Friday, March 15, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မရှင်၊ ကော်မတီများ ဖွဲ့စည်းရေးအဆို သဘောတူ

သူရဦးအေးမြင့်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီနဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က သဘောတူလိုက်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးထဲမှာ ၀က်လက်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး မြစ်ကြီးနား မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။

သူရဦးအေးမြင့်က “ဒါကတော့ အခုလက်ရှိလက်ခံကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တချို့နေရာလေးတွေမှာ ပြင်သင့်တယ်ဆိုတဲ့ အနေအထားလေးတွေ ပြည်သူဆီက တော်တော် များများ ကြားနေရပါတယ်။ ကျနော်တို့က ပြင်မယ်ဆိုရင်လည်း သေသေချာချာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တရပ်ရပ် အထူးသဖြင့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းပြင်ဆင် သင့်တယ် ဆိုပြီး ကော်မတီ၊ ကော်မရှင်ဖွဲ့ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး သူရဦးအေးမြင့်က အခုလို ပြောပါတယ်။

“ပါတီအနေနဲ့လည်း ပြည်သူတွေနဲ့ တိုင်းရင်းသားတွေရဲ့ဆန္ဒသဘောထားတွေကိုကြိုဆိုပြီး နားစွင့်နေပါတယ်။ နားစွင့်နေတဲ့အခါ တိုင်းရင်းသားတွေဘက်ကရော၊ ပြည်သူတွေဘက်ကရော တချို့သောအခြေခံဥပဒေထဲက အချက်အလက်တွေဟာ ခေတ်နဲ့အချိန်အခါနဲ့ မကိုက်ညီတာတွေရှိတယ်ဆိုတဲ့ တော်တော်များများလေး ဆွေးနွေးပြောကြားတာကြားရတယ်။ ဒါတွေဟာလည်း အခြေအနေအချိန်အခါအရ တခြားအခြေခံဥပဒေတွေလည်း ဒီလိုပဲ ပြင်ဆင်ပြောင်းလဲနေတာတွေ ရှိတဲ့အတွက် ကျနော်တို့ဆီမှာလည်း လုပ်သင့်တယ်လို့ ယူဆပြီး လုပ်တာပါ။”

ဒီအဆို အောင်မြင်ဖို့ လွှတ်တော်ရဲ့ နှစ်ရပ်ရဲ့ ဗဟိုဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် အတည်ပြုရမှာ ဖြစ်ပါတယ်။

ဒီအဆိုအောင်မြင်သွားရင် ပြည်သူတွေ လိုလားတဲ့ နိုင်ငံတော်ကို အကျိုးပြုမယ့်၊ ကာကွယ်စောင့်ရှောက်မယ့် ပြည့်စုံတဲ့ အခြေခံဥပဒေတရပ် ပေါ်ပေါက်လာလာမှာဖြစ်ပြီး တိုင်းရင်းသားရေးရာကိစ္စတွေလည်း ပိုကောင်းလာမယ်လို့ သူရ ဦးအေးမြင့်က ပြောပါတယ်။

Copy from - DVB

0 comments: