Wednesday, March 20, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စာအုပ်အဖုံးပါ ပြင်ရမယ့် သဘောရှိနေသည်ဟု ဦးခွန်ထွန်းဦးဆို



လားရှိုး၊ မတ် ၂၀။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား အရေးပြေလည်အောင် မဖြေရှင်းနိုင်ကြောင်း တွေ့ရပြီး ဥပဒေတွင် ပြန်လည် ပြင်ဆင်ရမည့် အချက်များ အများအပြားရှိနေသလို စာအုပ်အဖုံပါ ပြင်ဆင်ရမည်ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးက ယနေ့တွင် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင် ရေးဆွဲစဉ်ကတည်းက တိုင်းရင်းသားများ၏ အခြေခံရ ပိုင်ခွင့်တွေကို မထည့်သွင်း ခဲ့သည့်အတွက် SNLD ပါတီသည် စစ်အစိုးရက ဦးစီးကျင်းပ ပြုလုပ်ခဲ့တဲ့ အမျိုးသား ညီလာခံကို ကျောခိုင်း ခဲ့ရကြောင်းနှင့် လူထုဆန္ဒနဲ့ အညီ ရေးဆွဲထားတဲ့ အခြေခံဥပဒေ မရှိသေးသရွေ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာမှာမည် မဟုတ်ကြောင်း ဦးခွန်ထွန်းဦးက ဝေဖန် ပြောကြားသည်။

“လက်ရှိမှာ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေရတာဟာ အဓိကအားဖြင့်တော့ အခြေခံ ဥပဒေရဲ့ ပျော့ညံ့ ချက်တွေကြောင့်၊ စစ်တပ်ရဲ့ အခန်းကဏ္ဍ ပါဝင်မှုများတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်

တွေကြောင့် ဖြစ်ပါတယ်” ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။

တန်းတူရေး မရှိဘဲ ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်သလို ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲနဲ့ ဒီမိုကရေစီကို မတည်ဆောက်နိုင် ကြောင်းနှင့် ယုံကြည်မှုကို အမုန်းတရားနဲ့ မတည်ဆောက်နိုင်သလို ယုံကြည်မှုကို စစ်ပွဲတွေနဲ့ တည်ဆောက်လို့ မရနိုင်ကြောင်း သိရပြီး ယုံကြည်မှုကို အပြန်အလှန် လေးစားခြင်းအားဖြင့်၊ အပြန်အလှန် အသိအမှတ်ပြုခြင်းအားဖြင့်၊ အပြန်အလှန် ချစ်ကြည် ရင်းနှီးခြင်းအားဖြင့် သာလျှင် တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကယန်းအမျိုးသား ပါတီမှ ဦးခွန်မျိုးကလည်း “ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ်ဘဲ ပြန်လည် ရေးဆွဲလိုပါတယ်” ဟု ထောက်ခံ ပြောကြားသည်။

“ဗဟို အစိုးရ အားကောင်းအားသာပြီး အာဏာရှင် အစိုးရ ဘက်ကို ယိမ်းယိုင် သွားနိုင်ပါတယ်။ ဗဟို အစိုးရနဲ့ ပြည်နယ်အစိုးရ အာဏာခွဲဝေမှုကို စနစ်တကျ ခွဲဝေမှု လိုအပ် နေပါတယ်” ဟု ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအန်ထော်နီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဗဟို အစိုးရနှင့် ပြည်နယ် အစိုးရ အာဏာခွဲဝေရေးကို ထောက်ပြ ပြောကြားသည်။

ဗြိတိလျ သံရုံး ဒုတိယ အတွင်းဝန် Joe Fisher က “ဒီနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဖို့က အင်မတန် အရေးကြီး နေပါတယ်” ဟု ပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် နိုင်ငံတ စ်နိုင်ငံ၏ အရေးဖြစ်သဖြင့် ပြည်ပ နိုင်ငံများ အနေဖြင့်လည်း ဒီအပြင်ထက် ပို၍ မပြောလိုကြောင်း ဆိုသည်။

ထွန်းထွန်း၊ စူးရှ

Copy from - The Myanma Age

0 comments: