ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခု ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားရာ သေဆုံးသူ အနည်းဆုံး ၄၅ ဦး ရှိကြောင်း သိရသည်။ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
"မနေ့ညနေ ၃ နာရီလောက်မှာ မီးစလောင်တယ်။ မြန်မာဒုက္ခသည်စခန်းပါ။ အမှတ် ၂ ကရင်နီဒုက္ခသည်စခန်း လို့လည်းခေါ်တယ်။ နောက်ဆုံးရရှိတဲ့သတင်းအရ သေဆုံးသူ အားလုံး ၄၅ ဦးဖြစ်တယ်။ ဒါတောင် မကုန်သေးဘူး။ အလောင်းတွေ လိုက်ရှာနေတုံးပဲ” ဟု ဒုက္ခသည် စခန်းအနီးနေထိုင်သည့် ထိုင်းအစိုးရ ၀န်ထမ်းတဦးက ဧရာဝတီကို ပြောသည်။

ထိုစခန်းတွင် ဒုက္ခသည် တသောင်းခန့် နေထိုင်ပြီး မီးလောင်မှုကြောင့် အမှတ် ၁ ၊ အမှတ် ၄ စသည့် ရပ်ကွက်တို့မှ အိမ်ခြေ ၄၀၀ ကျော် မီးထဲပါသွားသည်ဟုလည်း ၎င်းကဖြည့်စွက် ပြောကြားသည်။
ညလုံးပေါက်နီးပါး လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းသည့် ရုပ်အလောင်းများကို ဆက်လက် ရှာဖွေနေကြောင်း သိရှိရသည်။မီးဘေးဒုက္ခသည်များကို ဒေသခံ ထိုင်းအာဏာပိုင်အဖွဲ့၊ NGO များက ကူညီနေသည်ဟု ဒုက္ခသည်အရေးဆောင်ရွက်နေသည့် ထိုင်းဝန်ထမ်းတဦးကပြောသည်။
ထိုစခန်းသည် ကယားပြည်နယ်အနီး တည်ရှိပြီး မြန်မာပြည်မှ စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံနေထိုင်လျက်ရှိသည်။
ပြည်တော်မြင့်

သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment