကြောင်းအရာကိုတော့ မသိကြ ပါဘူး။ ခေါ်ရင်တော့ ရှောင်နေလို့လည်း မဖြစ်ပါဘူး။ အတိအကျကို သွားရပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ကျွန်တော်နဲ့ အတူသွားကြတာက ကျွန်တော်တို့ပါတီ ဥက္ကဌ ခွန်ထွန်းဦး ဖြစ်ပါတယ်။ ပထမ ကတော့ ကျွန်တော်တို့ တစ်ဖွဲ့ထဲကို ခေါ်ထားတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ကျွန်တော်တို့ရောက်သွားတော့ ပါတီတွေ အတော်များများ ရောက်နေတာတွေ့ ရပါတယ်။ ဘာအကြောင်းအရာနဲ့ ခေါ်ထားသလဲ ဆိုတာ မသိကြခင်မှာဘဲ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ရတဲ့အကြောင်းကို ၀ိုင်းပြီး ပြောနေကြတာပါ။ ဝေဖန်နေကြတာပါ။ ရှုထောင့် အမျိုးမျိုးကနေပြီး ပြောနေကြတာပါ။ မကြာပါဘူး ပန်းပဲတန်းမြို့နယ် ပြည်သူ့ကောင်စီရုံးအဟောင်းရဲ့ အပေါ်ထပ်မှာ စားပွဲတစ်ခုစီမှာ တပ်ကြပ်ကြီးစာရေးတစ်ယောက်စီဟာ ဖိုင်တွဲတစ်ခုကို ရှေ့ချထားပြီး ပါတီတွေရဲ့ အမည်ကို ခေါ်ပြီးတွေ့ပါတယ်။

အဲဒီမှာ ပြဿနာက စတော့တာပါဘဲ။ စားပွဲလေးငါးလုံး ခွဲပြီးချထားပါတယ်။ စားပွဲတစ်လုံးကို ဘယ်ပါတီဆိုပြီး တာဝန်ခွဲဝေထားကြပုံ ရပါတယ်။ တစ်ဖွဲ့ချင်းကို ခေါ်ပြီး ပြောပါတယ်။ အခု မကြာခင်က ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တာဟာ မြန်မာ့နိုင်ငံရေးထဲကို ထဲထဲဝင်ဝင် ၀င်ရောက်နှောက်ယှက်တာ ဖြစ်ကြောင်း၊ ပြည်တွင်းရေးကို ရှုပ်ထွေးအောင်လုပ်တာဖြစ်ကြောင်း။ ဒါကြောင့် ဒီလိုဆုချီးမြှင့်ခံရတာကို လက်မခံနိုင်ကြောင်း၊ သဘောမတူကြောင်း လက်မှတ်ထိုးပေးပါ ဆိုပြီး တောင်းဆိုပါ တော့တယ်။ ကျွန်တော်တို့က ပြောပါတယ်။ ဒီကိစ္စက ကျွန်တော်တို့ ပါတီနဲ့ မသက်ဆိုင်ကြောင်း၊ ဒါကြောင့် ဘာမှ သဘောထားမှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။ အဲဒီမှာ အခြေအတင်တွေဖြစ်ပြီး အတော်ကြာနေပါတော့တယ်။ တစ်ခြားစားပွဲက ပါတီတွေကတော့ ဘယ်လိုဖြေရှင်း သွားကြသလဲတော့ မသိပါဘူး။ ပြောကြဆိုကြပြီး အသီးသီး ပြန်သွားကြပါတော့တယ်။ ညနေစောင်းမှာတော့ ကျွန်တော်တို့ ပါတီနဲ့ ဆရာကြီး ဦးစောမြအောင်နဲ့ ဦးအေးသာအောင်တို့ ခေါင်းဆောင် တဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် တို့ဘဲ ကျန်နေပါတော့တယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့ ထိုင်နေတဲ့ စားပွဲရှေ့ကို ဖြတ်ပြီး ဗိုလ်မှူး ရာထူးတံဆိပ်တပ်ထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်က ခြေသံပြင်းပြင်းနဲ့ ခေါက်တုန့်ခေါက်ပြန် လျှောက်နေပါတယ်။ ပါးစပ်ကလည်း တောက်တစ်ခေါက်ခေါက်နဲ့ အတော့်ကို ဒေါသထွက်နေပုံ ရပါတယ်။ ခင်းထားတာက ပျဉ်ကြမ်းခင်းဆိုတော့ သူ့စစ်ဖိနပ်ခြေသံက အတော့်ကို ကျယ်လောင်ပါတယ်။ သူ့ပခုံးပေါ်မှာ တင်ထားတဲ့ ရာထူးတံဆိပ်တွေက ရွှေရောင်တောက်နေသလို သူ့ဘယ်ရင်အုံပေါ်က တံဆိပ်ရောင်စုံတွေဆီက ရောင်ပြန်ဟပ်လို့လားမသိပါဘူး သူ့မျက်နှာက နီမြန်းနေပါတယ်။ ခါးမှာလည်း သေနတ်နဲ့ စကားပြောစက်တွေနဲ့ တစ်ခြားကျွန်တော်မသိတဲ့ဟာတွေ ချိတ်ထားတာလည်း အပြည့်ပါဘဲ။ အဆိုးဆုံးကတော့ တင်းမာခက်ထန်နေတဲ့ သူ့မျက်နှာနဲ့ သူ့ရဲ့ ပါးစပ်က ထောက်ခေါက်သံ၊ ဆောင့်နင်းနေတဲ့ သူ့ရဲ့ ခြေသံတွေပါဘဲ။ တစ်ခါတစ်ခါမှာတော့ အလကားကောင်တွေ ကိုယ့်တိုင်းပြည်ကို ကိုယ်မချစ်တဲ့ကောင်တွေ ဆိုပြီး ရေရွတ်နေပါသေးတယ်။ ကျွန်တော်တို့ကိုတော့ ဘာမှမပြောပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နားကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတော့ ကျွန်တော်တို့နဲ့ အခြေအတင်ပြောနေတဲ့ တပ်ကြပ်ကြီးလည်း ဘယ်မှာ မျက်နှာကောင်းနိုင်ပါတော့မလဲ။ စဉ်းစားကြည့်ပေါ့။ နောင်အခါမှာတော့ ထောက်လှမ်းရေး -၁၄ က တပ်မှူး လို့ ပြောကြပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကျွန်တော်ကတော့ အဲဒီလောက်အမူအရာတွေနဲ့ အတင်းအကြပ် လုပ်နေတာကို အံ့လည်းအံ့သြတယ်။ စိတ်လည်း အတော်ပျက်မိတယ်။

ကျွန်တော်တို့က ရှင်းပြတယ်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရတာ လူပုဂ္ဂိုလ် တစ်ယောက်ချင်းအနေနဲ့ ကျွန်တော်တို့ကတော့ ဂုဏ်ယူတယ်။ ဒါပေမဲ့ ဒါဟာ NLD ရဲ့ အထွေထွေအတွင်းရေးမှူးကို ပေးတာ မဟုတ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးကို ဆုပေးတာဖြစ်လို့ ကျွန်တော်တို့ ပါတီထဲမှာတော့ ဒီကိစ္စကို ထည့်ဆွေးနွေးတာ မရှိခဲ့ဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပေးတာဆိုရင်တော့ ဆွေးနွေးကောင်း ဆွေးနွေးပါမယ်။ လူပုဂ္ဂိုလ် တစ်ယောက်အကြောင်းကတော့ ပါတီထဲမှာ ဆွေးနွေးတာ မရှိဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုနဲ့ ပတ်သက်ပြီး ဘာသဘောထားမှ မရှိပါဘူး။ ဒါကြောင့် ပါတီအနေနဲ့ ဘယ်လိုလုပ်ပြီးမှ လက်မှတ်ထိုးစရာ မရှိဘူး။ ဆုံးဖြတ်ချက် မရှိတဲ့ အကြောင်းအရာကို လက်မှတ်မထိုးနိုင်ဘူး ဆိုပြီး ငြင်းနေခဲ့တာပါ။

အတော်ကြာလာတော့ ဆရာကြီး ဦးစောမြအောင်နဲ့ ဦးအေးသာအောင်တို့ အဖွဲ့က ထပြန်သွားပါတယ်။ '' ဒါဘဲနော် နက်ဖြန်နေ့လယ် ၁၂ နာရီအထိ ကျုပ်တို့ ဒီမှာ စောင့်နေမယ်။ လာဖြစ်အောင် ပြန်လာရမယ် " လို့ အသံမာမာနဲ့ လှမ်းပြီး ပြောလိုက်သံကြားရပါတယ်။ ဟော ကျွန်တော်တို့ တစ်ဖွဲ့ဘဲ တစ်နည်း ကျွန်တော်တို့ နှစ်ယောက်ဘဲ ကျန်တော့ တာပေါ့။ ဘယ်လို လုပ်ရမလဲ။

ကျွန်တော် ကြိုးစားပြီး ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ၀င်စွက်ဖက်တယ်။ ပြည်တွင်းရေးကို စွက်ဖက်ခြင်းဖြစ်တယ် ဆိုတာ ကျွန်တော် တို့ ပါတီမှာ ဆုံးဖြတ်ဆွေးနွေးထားတာ မရှိလို့ လက်မှတ်မထိုးနိုင်တာ ဖြစ်ကြောင်း အကြိမ်ကြိမ် ရှင်းပြပေမဲ့ မရပါဘူး။ ဒါဟာ ကျွန်တော်တို့ ပြည်တွင်းရေးကို ရှုပ်အောင် ၀င်ရောက်စွက်ဖက်တာဖြစ်လို့ လက်မခံနိုင်ကြောင်း လက်မှတ်ထိုး ဖို့ချည်း ပြောနေပါတော့တယ်။ နေကလည်း အတော်စောင်းလာပါပြီ။ ခြေသံတွေကလည်း ပိုပြင်းလာပြီး ပါးစပ်က တောက်ခေါက် သံတွေလည်း ခပ်စိပ်စိပ် ဖြစ်လာနေပါပြီ။

နည်းလမ်းရှာတဲ့အနေနဲ့ တပ်ကြပ်ကြီးကို စာသားနည်းနည်း ပြောင်းလို့ မရဘူးလားလို့ မေးလိုက်ပါတယ်။ ဆရာကြီးကလည်း ချက်ချင်းဘဲ သူ့အရာရှိဆီကို ထသွားပြီး တင်ပြပါတယ်။ နောက် ပြန်လာပြီး စာရွက်လွတ် တစ်ရွက်ထိုး ပေးပြီး ဘယ်လိုပြင်ချင်လည်း ရေးပါ လို့ပြောပါတယ်။ ကျွန်တော်လည်း မတတ်သာတဲ့အဆုံးမို့ စာရွက်ပေါ်မှာ ဒေါ်အောင် ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ဖြစ်စေတယ်လို့ ဆိုခဲ့ရင် ကျွန်တော်တို့ မထောက်ခံပါဘူး လို့ ရေးပေးလိုက်ပါတယ်။ ပြဿနာ ပြီးသွားခဲ့ပါတယ်။

အခုနေ ပြန်တွေးကြည့်လိုက်တော့..... တကယ်ဆိုရင် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခိုင်အမာ ဆက်လက်ရပ်တည်နေရမှာပါ။ အမှန်ကို ၀န်ခံရရင် အဲဒီတုန်းက နိုင်ငံရေးပါး မ၀သေးပါဘူး။ ရပ်တည်ချက်ကလည်း မခိုင်မာသေးဘူးလို့ဘဲ ၀န်ခံရတော့မှာပါ။ မိုးကလည်းချုပ်တော့မယ်။ သူတို့ဖက်ကလည်း အလျှော့ပေးမယ့်ပုံလည်းမရှိပါ ဘူး၊ စိတ်ဓါတ်ကျတယ်ဆိုတာထက် အတော်ကို စိတ်ပျက်နေလှပါပြီ။ ဗိုလ်မှူးရဲ့ တောက်ခေါက်သံ ခြေပြင်းပြင်းနင်းနေသံ တွေကိုလည်း အတော်စိတ်ပျက်နေမိပါပြီ။ မြန်မြန်ပြီးဖို့ဘဲ စိတ်ကူးရှိနေပါတော့တယ်။ ဒါနဲ့ဘဲ "ဆိုခဲ့ရင်" ဆိုတဲ့ စကားလုံး အသုံးအနှုံးလေးကို သုံးပြီး နှစ်ဖက်အတွက် ထွက်ပေါက်ရှာလိုက်ရတာပါ။

အဲဒီအဖြစ်အပျက်က နှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။

အခု ကြားနေရတဲ့ သတင်းတွေအရ သမ္မတကြီးကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထား စာရင်းမှာ ပါတယ်ဆိုတော့ လွန်ခဲ့တာတွေကို ပြန်သတိရမိပြီး ရေးလိုက်တာပါ။ တစ်ဆက်ထဲမှာဘဲ အကယ်၍သာ သမ္မတကြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့ရင် ခြေသံပြင်းပြင်းနင်းနေတဲ့ ဗိုလ်မှူးရဲ့ မျက်နှာ ဘယ်လိုနေမှာပါလိမ့်။ နောက်ထပ်တစ်ဖန် ဒေါသ ထွက်နေအုန်းမလား။ ထောက်ခေါက်သံတွေ ညံနေအုန်းမလား။ နှစ်ဖက် ပြေလည်ရာ ပြေလည်ကြောင်း "ဆိုခဲ့ရင်" ဆိုတဲ့ စကားလုံးလေးတွေများ ထပ်ပြီး ရှာရလေအုန်းမလား။ စိတ်ကူးကြည့်မိပါတယ်။

ကဲ ခင်ဗျားတို့ကကော ဘယ်လို တွေးမိပြီး ဘယ်လိုထင်ပါသလဲ ?

အခုတော့လည်း တွေးစရာ မလိုတော့ဘူးပေါ့။ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဥရောပ သမဂ္ဂ အဖွဲ့ ကို ချီးမြှင့်လိုက်လို့ပါ။ ဟိုးအရင်က လူပုဂ္ဂိုလ် တစ်ချို့ တွေးထင်ခဲ့သလို မြန်မာ့ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ၀င်ရောက်စွက်ဖက်တာ (ဆိုခဲ့ရင်) ဆိုတာတွေလည်း စဉ်းစားစရာ မလိုတော့ဘူးပေါ့။ မြန်မာ့ဂုဏ်သိက္ခာ ထပ်တက်ရမယ့် အခြေအနေကတော့ လွဲသွားတာပေါ့လေ။ ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ။

မြန်မာ့ ဒီမိုကရေစီရေး ချီတက်မှုကြီး အနှောက်အယှက် ကင်းကင်းနဲ့ ချီတက်နိုင်ပါစေဗျာ။

စိုင်းညွန့်လွင်
၂၀၁၂ အောက်တိုဘာ (၁၈) ရက်။
------------------------------------------------
ငရဲ သား

အခုတစ်လောဖတ်ရတဲ့ ဂျာနယ်တွေမှာ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ စာရင်းတ...င်သွင်းကြတယ်ဆိုတဲ့ သတင်းပါလာပါတယ်။ ၀မ်းသာစရာ သတင်းကောင်းပေါ့ဗျာ။ သမ္မတကြီးသာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရရင် ကျွန်တော်တို့ ပြည်ထောင်စု တစ်ဝှမ်းလုံး နိုင်ငံသားအားလုံးက ၀မ်းသာပျော်ရွှင်ကြမှာ မလွဲပါဘူး။ ဂုဏ်ယူလို့ မဆုံးဖြစ်နေကြမှာပါ။ မြန်မာနိုင်ငံအဖို့လည်းဘဲ အာစီယံနိုင်ငံတွေထဲမှာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နှစ်ဦးရှိနေတဲ့ နိုင်ငံအဖြစ်နဲ့ ဂုဏ်ယူဝင့်ကြွားစရာ သိပ်ကိုကောင်းမှာပါ။ အခုဆိုရင် ဒီသတင်းကို ကြားကြတဲ့ ပြည်သူတွေကလည်း ဆုချီးမြှင့် ခံရဖို့ကို ၀ိုင်းဆုတောင်းနေကြမှာ မလွဲပါဘူး။

ကိုသောင်း ပုလဲမြေ(FB)စာမျက်နှာမှ

0 comments: